သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်မြို့မှာ လေထုညစ်ညမ်းမှု အဆိုးဆုံးအခြေအနေနဲ့ကြုံ

လေထုညစ်ညမ်းပြီးမှုန်ဝါးနေတဲ့ ရန်ကုန်မြို့ထဲက St Mary's Cathedral ရဲ့မြင်ကွင်း။ (ဖေဖေါ်ဝါရီ ၄၊ ၂၀၂၅)
လေထုညစ်ညမ်းပြီးမှုန်ဝါးနေတဲ့ ရန်ကုန်မြို့ထဲက St Mary's Cathedral ရဲ့မြင်ကွင်း။ (ဖေဖေါ်ဝါရီ ၄၊ ၂၀၂၅)

ရန်ကုန်မြို့မှာ မကြာသေးခင်ကစ လေထုညစ်ညမ်းမှု အဆင့်အတန်းဟာ အဆိုးရွားဆုံးအဆင့်အထိ ရောက်လာနေတယ်လို့ ကျွမ်းကျင်သူတွေက သတိပေးလိုက်ပါတယ်။ လေထုညစ်ညမ်းမှုကြောင့် ကျန်းမာရေးထိခိုက်နိုင်တဲ့အခြေအနေ ရန်ကုန်က သတင်းပေးပို့ထားတာကိုအခြေခံပြီး တင်ပြထားပါတယ်။

ကမ္ဘာ့လေထု အရည်အသွေးတိုင်းတာရေးအဖွဲ့အစည်း (IQAir) ရဲ့ မနေ့က မနက် ၈ နာရီမှာတိုင်းတာတဲ့ AQI ညွှန်းကိန်းအရ ရန်ကုန်မြို့ ရဲ့ လေထုအရည်အသွေးဟာ AQI ညွှန်းကိန်းမှာ (၂၂၆) ရှိနေပြီး ဒါဟာ (၂၀၂၅) ခုနှစ်နှစ်အစမှာပဲ အဆိုးဆုံးနေ့အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

မိုးလေဝသနဲ့ဇလဗေဒဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်းကတော့ လေထုညစ်ညမ်းမှု ဆိုးလာတာနဲ့အမျှ ကျန်းမာရေးထိခိုက်မယ့်အန္တရာယ်ကို သတိထားဖို့လိုတယ်လို့ ပြောပါတယ်။

“ရန်ကုန်လေထုညစ်ညမ်းမှုကိုတိုင်းတာက ကမ္ဘာအေးမှာတခုရှိတယ်။ ဒီတိုင်းတာချက်အရကတော့ ၅၀ နဲ့ ၂၀၀ ကြားရှိတယ်။ ၅၀ နဲ့ ၂၀၀ ကြားဆိုတော့ unhealthy level (ကျန်းမာရေးအတွက် မသင့်လျော်တဲ့ အဆင့်) ပေါ့။ မနက်ပိုင်းဆိုများတယ်။ ပြီးရင် တဖြည်းဖြည်းလျော့သွားတယ်။ ကားအသွားအလာ များတဲ့အချိန်ဆို များတယ်ပေါ့နော်။ ၅၀ နဲ့ ၂၀၀ ကြားဆိုတော့ unhealthy level ပေမယ့် danger level (အန္တရာယ်ရှိတဲ့အဆင့်) မရောက်သေးဘူး။ ကျန်းမာရေးကို ဆိုးဝါးစွာထိခိုက်စေတဲ့အဆင့်မျိုး မဟုတ်ပေမယ့် unhealthy level ဆိုတော့ အဆုတ်ထဲရောက်ရင် အသက်ကြီးရွယ်အိုတွေ၊ ကလေးတွေအတွက်တော့ ကျန်းမာရေးအတွက်မကောင်းတဲ့ Level ပေါ့နော်။ ကျန်းမာရေးကို သက်ရောက်နိုင်တဲ့ Level ဖြစ်နေတယ်။ ဒါပေမယ့်ကျောင်းတွေပိတ်ရလောက်တဲ့အဆင့်လောက်တော့ မဟုတ်သေးဘူး။”

နိုင်ငံတကာ စံသတ်မှတ်ချက်အရ အနီရောင်အဆင့်အထိရောက်ရှိနေတဲ့ ရန်ကုန်မြို့ရဲ့ လေထုညစ်ညမ်းမှုဒဏ်ကို မြို့ခံတွေလည်း သိသိသာသာ ခံစားနေကြရပါတယ်။ ရန်ကုန်မြို့ခံ စက်မှုဇုံ ဝန်ထမ်းတယောက်က သူကြုံနေရတဲ့ လေထုညစ်ညမ်းမှုကို အခုလို ပြောပြပါတယ်။

"Air Pollution တွေ တော်တော်ဖြစ်နေတာ။ ရုံးနားမှာဆို စက်မှုဇုံတွေများတော့ မီးခိုးကြီးတွေနဲ့ ကောင်းကင်က ကြည်ကြည်လင်လင်မမြင်ရဘူး။ အထပ်ထပ်ကြီးတွေဖြစ်နေတယ်။ ရင်ထဲမှာမရှင်းနေဘူး။ အသက်ရှုရတာ။ အဲဒါကြောင့်ဖြစ်နေလဲ၊ ဘာလဲ မသိပေမယ့် မရှင်းနေဘူးပေါ့ အသက်ရှုရတာ။ ရုံးနားက ဒဂုံဘက်မှာဆိုကောင်းကင်ကိုမြင်တောင်မမြင်ရတော့ဘူး။"

စက်ရုံ၊ အလုပ်ရုံတွေကထွက်တဲ့ မီးခိုးတွေသာမက အမှိုက်မီးရှို့တာတွေ၊ စိုက်ပျိုးရေးအတွက် မီးရှို့ ရိတ်သိမ်းတာတွေနဲ့ မီးစက်အသုံးများတာ၊ မော်တော်ယာဉ် အသုံးများတာတွေဟာလည်း လေထု ညစ်ညမ်းမှုကို အားပေးနေတာပါ။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလှုပ်ရှားမှုအဖွဲ့ Environment, Health and Safely Myanmar(EMS)အဖွဲ့က Project Coordinator တဦးဖြစ်တဲ့ မယွန်းနန္ဒာခိုင် ကတော့ လေထုညစ်ညမ်းမှုတွေကို လျှော့ချနိုင်မယ့်နည်းလမ်းတွေ ရှိတယ်လို့ ပြောပါတယ်။

“လေထုညစ်ညမ်းတာကိုလျော့ပါးအောင်လို့ တကိုယ်ရည်လုပ်နိုင်တဲ့အရာတွေကတော့ ကိုယ်ပိုင် ယာဉ်တွေထက် Public Transportation တွေကို ပိုသုံးစွဲတာမျိုး၊ အမှိုက်မီးရှို့တာကို ရှောင်တာမျိုးတွေ လုပ်နိုင်တယ်။ နောက်လေထုထဲရှိတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုစုပ်ယူပေးတဲ့သစ်ပင်တွေကလည်း ဒီလေထုညစ်ညမ်းမှုကို လျော့အောင်လုပ်တဲ့အခါမှာ အရေးပါတဲ့နေရာကနေပါဝင်တယ်။ ဒီတော့ သစ်ပင်တွေစိုက်ဖို့ရှိပြီးသားသစ်ပင်တွေကို မခုတ်ဖို့ တိုက်တွန်းချင်တယ်။ ကျန်းမာရေး ထိခိုက်တာ လျော့နည်းအောင် လုပ်ဖို့ဆိုရင် နံပါတ် ၁ ဆို မလိုအပ်ဘဲအပြင်မထွက်နဲ့ပေါ့နော်။ ထွက်ခဲ့ရင်လည်း N 95 လို တကယ်ကိုထိထိရောက်ရောက်ကာကွယ်နိုင်တဲ့ mask မျိုးတပ်သင့်တယ်။ အိမ်တွေမှာဆို air purifier စက်တွေတပ်တာ။ နောက်အခန်းထဲမှာ လေထုကိုသန့်စင်ပေးတဲ့ Indoor plant တွေစိုက်တာ မျိုး အဲလိုတွေနဲ့ကျန်းမာရေးဆိုင်ရာထိခိုက်မှုတွေကိုကာကွယ်နိုင်ပါတယ်။”

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက အိမ်နီးချင်းထိုင်းနိုင်ငံမှာလည်း လေထုညစ်ညမ်းလို့ ရုံးတွေ ကျောင်းတွေပိတ်ခဲ့ရတဲ့အထိ ကျန်းမာရေးထိခိုက်နိုင်တဲ့ လေထုညစ်ညမ်းခဲ့သလို အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာလည်း လေထုညစ်ညမ်းမှုအန္တရာယ်ကို ရင်ဆိုင်နေရပါတယ်။

ရန်ကုန်မြို့မှာ လေထုညစ်ညမ်းမှု အဆိုးဆုံးအခြေအနေနဲ့ကြုံ
please wait

No media source currently available

0:00 0:03:39 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG