သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံခြားသား ပြည်ဝင်ခွင့်ဗီဇာယူခွင့်ပြုပေမယ့် ခရီးသွားလုပ်ငန်းမျှော်လင့်ချက်နည်း


Myanmar Tourism
Myanmar Tourism


[[Zawgyi/Unicode]]

နိုင်ငံခြားသားဧည့်သည်တွေ မြန်မာနိုင်ငံထဲ အပန်းဖြေခရီးသွားလာနိုင်ဖို့ ပြည်ဝင်ခွင့် Tourist Visa ကို ဧပြီလထဲလျှောက်ထားနိုင်ပြီလို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။ လတ်တလောပြည်တွင်းမှာ ဖြစ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နိုင်ငံခြားသား ခရီးသွား ဝင်ရောက်နိုင်ဖို့ကတော့ မျှော်လင့်ချက်သိပ်မရှိဘူးလို့ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေက သုံးသပ်နေကြပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတွေ၊ လုပ်ငန်းရှင်တွေ အဆင်ပြေစေဖို့ ၂ နှစ်ကျော်ကြာ ရပ်ဆိုင်းထားခဲ့တဲ့ နိုင်ငံခြားသားခရီးသွား ဧည့်သည်ဝင်ရောက်မှုအတွက် Tourist Visa ကို ဧပြီလ ၁၅ ရက်၊ လာမယ့် တနင်္ဂနွေနေ့ကစပြီး အွန်လိုင်းကနေတဆင့် လျှောက်ထားနိုင်ပြီလို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက အသိပေးထားပါတယ်။ ဒါဟာ ကပ်ရောဂါကြောင့် ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် မတ်လအစောပိုင်းလောက် ကစပြီး ရပ်နားထားခဲ့တဲ့ ခရီးသွားဗီဇာလျှောက်ထားခွင့်ကို ပြန်လည်ခွင့်ပြုပေးလိုက် တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း နိုင်ငံတွင်းမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ပြည်ပခရီးသွားတွေ ပြန်လည်ဝင်ရောက် လာဖို့က အခက်အခဲတွေရှိနေတုန်းပါ။ ဒါကြောင့်လည်းပဲ နိုင်ငံခြာသားခရီးသွားတွေပုံမှန်ဝင်ရောက်နိုင်ဖို့ အချိန်တော့ယူရဦးမယ်လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောပါတယ်။

"ခရီးသွားက ကျနော်တို့ ဒီအပန်းဖြေခရီးသွားပေါ့နော်- အဲ့အတွက်ကတော့ ချက်ချင်းကြီးလာဖို့ မလွယ်သေးပါဘူးခင်ဗျ။ ကျနော်တို့ဆီမှာရှိနေတဲ့ လက်ရှိအခြေအနေအရပေါ့နော် အချိန်ယူရဦးမယ်။ ဈေးကွက်တွေ ကြိုတင်ပြီးတော့ လုပ်ရဦးမယ်ပေါ့နော်။ အခု နိုင်ငံတကာမှာ သွားနေတာလည်း Backpacker သူတို့တွေသည် သွားတော့သွားနေကြတယ်။ ဒါပေမယ့် မြန်မာနိုင်ငံကိုလာဖို့ နည်းနည်းခက်နေသေးတယ်။ များသောအားဖြင့်က ဒီ Organized tours တွေ၊ Package tours တွေ ဒါတွေနဲ့ပဲ လာဖို့လောက်ရှိတော့ အဲဒီဟာကလည်း အချိန်ယူရဦးမယ်။ ဒါကြောင့်မို့ Leisure tour ကတော့ အခုဖွင့်ပြီးပြီးချင်း ချက်ချင်းလာဖို့က နည်းနည်းခက်နေသေးတယ်။"

ဒေသတွင်း အခြေအနေတွေကြောင့် မြန်မာနိုင်ငံထဲ အပန်းဖြေခရီးလာရောက် လည်ပတ်ဖို့က အချိန်ယူရဦးမယ်လို့ ပြောပါတယ်။ အခုလို Tourist Visa လျှောက်ထားနိုင်ဖို့ ခွင့်ပြုလိုက်တာက လာရောက်လည်ပတ်ချင်သူတွေအတွက်တော့ အချိန်ယူပြင်ဆင်နိုင်လိမ့်မယ်လို့ ဦးနောင်းနောင်းဟန်က ပြောပါတယ်။

"ဒါပေမယ့် ဒီလိုမျိုး Tourist Visa ဖွင့်ပေးလိုက်ပြီဆိုတဲ့ Information ရမှ သူတို့တွေသည် ဒီ ၆ လလောက်အတွင်းမှာ ပြင်ဆင်ကြပြီးတော့ လာဖို့ရှိပါတယ်။ ဒီ ၁ လ - ၂ လ အတွင်းမှာတော့ ခရီးသည်အနည်းအကျဉ်းတော့ ရမယ်။ နောက်တခါ Visit Travelers တွေ ပိုပြီးတော့ လာဖို့ရှိပါတယ်။ အခုလာနေတဲ့ ခရီးသည်တော်တော်များများက Visit Travelers တွေပဲ များပါတယ်ဗျ။"

ကပ်ရောဂါဘေးကြောင့် တနေရာနဲ့ တနေရာသွားလာခွင့်တွေ ကန့်သတ်ခံခဲ့ရာကနေ ပြည်တွင်းခရီးသွားလုပ်ငန်းတွေလည်း လုံးဝရပ်နားထားခဲ့ရတဲ့ အခြေအနေရှိခဲ့ပါတယ်။ ပြည်တွင်းမှာ ကပ်ရောဂါစည်းမျဉ်းတွေ တဖြေးဖြေးဖြေလျှော့ရာကနေ ပြည်တွင်းခရီးသွားလာမှု ပြန်အစပြုနိုင်ဖို့ ရုန်းကန်နေချိန်မှာပဲ အာဏာသိမ်းနောက်ဆက်တွဲ လက်နက်ကိုင်တိုက်ခိုက်မှုတွေကြောင့် အခုချိန်ထိ နာလန်ထနိုင်ဖို့ ခက်ခဲနေပါတယ်။ ဒီလိုအချိန်မှာ ပြည်ပခရီးသွားတွေ မြန်မာနိုင်ငံထဲ အပန်းဖြေခရီးလာရောက်ဖို့က မျှော်လင့်စရာသိပ်မရှိဘူးလို့ မန္တလေးအခြေစိုက် ခရီးသွားလုပ်ငန်းရှင်တဦးက ပြောပါတယ်။

"နိုင်ငံတကာခရီးသည် လာဖို့ဆိုတာက ယုံကြည်မှုက အင်မတန်အရေးကြီးတယ်။ ယုံကြည်မှုဆိုတာက အဲဒီနိုင်ငံရဲ့ ခရီးစဉ်ဒေသတခုကို လာဖို့အတွက် သူတို့အတွက် လုံခြုံမှုတွေ၊ သူတို့လိုချင်တဲ့ ဝန်ဆောင်မှုတွေ၊ လုံခြုံမှုဆိုတဲ့နေရာမှာ ဒီကျန်းမာရေးကအစ ကျန်တာတွေအကုန် ပါတာပေါ့နော်။ ဆိုတော့ အဲဒီအပေါ်မှာ သူတို့ဘယ်လောက်အထိ ယုံကြည်ပြီလဲ။ အဲတော့ ပြောရရင်တော့ အခုပြောတဲ့ Visa ဆိုတဲ့နေရာမှာ Leisure Travels တွေကို Tourist Visa ကိုအဓိကဦးတည်ပြီး ပြောတာဖြစ်တဲ့အတွက် Tourist ဆိုတဲ့ခေါင်းစဉ်နဲ့ လာဖို့အတွက်ကတော့ ကျနော့်အနေနဲ့ သိပ်မျှော်လင့်စရာမရှိဘူးလို့ ထင်တယ်။"

ပြည်ပခရီးသည်ဝင်ရောက်မှု လုံးဝမရှိချိန်မှာ ပြည်တွင်းခရီးသွားလာမှုက တချို့နေရာ တွေမှာ ပြန်အစပြုနိုင်ဖို့ ရုန်းကန်နေရပါတယ်။ အခု ၂၀၂၂ ခုနှစ် ဧပြီလပိုင်းမှာတော့ ပြည်တွင်းခရီးသွားတွေ လည်ပတ်တာရှိပေမယ့် ကပ်ရောဂါကာလ မတိုင်ခင် ၂၀၁၉ ခုနှစ် ဧပြီလနဲ့ နှိုင်းယှဉ်ရင်တော့ ၁၀ ရာခိုင်နှုန်းလောက်ပဲရှိတယ်လို့ ခရီးသွားလုပ်ငန်းရှင်တွေရဲ့ စာရင်းအရ သိရပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါဘေးနဲ့ နိုင်ငံရေးမတည်ငြိမ်မှု အကျပ်အတည်းတွေရဲ့ ပေါင်းစပ်မှုကြောင့် မြို့ပြလူဦးရေရဲ့ ဆင်းရဲမွဲတေမှုအရေအတွက်ဟာ ၃ ဆလောက် တိုးလာမယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် UNDP ရဲ့ စစ်တမ်းကလည်း ဖော်ပြထားပါတယ်။ ဒီထဲမှာ ထိခိုက်ရတဲ့လုပ်ငန်းတွေထဲ ခရီးသွားလုပ်ငန်းလည်း တခုအပါအဝင်ဖြစ်ပါတယ်။

#MyanmarTourism #MyanmarBusiness #MyanmarVisa #VOABurmese

=============
[[Unicode]]










#MyanmarTourism #MyanmarBusiness #MyanmarVisa #VOABurmese

=============

XS
SM
MD
LG