သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တော်လှန်သင်္ကြန်အဖြစ် ဆင်နွှဲကြဖို့ တော်လှန်ရေးအင်အားစုတွေ တိုက်တွန်း


အပျော်သင်္ကြန်မဟုတ် တော်လှန်သင်္ကြန် လို့ ရန်ကုန်လူငယ်များပြသကြ (ယခင်ပုံဟောင်း)
အပျော်သင်္ကြန်မဟုတ် တော်လှန်သင်္ကြန် လို့ ရန်ကုန်လူငယ်များပြသကြ (ယခင်ပုံဟောင်း)


[[Zawgyi/Unicode]]

ရှေ့သီတင်းပတ်မှာကျရောက်လာမယ့် ၂၀၂၂ ခုနှစ် သင်္ကြန်ပွဲတော်ဆင်နွဲဖို့ စစ်ကောင်စီက ပြင်ဆင်နေပါတယ်။ ပြည်သူတချို့ ကတော့ ပျော်စရာမရှိချိန်မို့ သင်္ကြန်ပွဲမှာလည်း ပျော်ဖြစ်မှာမဟုတ်ဘူးလို့ ပြောကြသလို တချို့ကလည်း ပွဲတော်ဆင်နွဲဖို့ စိုင်းပြင်းနေကြပါတယ်။ စစ်အာဏာသိမ်းထားချိန်ဖြစ်လို့ သင်္ကြန်ကာလ သပိတ်မှောက်ဖို့ ဆော်သြနေတာတွေလည်းရှိနေပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့ သတင်းအပြည့်အစုံကို နန်းလောဝ်က တင်ပြပေးထားပါတယ်။

ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စတဲ့မြို့ကြီးတွေအပါအဝင် မြန်မာနိုင်ငံတဝန်းက မြို့တွေမှာ သင်္ကြန်ပွဲတော်ဆင်နွဲဖို့ စစ်ကောင်စီက သင်္ကြန်မဏ္ဍပ်တွေ ဆောက်လုပ် ပြင်ဆင်နေပါတယ်။ ဧပြီလ ၁၃ ရက်ကနေ ၁၆ ရက်နေ့အထိ ကျရောက်မယ့် သင်္ကြန် ပွဲတော်အတွက် ရန်ကုန်မြို့မှာတော့ ပုဂ္ဂလိက သင်္ကြန်မဏ္ဍပ်ကြီးတွေ ဆောက်လုပ်တာ မတွေ့ရသေးပေမယ့် ဟိုတယ်ကြီးတချို့မှာ သီးသန့် သင်္ကြန်ပွဲလုပ်မယ့် အစီအစဉ်တွေ ရှိပါတယ်။ စစ်အာဏာသိမ်း အုပ်ချုပ်နေတာ ဒုတိယမြောက်နှစ်မှာ ပျော်စရာအကြောင်း မရှိတာမို့ ဆင်နွဲဖြစ်မှာ မဟုတ်ဘူးလို့ ရန်ကုန်မြို့မှာနေထိုင်တဲ့ မသဉ္ဇာက ပြောပါတယ်။

"ဒီနှစ်ကတော့ ထွေထွေထူးထူးတော့ မရှိပါဘူးရှင့်။ ညီမတို့ ပြည်သူတွေအနေနဲ့ လုပ်ရမယ့်အချက်ကတော့ စစ်ကောင်စီက လုပ်တဲ့ သင်္ကြန်ပွဲမှာ မပါဝင်၊ မဆင်နွှဲဖို့ပေါ့။ ညီမတို့လည်း သူတို့ဆီက အာဏာပြန်မရမချင်း၊ ဒီမိုကရေစီ မရမချင်းတော့ ပျော်ပွဲရွှင်ပွဲတွေ၊ သင်္ကြန်ပွဲတွေ ပါဝင်ဆင်နွှဲဖို့ မရှိပါဘူးရှင့်။ ခရီးတွေ ဘာတွေလည်း မသွားဖြစ်ဘူးရှင့်၊ စိတ်မလုံလို့လေ။"

ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ မြို့တော်ဝန်မဏ္ဍပ် ဆောက်လုပ်နေပြီး မန္တလေးမြို့မှာလည်း မြို့တော်ဝန် ရေကစားမဏ္ဍပ်ကို ဆောက်လုပ်နေပါတယ်။ မွန်ပြည်နယ်မှာတော့ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေအတွင်း မွန်ရိုးရာသင်္ကြန်ပွဲတော်ကို ဆင်နွှဲဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံ ကိုဝဏ္ဏက ပြောပါတယ်။

"ကျနော်တို့ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေမှာ ဆိုရင်တော့ သူကပုံမှန်ပဲ။ ပွဲအကြီးကြီးတော့ မဟုတ်ဘူးပေါ့နော်။ ခေါင်းစဉ် မတပ်ဘဲနဲ့ ပွဲကလို့ ရတယ်ပေါ့။ ကျနော်တို့နယ်မြေက အေးချမ်းတယ်။ စစ်ပွဲတွေမဖြစ်တော့ အခု လူငယ်ကအစ အသက်ကြီးပိုင်းတွေရော သင်္ကြန်ပွဲဆင်နွှဲဖို့ အသင့်ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ပြီးခဲ့တဲ့ ၂ နှစ်၊ ၃ နှစ်တုန်းက ကိုဗစ်ကာလဖြစ်တဲ့အတွက်ကြောင့် သူတို့ဟာသူတို့ အပြင်ထွက်လို့ မရဘူးလေ။ အဲတော့ ဒီနှစ်သင်္ကြန်ဆိုရင် လူငယ်ပိုင်းက သင်္ကြန်ထွက်လည်တယ်။ လူလတ်ပိုင်းနဲ့ လူကြီးပိုင်းဆိုရင် ဘုန်းကြီးကျောင်းတွေ၊ ဘုရားကျောင်းကန်တွေ သွားမယ်ဗျာ၊ အဲလိုပေါ့။ မွန်ရိုးရာသင်္ကြန်ပွဲလည်း ရှိပါတယ်။ မွန်ပြည်သစ်ပါတီကလည်း နယ်မြေတခုလုံးမှာ သူတို့ကလုံခြုံမှုပေးတော့ ပြည်သူတွေက ဘာမှစိတ်ပူစရာ မရှိသလောက်ပါဗျ။"

အခုနှစ် သင်္ကြန်ပွဲ အခမ်းအနားတွေကို ကိုဗစ်ကပ်ရောဂါ စည်းကမ်းတွေနဲ့အညီ ကျင်းပသွားမယ်လို့ စစ်ကောင်စီက ပြောထားပါတယ်။ ရောဂါကပ်ဘေးကြောင့် ၂၀၂၀ ခုနှစ်ကစပြီး သင်္ကြန်ရေကစားဖို့ ကန့်သတ်ခဲ့ရာကနေ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်တုန်းကတော့ ကိုဗစ်ကပ်ဘေးအပါအဝင် အာဏာသိမ်းကာလဖြစ်ခဲ့လို့ သင်္ကြန်ပွဲတော် မကျင်းပနိုင်ခဲ့ပါဘူး။ ကိုဗစ်ကပ်ရောဂါ စိုးရိမ်စရာ သိပ် မရှိတော့တဲ့ အခြေအနေမှာ တချို့ကတော့ သင်္ကြန်ကာလအတွင်း ခရီးသွားဖို့ ပြင်ဆင်နေကြပါတယ်။ ခရီးသွားလုပ်ငန်း အများစုက သင်္ကြန်ရက်အတွင်း ပြည်တွင်းမှာရှိတဲ့ ကမ်းခြေတွေဆီ လည်ပတ်နိုင်ဖို့ ဧပြီလမတိုင်ခင်ကတည်းက ခရီးစဉ်တွေကို ကြိုတင်ရောင်းချနေပါတယ်။ ခရီးသည်တွေ အသွားများတဲ့ နေရာတွေထဲက ပုဂံဒေသမှာတော့ နယ်မြေတည်ငြိမ်ပေမယ့်လည်း သင်္ကြန်ပွဲတော်အတွက် ပျော်ပွဲရွှင်ပွဲအစီအစဉ်တွေ မရှိသလို အခုချိန်အထိ ခရီးသွားဝင်ရောက်မှုကလည်း ပုံမှန်ပဲရှိတယ်လို့ ဒေသခံ ကိုထွဋ်ကပြောပါတယ်။

"အခုလောလောဆယ်တော့ ဘာအစီအစဉ်မှ ရှိသံမကြားဘူးဗျ။ ခရီးသွားဝင်တာလည်း အပြင်မှာတော့ ဘိုကင်တွေဘာညာ ပြည့်နေတယ်ကြားတာပဲ ရှိတယ်။ ဝင်တယ်၊ မဝင်တယ်ဆိုတာ သေချာမသိသေးဘူး။ ခုရက်ပိုင်းအတွင်းလည်း ထူးထူးခြားခြားများတယ် မရှိဘူး။ အဲလိုပဲ ဧည့်သည်လေးတွေ နည်းနည်းပဲမြင်တယ်။ ထူးထူးခြားခြားဆိုရင်တော့ ကျနော်တို့က သိရတယ်။ ဘိုကင်အနေအထားတွေ ထူးထူးခြားခြားပြောင်းလာပြီ ဆိုရင်တော့ ...။ အခုချိန်ကတော့ ပြုံပြီး ဘိုကင်တွေဝင်နေတာတော့ မတွေ့သေးဘူး။ ဒေသခံတွေကလည်းပဲ အခုကတော့ ဘာမှကိုမဖြစ်ဘူး၊ ငြိမ်နေကြတာပဲ။ အေးအေးဆေးဆေးပဲ ဒီဘက်ကလေ။"

မြန်မာနိုင်ငံတဝန်း စစ်ကောင်စီအပေါ် ဆန့်ကျင်သူတွေကို ဖမ်းဆီးထောင်ချမှုတွေ၊ လူပေါင်း ထောင်ချီ အိုးအိမ်စွန့် ထွက်ပြေးနေကြရတဲ့ နယ်မြေရှင်းလင်းမှုတွေရှိနေချိန် သင်္ကြန်ပွဲတော်ကို သပိတ်မှောက်ကြဖို့ တက်ကြွလှုပ်ရှားသူ တချို့ကလည်း ဆော်သြနေကြပါတယ်။ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု GSCB က အပျော်သင်္ကြန်ကို တော်လှန်သင်္ကြန်အဖြစ် ဖြတ်သန်းဖို့ တိုက်တွန်းထားပါတယ်။ ဒီအချိန်ဟာ ပျော်ရမယ့်အချိန်မဟုတ်လို့ စစ်ကောင်စီက ကျင်းပတဲ့သင်္ကြန်ပွဲတွေမှာ မပါဝင်ဖို့ကို မုံရွာတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုသန်းကျော်ဦးက ခုလိုပြောပါတယ်။

"ဒီနွေဦးတော်လှန်ရေး ၁ နှစ်ကျော်ကြာတဲ့အချိန်မှာ မနှစ်ကတော့ သင်္ကြန်ဆိုတာကို စစ်ကောင်စီကလည်း ကောင်းကောင်းကြီး မကျင်းပနိုင်ခဲ့ဘူး။ ကျနော်တို့ ပြည်သူတွေကလည်း တော်လှန်သင်္ကြန်ဆိုပြီး သပိတ်မှောက်ခဲ့တာရှိတယ်။ ဆိုတော့ ဒီနှစ်မှာလည်း ကျနော်တို့ အဲလိုပုံစံမျိုး ဖန်တီးမယ်။ အဲလိုပုံစံမျိုးနဲ့ ဆက်သွားဖို့ရှိတယ်ပေါ့လေ။ ဒါပေမယ့် စစ်ကောင်စီက ဒီ ၁ နှစ်ကျော် အုပ်ချုပ်လာတဲ့ကာလမှာ သူတို့က ပြည်သူလူထုကို ထိန်းချုပ်နိုင်ပြီ၊ ပြည်သူလူထုက သူတို့နဲ့ တသားတည်းရှိတယ်ဆိုတာကို အတင်းအဓမ္မ ချပြချင်တဲ့အတွက် ပြည်သူလူထုကို သင်္ကြန်လုပ်ပေးမယ် ဆိုပြီးတော့ မဏ္ဍပ်တွေကို မြို့အနှံ့ နေရာအနှံ့မှာ ဆောက်နေတာကို ကျနော်တို့ တွေ့ရတယ်ပေါ့လေ။ ဒီအချိန် ဒီကာလဟာ ကျနော်တို့ ပျော်ရမယ့်အချိန်ကာလလည်း မဟုတ်ဘူး။ အဲဒီအချိန်မှာ စစ်ကောင်စီက ကျင်းပတဲ့ သင်္ကြန်မဏ္ဍပ်တွေမှာ ပြည်သူတွေက ပျော်ပျော်ရွှင်ရွှင်နဲ့ သွားပြီးမကဲကြဖို့၊ ဒါတွေကို ဆန့်ကျင်ကြဖို့၊ ကျနော်တို့ တော်လှန်ရေး ၁ နှစ်တာကာလလုံးမှာ ပေးဆပ်ခဲ့ရတဲ့ ဒီမိုကရေစီသူရဲကောင်းတွေရဲ့ အသက်သွေးကြွေးတွေကို စာနာသောအားဖြင့် စစ်ကောင်စီရဲ့ အပျော်သင်္ကြန်မှာ လုံးဝငြင်းဆန်ကြဖို့ ပြည်သူတွေကို ပြောချင်ပါတယ်။"

ရန်ကုန်မြို့က အင်းစိန်အကျဉ်းထောင်မှာလည်း ထောင်တွင်းသင်္ကြန်ပွဲတော်ကျင်းပဖို့ ထောင်အာဏာပိုင်တွေ ပြင်ဆင်နေတယ် လို့ အကျဉ်းထောင်ထဲ အဝင်အထွက်ရှိသူတွေဆီက သိရပါတယ်။ စစ်အာဏာသိမ်းထားချိန် ထောင်တွင်းသင်္ကြန်နဲ့ နိုင်ငံအနှံ့မှာ ကျင်းပမယ့် သင်္ကြန်ပွဲတွေကို ပူးပေါင်းပါဝင်ခြင်း မပြုဖို့ အင်းစိန်ထောင်တွင်းက နိုင်ငံရေးအကျဉ်းသားတွေကလည်း သဘောထားထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် သင်္ကြန်ကာလတုန်းကတော့ အတာအိုးသပိတ်၊ သွေးမတိတ်သပိတ်၊ မုန့်လုံးရေပေါ်သပိတ်၊ ဝမ်းနည်းခြင်းသပိတ်၊ ဆုတောင်းသပိတ် စသဖြင့် ပုံစံမျိုးစုံနဲ့ သင်္ကြန်အကြိုနေ့ကနေ နှစ်ဆန်း တရက်နေ့အထိ တော်လှန်သင်္ကြန်သပိတ်မှာ ပါဝင်သူ တော်တော်များများ ရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

=============

[[Zawgyi/Unicode]]












=============

XS
SM
MD
LG