သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု လူ့အခွင့်ချိုးဖောက်ခြင်းဖြစ်ဟု ကုလအတွင်းရေးမှူးချုပ်ပြော


အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေအပေါ် အကြမ်းဖက်မှုဟာ အခြေခံလူ့အခွင့်အရေးကို ချိုးဖောက်ရာ ရောက်စေယုံတင်မကဘဲ လူ့ကျင့်ဝတ် သိက္ခာအရ စော်ကားရာရောက်စေပြီး လူ့အသိုင်းဝိုင်းအတွင်း ရှက်စရာကောင်းတဲ့ လုပ်ရပ်ဖြစ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က ပြောကြားလိုက်ပြီး ဒီ အန္တရာယ်ဆိုးကြီးကို အမြစ်ပြတ်အောင် တွန်းလှန် တိုက်ထုတ်ကြဖို့ ဆော်သြလိုက်ပါတယ်။

အဲဒီလို အကြမ်းဖက် လုပ်ရပ်တွေဟာ အားလုံးတန်းတူညီမျှရှိပြီး ရေရှည်တည်တန့်တဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို တည်ဆောက်မှုတွေအတွက် အဓိက အဟန့်အတားဖြစ်တယ်လို့လည်း အတွင်းရေးမှူးချုပ် Guterres က တနင်္ဂနွေနေ့က ကျရောက်တဲ့ နိုင်ငံတကာအမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့အတွက် ပေးပို့တဲ့ သဝဏ်လွှာမှာ ရေးသားထားပါတယ်။

အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေအပေါ် ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေဟာ ထောက်ထား ညှာတာမှု ကင်းမဲ့ရာကို ပြသခြင်း ဖြစ်သလို၊ အမျိုးသားတွေက အမျိုးသမီးတွေနဲ့ တန်းတူဖြစ်တယ်ဆိုတဲ့ မွေးရာပါ အခွင့်အရေးကို အသိအမှတ်ပြုဖို့ ပျက်ကွက်ရာရောက်ကြောင်း၊ ဒါဟာ လူမှုအသိုင်းဝိုင်းအတွင်း အာဏာနဲ့ ချုပ်ကိုင်မှုဆိုတဲ့ ကျယ်ပြန့်တဲ့ကိစ္စရပ်တွေနဲ့လည်း ဆက်နွယ်နေကြောင်း အတွင်းရေးမှူးချုပ် Guterres က ပြောပါတယ်။

အကြမ်းဖက်မှုဆိုတာမှာလည်း - အိမ်တွင်းအကြမ်းဖက်မှုကနေ လူမှောင်ခိုကူးတဲ့အထိ ရှိနိုင်သလို၊ ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေက လိင်ပိုင်းဆိုင်ရာ စော်ကားမှုကနေ အသက်မပြည့်ခင် ထိမ်းမြား လက်ထပ်ပေးတဲ့ကိစ္စလည်း ပါဝင်နိုင်ပြီး၊ လိင်အင်္ဂါအစိတ်အပိုင်း ဖြတ်တောက် ပြစ်တာကနေ မွေးဖွားလာတဲ့ သမီးမိန်းခလေးကို သတ်ဖြတ်ပြစ်တာမျိုးလည်း ဖြစ်နိုင်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

နိုင်ငံတကာအမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့အတွက် ကုလသမဂ္ဂနဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေ ဖြစ်ကြတဲ့ UNDP ၊ UNICEF ၊ UN WOMEN နဲ့ UNFPA အဖွဲ့တွေက ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့သလို ဥရောပကောင်စီကလည်း သီးခြား ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

လိင်ပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံတဲ့ အကြမ်းဖက်မှုတွေကို ဆန့်ကျင် ဆန္ဒပြပွဲတွေ ဥရောပ တလွှားမှာ မနေ့ စနေနေ့က ကျင်းပခဲ့ကြပြီး လူပေါင်း သောင်းနဲ့ချီ တက်ရောက်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာလည်း အမျိုးသမီးအခွင့်အရေး ချိုးဖောက်ခံနေရတာတွေ၊ အိမ်တွင်းအကြမ်းဖက်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ပပျောက်ရေး ဥပဒေကြောင်းအရ ထိထိရောက်ရောက် အကာအကွယ်ပေးပါလို့ အမျိုးသမီးရေးလှုပ်ရှားသူတွေက တောင်းဆိုလိုက်ကြပြီး နိုဝင်ဘာ ၂၅ ရက်၊ တနင်္ဂနွေနေ့ကစလို့ (၁၆) ရက်တာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး လှုပ်ရှားမှုကို နိုင်ငံတဝှမ်း အမျိုးသမီးရေး လှုပ်ရှားသူတွေက ဦးဆောင် ကျင်းပနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG