သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူမှုဖူလုံရေး အာမခံမရှိသူတွေ ကိုဗစ်ကာလ အစိုးရထောက်ပံ့မှုရဖို့ အခက်တွေ့


ရန်ကုန်မြို့ရှိ လမ်းတခုကို လူကူးမျဉ်းကြားကနေ လမ်းဖြတ်ကူးနေတဲ့ လူတချို့။ (ဇွန် ၁၄၊ ၂၀၂၀)
ရန်ကုန်မြို့ရှိ လမ်းတခုကို လူကူးမျဉ်းကြားကနေ လမ်းဖြတ်ကူးနေတဲ့ လူတချို့။ (ဇွန် ၁၄၊ ၂၀၂၀)

[Zawgyi/Unicode]

ကိုဗစ်ကပ်ရောဂါကာလမှာ လူမှုဖူလုံရေး အာမခံချက်မရှိတာကြောင့် အခက်ကြုံနေရတဲ့ အလုပ်သမားတွေ အစိုးရရဲ့ အထောက်အပံ့ရရေး အခက်အခဲတချို့ ရှိနေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပါမယ်။

ကပ်ရောဂါကာလ အိမ်ပြင်မထွက်ဖို့ အမိန့်ထုတ်ထားတဲ့ ရန်ကုန်တိုင်းထဲမှာ စားဝတ်နေရေး အခက်အခဲကြုံနေရတဲ့ အလုပ်သမားတွေထဲမှာ လူမှုဖူလုံရေး အာမခံချက်ရှိတဲ့သူတွေကို လူမှုဖူလုံရေးကြေး ၄၀ ရာခိုင်နှုန်း အလုပ်ရှင်ဘက်က ၆၀ ရာခိုင်နှုန်း ထောက်ပံ့ပေးနေပါတယ်။

ဒါပေမဲ့ လူမှုဖူလုံရေး အာမခံချက်မရှိတဲ့အတွက် အခက်ကြုံနေရတဲ့ သူတွေရှိနေတာကြောင့် ကျပ်ငွေ ဘီလီယံ ၂၀ ကျော်သုံးစွဲပြီး ထောက်ပံ့ပေးဖို့ အစိုးရက ပြင်ဆင်နေပါတယ်။

လူမှုဖူလုံရေးထဲမှာ အကျုံးမဝင်တဲ့ နေ့စား၊ ယာယီ၊ ပုတ်ပြတ်၊ ဆောက်လုပ်ရေးလုပ်သား၊ အနှေးယာဉ်လုပ်သား၊ ကုန်တင်ကုန်ချလုပ်သား၊ ကယ်ရီသမား စတဲ့ အလုပ်သမားတွေကို တစ်ဦးကို ကျပ် ၃၀,၀၀၀ စီ ဒီအောက်တိုဘာလ ဒုတိယပတ်အတွင်းမှာ ထောက်ပံ့နိုင်ဖို့ ရည်ရွယ်ထားခဲ့ပေမဲ့ အခက်အခဲတွေ ကြုံနေရတယ်လို့လည်း မြန်မာနိုင်ငံဆောက်လုပ်ရေးနဲ့ သစ်လုပ်ငန်း အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမင်းမင်းလတ်က ခုလိုပြောပါတယ်။

“ဒီစက်မှုဇုန် ပြင်ပမှာရှိတဲ့ နေ့စား၊ ယာယီ၊ ပုတ်ပြတ်တွေပေါ့၊ နောက် ကျပန်း အလုပ်လုပ်တဲ့သူတွေ ဒီအလုပ်သမား၊ ညီအစ်ကို၊ မောင်နှမတွေကတော့ ဘယ်လိုခေါ်မလဲဆိုတော့ ဘယ်ဌာနဆိုင်ရာမှာ တင်ရမှန်း မသိဘူးဖြစ်နေတယ်... လောလောဆယ်က။ ညွှန်ကြားချက်ကမရှိသေးတော့ မြို့နယ် ဌာနဆိုင်ရာတွေမှာ သွားရောက်တင်ကြပေမဲ့ ညွှန်ကြားချက်က ဘာမှ ထပ်ပြီးတော့ မထွက်ထားတဲ့အခါကျတော့ ဒီမြို့နယ်ရုံးတွေကလည်း ဥပမာ အလုပ်သမားဦးစီးရုံးသော်လည်းကောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသော်လည်းကောင်း သွားတင်ရင်တောင်မှ ညွှန်ကြားချက်မရှိတဲ့အတွက် လက်ခံထားခြင်း မရှိဘူးပေါ့နော်။ အဲ့ဒါကတော့ လက်ရှိ အနေအထားပါ။ ကျနော်တို့က အောက်တိုဘာလ ဒုတိယပတ်လောက်မှာ စလို့ရအောင်တော့ ဆွေးနွေးညှိနှိုင်းခဲ့တာပေါ့နော်။ ဒါပေမဲ့ ခုချိန်ထိတော့ ဘယ်နေမှာ စတင်ပြီး ပေးမယ်ဆိုတာတော့လည်း မကြေညာသေးပါဘူး။ နောက်တစ်ခုက ဒီနေရာမှာ တင်လို့မရရင် ဘယ်နေရာမှာ တင်လို့ရမယ်ဆိုတာမျိုးတော့ မထွက်လာသေးဘူးပေါ့နော်၊ ဒါကိုတော့ ကျနော်တို့က CTUM အနေနဲ့လည်း ဝန်ကြီးဌာနကို ဒါကို(ညွှန်ကြားချက်) ထွက်ပေးဖို့ကို တောင်းဆိုထားတာရှိပါတယ်။ စာလည်းတင်ထားပါတယ် ကျနော်တို့။”

လက်ရှိ အခက်အခဲဖြစ်နေကြတဲ့ လုပ်သားတွေအတွက် ထောက်ပံ့ကြေးကိုမြန်မြန်ပေးနိုင်အောင် ဆောင်ရွက်ဖို့ လိုတဲ့အကြောင်း ဦးမင်းမင်းလတ်ကို ခုလိုပြောပါတယ်။

“ဥပမာ လှိုင်သာယာမှာဆိုလို့ရှိရင်တော့ ကျနော် စည်းရုံးရေးမှူးကနေတဆင့် ကျနော့်ဆီကို ရောက်တာက ၂,၀၀၀ ဝန်းကျင်လောက်ရှိတယ်။ ဒါသူတို့ စာရင်းတင်ဖို့ပေါ့နှော် အခက်အခဲဖြစ်နေတာ။ ရွှေပြည်သာမှာဆိုရင် ၁,၀၀၀ ဝန်းကျင်လောက်ရှိတယ်။ ဒဂုံဆိပ်ကမ်းမှာဆိုရင်လည်း ၁,၀၀၀ ကျော် လောက်ရှိတယ်။ ဒါ လက်ရှိ အနေအထားပေါ့နော်။ ပြောရလို့ရှိရင် ဆောက်လုပ်ရေးကဏ္ဍတစ်ခုတည်းတောင်မှ ၅၀၀,၀၀၀ ဝန်းကျင် လောက်ရှိတယ်။ ရန်ကုန်တိုင်းတစ်တိုင်းတည်းမှာတောင်မှ အဲ့လူတွေကလည်း လက်ရှိမှာ အလွန်ဒုက္ခရောက်နေကြပါတယ်။ နောက် ဒီ ၃၀,၀၀၀ ဆိုတဲ့ ငွေပမာဏက အရမ်းကြီး မများဘူးဆိုပေမဲ့ သူတို့အတွက် ဘာပဲဖြစ်ဖြစ် တစ်ထောင့် တစ်နေရာက အထောက်အပံ့လေးဖြစ်မှာဖြစ်တဲ့အတွက် အလုပ်သမားတိုင်းကလည်း ဒါကို မျှော်လင့်ကြတယ်ပေါ့နော်။ ကူရာမဲ့ဖြစ်နေတာကို ရန်ကုန် တိုင်းအစိုးရအနေနဲ့ ဒါကို တစ်ခုခုပေါ့ ဆုံးဖြတ်ပြီးတော့ ဒါကို ဘယ်ဌာနကို ဒီလူတွေအတွက်ကို တာဝန်ပေးမလဲ၊ ဘယ်ဌာနကို သွားတင်ခိုင်းမလဲ။ ဒါကိုလည်း အမြန်ဆုံး အကောင်အထည်ဖော်စေချင်ပါတယ်။”

ကိုဗစ်ကပ်ရောဂါကာလအတွင်းမှာ အလုပ်သမားတွေရဲ့ လူမှုဖူလုံရေး ထောက်ပံ့ငွေကို တိုးမြင့်ပေးနိုင်ဖို့အတွက်ကိုလည်း ပြန်လည် သုံးသပ်ပေးမယ်လို့ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေကအောက်တိုဘာ ၈ ရက်နေ့က ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ ပြောခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]

လူမှုဖူလုံရေးအာမခံမရှိသူတှေ ကိုဗဈကာလ အစိုးရထောကျပံ့မှုရဖို့ အခကျတှေ့









XS
SM
MD
LG