သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူကုန်ကူးမှုဆိုင်ရာ အမေရိကန်အစီရင်ခံစာ မြန်မာကြိုဆို


မြန်မာနိုင်ငံရဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ငန်းတွေမှာ အစိုးရဘက်က အားစိုက်ဆောင်ရွက်လာမှုတွေ ရှိတယ်လို့ ထောက်ပြပြီး အမေရိကန် အစိုးရက အဆင့်တိုးမြှင့်ပေးလိုက်တဲ့ အပေါ် မြန်မာ အစိုးရဘက်က ကြိုဆိုပါတယ်။ မြန်မာ ရွှေ့ပြောင်းအများစု သွားရောက်ရာ ထိုင်းနဲ့ တရုတ်နိုင်ငံတွေဘက်မှာတော့ ရောင်းစားခံရ၊ အတင်းအဓမ္မ ကျွန်ပြုခံရမှုတွေ နောက် လိင်ကုန်ကူးခံရမှုတွေ၊ အတင်းအဓမ္မ လက်ထပ်ခိုင်းမှုတွေကတော့ ပုံမှန်ရှိနေဆဲ ဖြစ်ပြီး မြန်မာအစိုးရဘက်က ပိုပြီး အားစိုက် ဆောင်ရွက်ဖို့ လိုအပ်နေသေးတယ်လို့ လူကုန်ကူးမှု အခြေအနေ စောင့်ကြည့် ကူညီသူတွေက ထောက်ပြပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ နှစ်စဉ် လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံကို စောင့်ကြည့်နိုင်ငံအဖြစ် အဆင့်တိုးပေး လိုက်ပါတယ်။ ကလေးစစ်သားတွေ ပြန်လွှတ်ပေးတာ၊ နောက် အစိုးရတာဝန်ရှိသူတွေထဲမှာ လူကုန်ကူးမှု တိုက်ဖျက်ရေး အတွက် ပီပီပြင်ပြင် ဆောင်ရွက်လာသူတွေ ရှိတာကြောင့်လို့ ထောက်ပြပြီး အခုလို အဆင့်တိုးပေးတာပါ။ အခုလို အဆင့်တိုးပေးတဲ့ အပေါ် မြန်မာနိုင်ငံ အနေနဲ့ ကြိုဆိုတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။

“ မြန်မာနိုင်ငံ အနေနဲ့ ၁၉၉၇ ခုနှစ်က စပြီးတော့ လူကုန်ကူးမှု တားဆီးကာကွယ်ရေးနဲ့ နှိမ်နင်းရေး ဒါတွေကို ၅ နှစ် စီမံကိန်း၊ ၅ နှစ် စီမံကိန်းနဲ့ လုပ်ဆောင်လာတာတွေ ရှိတယ်ပေါ့နော်။ အဲဒီ အပေါ်မှာ နိုင်ငံတကာ အနေနဲ့ပေါ့ အသိအမှတ်ပြုပြီးတော့ ဒီဆောင်ရွက်ချက်တွေ ပိုကောင်းမွန်လာအောင် အရှိန်အဟုန် မြင့်မားလာအောင် တွန်းအားပေးမှုတွေ အသိအမှတ်ပြုမှုတွေ လုပ်ဖို့ လိုတယ်လို့ ကျနော်တို့က မြင်ပါတယ်။ ဘာပဲ ပြောပြော ဒီ Report မှာ ကျနော်တို့ကို Tier – 2 Watch List ထဲ ပြန်ပြီးတော့ မူလနေရာ မူလ အဆင့်ကို ပြန်ရောက်တဲ့ အတွက် ဘာပဲ ပြောပြော ဒါ ကျနော်တို့ရဲ့ ဆောင်ရွက်ချက်တွေကို အသိအမှတ်ပြုတယ်၊ ကျနော်တို့ရဲ့ ဆောင်ရွက်ချက်တွေကနေ တိုးတက်မှု ရှိနေတယ် ဆိုတာကို ပြသတယ်လို့ ကျနော်တို့က ယုံကြည်ပါတယ်။ ”

လူကုန်ကူးမှု တိုက်ဖျက်ရေးမှာ လုံး၀ ပူးပေါင်းဆောင်ရွက်မှု မရှိတဲ့ နိုင်ငံ အဆင့်ကနေ လူကုန်ကူးမှု တိုက်ဖျက်ရေး အဆင့် -၂ စောင့်ကြည့်ခံ အဆင့်ကို တိုးလာခဲ့ မြန်မာနိုင်ငံ အနေနဲ့ကတော့ လက်နက်ကိုင် တပ်ဖွဲ့တွေမှာ ကလေးစစ်သားတွေ အသုံးပြုမှု၊ ကလေးစစ်သား စုဆောင်းသူ အာဏာပိုင်တွေကို ထိထိရောက်ရောက် အရေးယူနိုင်ဖို့၊ နောက် အများစု ထိုင်းနဲ့ တရုတ် နိုင်ငံတို့ အပြင် တခြား ပြည်ပ နိုင်ငံတွေမှာ မြန်မာနိုင်ငံသားတွေ ရောင်းစား၊ ကျွန်ပြု၊ လိင်ကျွန်တွေ အဖြစ် ခိုင်းစေခံရမှုတွေကို တိုက်ဖျက်နိုင်ရေး ဆောင်ရွက်ဖို့လည်း အမေရိကန်က တိုက်တွန်းထားပါတယ်။

စစ်ပွဲတွေ၊ ဆင်းရဲမွဲတွေမှုတွေကြောင့် အိမ်နီးချင်း တရုတ်ဘက်ကို သွားရောက် အလုပ်လုပ်ကိုင်တဲ့ မြန်မာနိုင်ငံသား အရေအတွက်က တိုးလာနေပြီး ရောင်းစားခံရမှု၊ အတင်းအဓမ္မ လက်ထပ်ခိုင်းစေခံရမှုတွေ ပုံမှန်ရှိနေတယ်လို့ တရုတ် မြန်မာ နယ်စပ် လူကုန်ကူးမှု အခြေအနေ စောင့်ကြည့် ပညာပေးနေတဲ့ ကချင်အမျိုးသမီးများ အစည်းအရုံး ထိုင်းနိုင်ငံရဲ့ တွဲဖက် အတွင်းရေးမှူး ဒေါ်ဘောက်ဂျာက ပြောပါတယ်။

“Migration တွေလည်းအရမ်းများလာပြီ ၊ များလာတဲ့အချိန်မှာ တချို့ ဒီအသိအမြင်မရှိတဲ့ လူတွေပေါ့နော် ပိုပြီးမှ ဟိုဘက်မှာ Force Labor တို့ရှိတယ်ပေါ့ ၊ မသိတဲ့လူတွေပိုခံရတာပေါ့နော် ဥပမာ ရောင်းစားခံရတာတို့ဆိုရင် တရုတ်ရဲတွေကိုဘယ်လို ဆက်သွယ်ရမယ်ဆိုတဲ့ ဖုန်းနံပတ်တွေသိရင်တော့ သူတို့ပြန်လွှတ်မြောက်လာနိုင်ဖို့ လမ်းရှိတယ်ပေါ့နော်။ အဲဒါကြောင့် Awareness တွေတော့ ပိုလုပ်ရဦးမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့နိုင်ငံမှာလည်းဒီ လုပ်ငန်းတွေလည်းရှားပါတယ်ဆိုတော့ ဟိုဘက်မှာ ပိုပြီးတော့များလာတယ်၊ တရုတ်ဘက်ကို သွားပြီးတော့ အလုပ်လုပ်သွားလုပ်တဲ့ဟာတွေပေါ့နော်။”

လူကုန်ကူးခံရသူတွေကို ပြန်လည်ထူထောင်ရေးပိုင်းမှာ ပိုပြီး ဆောင်ရွက်ပေးဖို့ လိုအပ်နေတယ်လို့လည်း ထောက်ပြပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက မနေ့က ထုတ်ပြန်တဲ့ နှစ်ပတ်လည် လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာမှာတော့ တရုတ်နိုင်ငံကို ပူးပေါင်းဆောင်ရွက်မှု မရှိဆုံး နိုင်ငံ အဖြစ် သတ်မှတ်ထားတာပါ။

အလုပ်အကိုင် အခွင့်အလမ်းအတွက် ထိုင်းနိုင်ငံတွင်း ရွှေ့ပြောင်းကြတဲ့ မြန်မာနိုင်ငံသား အရေအတွက်ကလည်း သန်းနဲ့ချီ ရှိနေပြီး ကံမကောင်း အကြောင်းမလှရင်တော့ ရောင်းစားခံရပါတယ်။ ရောင်းစားခံရပြီဆိုတဲ့ သတင်းတွေကို လူမှု အဖွဲ့အစည်းတွေဘက်က သတင်းအချက်အလက်နဲ့ တိုင်ကြားရင်လည်း မြန်မာ အာဏာပိုင်တွေဘက်က လက်လှမ်းမမီတာတွေ၊ ဆောင်ရွက် မပေးနိုင်တာတွေ ရှိနေတယ်လို့ ထိုင်းနိုင်ငံ အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားရေး ဆောင်ရွက်နေတဲ့ ဦးကျော်သောင်းက ပြောပါတယ်။

“ထိုင်းနိုင်ငံတောင်ပိုင်း Khanom ငါးဖမ်းလှေဆိပ်မှာ ကျနော်တို့ လှေတစီးပေါ်မှာ မြန်မာလှေသား ၁၃ ယောက်ကို ဖမ်းဆီးကယ်တင်နိုင်လိုက်တယ်။ လွှတ်မြောက်လာတဲ့ အလုပ်သမားတွေက အဲဒီသူဌေးတဦးမှာပဲ ငါးဖမ်းလှေ ၁၀ စင်းရှိတယ်။အဲဒီအပေါ်မှာ မြန်မာနိုင်ငံသား အနည်းဆုံး ၈၀ ကနေ -၉၀ အထိရှိတယ်။ ဒီအလုပ်သမားတွေဟာ သူတို့ ဒီလိုပဲ လူကျွန်ပြုခြင်းကို ခံနေရတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ အဲဒီအလုပ်သမားတွေ ဖုန်းထဲမှာပါလာတဲ့ ဓါတ်ပုံတွေ အချက်အလက်တွေနဲ့ ကျနော်တို့ ကိုယ်တိုင်သွားမေးမြန်းစဉ်တုန်းက ဓါတ်ပုံတွေကို ပေါင်းပြီးတော့မှ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံကို ကျနော်လိပ်မူပြီးတော့ ရေးပေးတယ်။ အောက်က ကော်ပီ မိတ္တူကူးတာကတော့ လူကုန်တားကို ကျနော်ပို့တယ်။ အဲဒီနေ့က လူကုန်တားက တော်တန်ကြီးမားတဲ့အရာရှိတယောက်က ဘာပြန်ပြောသလဲဆိုတော့ ခင်ဗျားက ဒေါ်အောင်ဆန်းစုကြည်ကိုပေးတော့ ဒေါ်အောင်ဆန်းစုကြည်လုပ်ပါစေပေါ့ ကျနော်တို့မလုပ်ဘူးတဲ့။”

လူကုန်ကူးမှု တိုက်ဖျက်ရေး ဆောင်ရွက်နေသူတွေကတော့ မြန်မာအာဏာပိုင်တွေရဲ့ ဆောင်ရွက်ချက်တွေကို အားမရကြပါဘူး။ မြန်မာ လူကုန်တား တပ်ဖွဲ့ အနေနဲ့ ခေတ်မီနည်းပညာတွေ အသုံးမပြုနိုင်၊ နောက် လူကုန်ကူးမှု တိုက်ဖျက်ရေး အတွက် သုံးစွဲဖို့ လိုအပ်တဲ့ စာရိတ်စကလည်း မလုံလောက်တဲ့ အပြင် လွတ်လွတ်လပ်လပ် ဆောင်ရွက်ခွင့်ကလည်း နည်းနေတယ်လို့ ထောက်ပြကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG