သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ဖုယွင်အလုပ်သမားသပိတ် ရုန်းရင်းဆန်ခတ်မှု လူ၂၀ကျော် ဒဏ်ရာရ


ဖုယွင်အလုပ်ရုံရှေ့ (တင်ထွဋ် ပိုင်)

ဒဂုံဆိပ်ကမ်း စက်မှုဇုံ ဖုယွင်အထည်ချုပ်စက်ရုံမှာ သပိတ်မှောက်နေတဲ့ အလုပ်သမားတွေနဲ့ စက်ရုံဘက်ကလူတွေ ဒီနေ့မနက် ၂ ဖက် ရုန်းရင်း ဆန်ခတ်ဖြစ်ပြီး သပိတ်မှောက်သူတွေကို ရိုက်နှက်လို့ အလုပ်သမား ၂၀ ကျော် ဒဏ်ရာရခဲ့ပြီး ၄ ဦးကို အရေးပေါ် ကုသထားရပါတယ်။ အလုပ်သမားအရေး ဖြေရှင်းပေးဖို့ သွားရောက် တောင်းဆိုရာကနေ သပိတ်မှောက် အလုပ်သမားတွေနဲ့ စက်ရုံဘက်က လူတွေ ပဋိပက္ခဖြစ်ပွားခဲ့တဲ့အကြောင်း သပိတ်မှောက် အလုပ်သမားတွေက ပြောပါတယ်။ ဒီအကြောင်းကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။

အလုပ်သမားအရေးဖြေရှင်းပေးဖို့ သွားရောက်တောင်းဆိုရာကနေ ဖုယွင်အထည်ချုပ်စက်ရုံက သပိတ်မှောက် အလုပ်သမားတွေနဲ့ စက်ရုံဘက်က ငှားထားတဲ့လူတွေ ပဋိပက္ခဖြစ်ပွားခဲ့တဲ့ အကြောင်း သပိတ်မှောက် အလုပ်သမားတွေက ပြောပါတယ်။ အလုပ်သမား ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အလုပ်သမားတွေကို ရိုက်နှက်ခဲ့တဲ့သူတွေကို ဖမ်းပေးဖို့ ရပ်ကွက်နေပြည်သူတွေကတောင်းဆိုတာ ကြောင့် ရဲနဲ့ထိပ်တိုက်တွေ့ပြီး ရပ်ကွက်ထဲက လူ ၃ ယောက် ထပ်မံ အဖမ်းခံခဲ့ရပါတယ်။

အလုပ်သမားသပိတ်ကို ကူညီနေတဲ့ ကိုတင်ထွဋ်ပိုင်က အခုလိုပြောပါတယ်။

"ကျွန်တော်တို့ ဖုယွင်အလုပ်သမားသပိတ်က ရက်ပေါင်း ၅၆ ရက်ရှိသွားတဲ့အတွက် သပိတ်အရှိန်မြှင့် တဲ့အနေနဲ့ အနောက်ဘက် ဖောက်ထားတဲ့အပေါက်ကို ပိတ်ပြီးတော့ သပိတ်တားတယ်ပေါ့ဗျာ။ စက်ရုံ အလုပ်သမားနဲ့ အလုပ်ရှင်နဲ့ဖြစ်တဲ့ပြသာနာမှာ အလုပ်ရှင်ကနေ သူတို့ငှားရမ်းထားတဲ့ လူမိုက်တွေက နေပြီးတော့ အလုပ်သမားတွေကို မနက်ပိုင်းမှာ ၀င်ရိုက်သွားတယ်။ အဲ့ဖြစ်စဉ်အပေါ်ကို ရပ်ကွက်နေ ပြည်သူတွေက မခံမရပ်နိုင်ဖြစ်ကြတယ်။ မခံမရပ်နိုင်ဖြစ်ကြပြီးတော့ စက်ရုံကို အုတ်ခဲတွေနဲ့ထု အဲ့လူ မိုက်တွေ ထုတ်ပေးဘာညာ ဆိုပြီး ဖြစ်လာတယ်။ လူမိုက်တွေအကုန်လုံးက စက်ရုံထဲမှာ ၀င်ပုန်းနေ တယ် အခြေအနေက လူမိုက်တွေကို ထုတ်ပေး ဘာညာဖြစ်လာပြီးနောက်ပိုင်းမှာ တဖြေးဖြေးနဲ့ ရဲအင်အားက ပဋိပက္ခကို ဖြေရှင်းပေးခြင်းမရှိဘဲနဲ့ တရားစွဲပေါ့။ တရားစွဲရင် လူတွေကို ဖမ်းပေးမယ် ပြောတယ်။ တကယ်တမ်း တရားသွားစွဲကော တရားစွဲခွင့်မပေးဘူး။ မပေးတဲ့အပေါ်မှာ ရပ်ကွက်နေ ပြည်သူတွေက မကျေနပ်တော့ဘဲနဲ့ ရဲနဲ့ထိပ်တိုက်တွေ့တဲ့ အခြေအနေမျိုးတွေ ဖြစ်လာတယ်။ ဖြစ်လာတဲ့အချိန်မှာ ခုနတုန်းကတော့ လွန်ခဲ့တဲ့ ၁၅ မိနစ် မိနစ် ၂၀ လောက်က ဖြစ်စဉ်ကတော့ ရပ်ကွက်နေ ပြည်သူ ၃ ဦး ယောက်ကျားလေး ၃ ဦးကို ရဲက သေနတ်ဒင်တွေနဲ့ ၀ိုင်းထုပြီးတော့ ဖမ်းဆီးသွားတယ်။ ရဲကားပေါ်မှာလည်း အရမ်းထိုးကြိတ်ထားတယ်။ ထိုးကြိတ်ထားတဲ့ ဒဏ်ရာတွေ ကျွန်တော်တို့ တွေ့ရတယ်။ အခုအခြေအနေကတော့ ရဲနဲ့ ပြည်သူနဲ့ ပဋိပက္ခ အခြေအနေမျိုး ပြောင်းသွားတယ်။ ပြောင်းသွားပြီးတော့ ရဲတပ်ဖွဲ့က သေနတ် ဒင်တွေနဲ့ ထုပြီး လူ ၃ ဦးကို ဖမ်းဆီး သွားတယ်။ ရပ်ကွက်နေပြည်သူက လုံးဝ လက်မခံနိုင်ဘူး။ ရဲနဲ့ထိပ်တိုက်တွေ့နေတယ်။ လူတွေ အားလုံးခေါ်နေတဲ့ ချစ်သူလမ်းကြားလို့ စက်မှုဇုန်ဘေးလမ်းထဲမှာ ရဲနဲ့ပြည်သူနဲ့ ပဋိပက္ခဖြစ်နေတဲ့ အခြေအနေ"

ဒီနေ့မနက် ၈ နာရီလောက်မှာ စက်ရုံဘက်က ဖွင့်ထားတဲ့ ဂိတ်ပေါက်မှာ သပိတ်မှောက်သူတွေက အလုပ်သမားအရေး ဖြေရှင်းပေးဖို့ တောင်းဆိုရင်း ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး အလုပ်သမားတွေကို စက်ရုံဘက်ကလူတွေက ရိုက်နှက်ခဲ့တဲ့အကြောင်း ဖုယွင် အလုပ်သမားသမဂ္ဂ ဥက္ကဌ မသက်ထားဆွေက အခုလိုပြောပါတယ်။

"အလုပ်ရှင်ဖွင့်ထားတဲ့ အနောက်ပေါက်ကို သပိတ်လာတားတာပေါ့။ ဒီဘက်က သပိတ်မှောက် အလုပ်သမား အယောက် ၃၀က သပိတ်လာတားတယ်။ သပိတ်လာတားတဲ့အချိန်မှာ အဲ့အပေါက်ကိုရောက်တော့ ထိုင်လိုက် တယ်။ ထိုင်ပြီးသွားတော့ အလုပ်ရှင်ငှားထားတဲ့ လူမိုက်တွေက ဘာမှ မလုပ်ဘဲ ထိုင်နေကြတယ်။ အလုပ်ရှင် ဘက်က မန်နေဂျာက ရောက်လာတော့ အလုပ်သမားတွေကို စုတယ်။ စုပြီးသွားတော့ မန်နေဂျာက အရင်ဝင်တိုးတယ်။ အရှေ့က ၀င်တိုးတဲ့အချိန်မှာ အဲ့လူမိုက်တွေက ဓားတွေတုတ်တွေနဲ့ တားနေတဲ့ အလုပ်သမားတွေကို ၀င်ပြီးရိုက်လို့ ပြသာနာတွေ ရုန်းရင်းဆန်ခတ်ဖြစ်ပြီးတော့ ဒဏ်ရာရတဲ့သူတွေကို စံပြ ဆေးရုံမှာ တင်ထားရတယ်။ အရေးပေါ်တင်ထားရတဲ့ သူတွေလည်းရှိတယ်။"

ရုန်းရင်းဆန်ခတ် ဖြစ်ပွားတဲ့အတွက် ၂၉ ဦးကို စံပြဆေးရုံတင်ပို့ထားရပြီး ၄ ဦးကိုတော့ အရေးပေါ်ဌာနမှာ ကုသနေရပါတယ်။အလုပ်သမားတွေရဲ့ ဒဏ်ရာရရှိတဲ့ အခြေအနေကို သပိတ်မှာကူညီပေးနေတဲ့ တင်ထွဋ်ပိုင်ကတော့

"၂၉ ဦးဟာ စံပြဆေးရုံမှာ ဆေးရုံတင်ထားရတဲ့အခြေအနေ ဆေးရုံရောက်နေတဲ့ အခြေအနေပေါ့။ ၄ ဦးက ဆေးရုံ အရေးပေါ်ဌာနမှာ တင်ထားရတယ်။ အဲ့ ၄ ဦးက ထိခိုက်ဒဏ်ရာပြင်းထန်တယ်။ ခေါင်းကွဲသွားတာတို့ ဘာတို့ဖြစ်တယ်။ နောက်ထပ် ကျန်တဲ့ ၅၀ ပတ်ဝန်းကျင်ကတော့ လက်တွေ ခြေထောက်တွေကွဲတာ လက်တွေ ကွဲတာတို့ ပေါက်တာ ပြဲတာတို့ အသေးစားလေးတွေတော့ ရှိတယ်။ အဲ့ဒါကတော့ သပိတ်ထဲမှာရှိတယ်။ အဲ့လူတွေကိုတော့ သပိတ်မှာရှိတဲ့ ဆေးမှီတိုတွေနဲ့ လုပ်ထားပေးရတာရှိတယ်။ လိုအပ်တဲ့လူ ၂၉ ဦးကတော့ ဆေးရုံတင်ထားရတဲ့ အခြေအနေ ဒါကမနက်ပိုင်း ဖြစ်သွားတဲ့ အခြေအနေ။"

စက်ရုံမှာ အလုပ်လုပ်တဲ့ အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေနဲ့ အဖွဲ့ဝင် အလုပ်သမား ၃၀ ကို အလုပ်ထုတ်ခံခဲ့ရလို့ စတင် ဆန္ဒထုတ်ဖော်ရာကနေ သြဂုတ် ၂၁ ရက်နေ့ကတည်းက စတင်သပိတ်မှောက်ခဲ့တာဖြစ်ပါတယ်။ ဒီနေ့ဆိုရင် သပိတ်မှောက်တာ ရက်ပေါင်း ၅၆ ရက်ရှိနေပြီဖြစ်ပါတယ်။

အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေနဲ့ စက်ရုံတာဝန်ရှိသူတွေကို မြို့နယ် အလုပ်သမားဖျန်ဖြေရေးရုံးမှာ ၅ ကြိမ်အထိ တွေ့ဆုံညှိနှိုင်းခဲ့ပြီး အလုပ်ထုတ်ခံရသူတွေကို အလုပ်ပြန်ခန့်ဖို့ ဆုံးဖြတ်ခဲ့ပေမယ့် စက်ရုံတာဝန်ရှိ သူတွေက ငြင်းဆိုခဲ့ပါတယ်။

စက်တင်ဘာလ နောက်ဆုံးပတ်ကလည်း ဖုယွင် အထည်ချုပ်စက်ရုံက အလုပ်သမားတွေနဲ့ တခြား အထည်ချုပ်စက်ရုံ ၅ ရုံက အလုပ်သမား ၃၀၀ လောက် လှိုင်သာယာမြို့ထဲမှာ လှည့်လည်ပြီး အလုပ်ရှင်နဲ့ အလုပ်သမားအကြား အငြင်းပွားမှု ပဋိပက္ခတွေ အမြန်ဆုံး ဖြေရှင်းပေးဖို့နဲ့ လုပ်ခလစာ မရရှိတွေကို ဖြေရှင်းပေးဖို့ ဆန္ဒပြခဲ့ကြပါတယ်။

မနေ့ အောက်တိုဘာ ၁၄ ရက် မနက်ပိုင်းကတော့ သပိတ်မှောက် အလုပ်သမားတွေဟာ အလုပ်သမားအခွင့်အရေး ကာကွယ်ပေးဖို့ အသင်းအဖွဲ့တွေ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရရှိဖို့ဆိုတဲ့ အချက်တွေကို ရန်ကုန်မြို့တော် ခန်းမရှေ့မှာ တောင်းဆို ဆန္ဒပြခဲ့ကြပါသေးတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG