သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပူတာအိုတဝိုက် တိုက်ပွဲများနဲ့ စစ်ရေးတင်းမာမှု ဆက်ရှိနေ


Puta-O (Credit to MIMU)
Puta-O (Credit to MIMU)

[[Zawgyi/Unicode]]

ဖေဖော်ဝါရီလဆန်းကတည်းက တိုက်ပွဲတွေဖြစ်နေတဲ့ ကချင်ပြည်နယ် ပူတာအိုမြို့နယ်မှာ ဒီရက်ပိုင်းမှာလည်း စစ်ကောင်စီတပ်နဲ့ KIA ၊ PDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။ စစ်ကောင်စီဘက်က တပ်အင် အား ထပ်မံဖြည့်တင်းနေတာကြောင့် စစ်ရေးတင်းမာမှုတွေ ဆက်လက်မြင့်တက်နေပါတယ်။ တိုက်ပွဲဖြစ်ပွားရာနေရာအနီး ကျေးရွာက ဒေသခံ ၇,၀၀၀ ကျော်လောက်ဟာလည်း တောတောင်တွေထဲမှာ ပုန်းရှောင် ခိုလှုံနေကြရပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

ကချင်ပြည်နယ် ပူတာအိုမြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ KIA နဲ့ PDF ပူးပေါင်းတပ်တွေ တိုက်ခိုက်နေကြပါတယ်။ လက်ရှိအခြေအနေအရ တိုက်ပွဲတွေ ရပ်ဆိုင်းမယ့် အလားအလာမရှိဘဲ စစ်ရေးတင်းမာမှု ပိုပြီးသာမြင့်တက်နေတယ်လို့ KIA ကချင်လွတ်မြောက်ရေးတပ်ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက VOA ကို ပြောပါတယ်။

“အဲဒီဘက်က တိုက်ပွဲအခြေအနေက အခုလည်း KIA ဘက်နဲ့လည်း စခန်းတွေသိမ်းနိုင်တဲ့အနေအထားတော့ မဟုတ် ပါဘူး။ နောက်ပြီးတော့ စစ်ကောင်စီဘက်ကလည်း စစ်အင်အားတွေကတော့ မနေ့ကလည်း လေယာဉ်နဲ့ တိုးထားတာ၊ ထည့်ထားတာ တွေ့ရပါတယ်။ ဆိုတော့ စစ်ရေးအခြေအနေကတော့ တင်းမာနေတုန်းဖြစ်ပါတယ်။ ရပ်တန့်တဲ့အနေအထားတော့ မဟုတ်ပါဘူးခင်ဗျ။ အခု ဒီ ရှိန်ဂတ်ဘွမ်ဆိုတဲ့ ဒီ စစ်ကောင်စီရဲ့ တပ်စခန်းမှာတော့ ၁၈ ရက်နေ့ ညနေပိုင်းပေါ့နော်။ အဲဒီကတည်းကနေ စဖြစ်တာ ဖြစ်ပါတယ်။”

ဖေဖော်ဝါရီလ ၁ ရက်က ပူတာအိုမြို့နယ်အတွင်း ရှိန်ဂတ်ဘွမ်၊ ဆွမ်ပီယန်နဲ့ လုံရှာယန်က စစ်ကောင်စီတပ်စခန်း ၃ နေရာကို KIA နဲ့ PDF တပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးချိန်ထဲက အဲဒီနေရာတွေဘက်မှာ ဆက်ပြီးတိုက်ပွဲတွေဖြစ်နေတာပါ။ လက်ရှိတိုက်ပွဲဖြစ်တဲ့ ရှိန်ဂတ်ဘွမ်တောင်ကုန်းအနီး အင်စီယန်နဲ့ ဆွမ်ပီယန်ကျေးရွာက ဒေသခံ ၁,၀၀၀ ကျော်ဟာ အခုချိန်ထိ တောတောင်တွေထဲမှာ ဆက်လက်ပုန်းခိုနေကြရတယ်လို့ ဆွမ်ပီယန်ဒေသခံတဦးက ပြောပါတယ်။

လုံရှာယန်ရွာဘက်မှာလည်း တောတောင်တွေထဲ တိမ်းရှောင်နေသူ ခန့်မှန်းခြေ ၁၀,၀၀၀ (တစ်သောင်း) လောက်ရှိကြောင်း လုံရှာယန် ရွာခံတဦးက ပြောပါတယ်။

“ဒီနေ့လည်း အကုန်လုံးထွက်ပြေးကြတယ်။ တိုက်ပွဲတွေက ဆွမ်ပီယန်၊ ရှိန်ဂတ်ဘွမ်ဘက် အဲဒီမှာ ဖြစ်တယ်လို့ ပြောတယ်။ မနေ့ညက ။ လုံရှာယန်ဘက်မှာကျတော့ ကြောက်လို့ အကုန်လုံး ထွက်ပြေးနေကြတာ။ တချို့တွေက မြစ်ကြီးနား အကုန်လုံးရောက်ကုန်ပြီ။ တချို့တွေကျတော့ တော။ တစ်သောင်းလောက်ရှိမလား ဒီမှာ။ အရမ်းများတယ်။”

ပူတာအိုမြို့က စစ်ဘေးရှောင်ဒုက္ခသည်တွေကို ကူညီနေသူတဦးကတော့ လုံရှာယန်ရွာက တိမ်းရှောင်နေသူ အနည်းဆုံး ၇,၀၀၀ ကျော်လောက် ရှိနိုင်ကြောင်း ခန့်မှန်းပါတယ်။

လုံရှာယန်ဒေသခံတွေဟာ ဒီလဆန်း တိုက်ပွဲတွေ စဖြစ်ကတည်းက တိမ်းရှောင်နေကြတာပါ။ တချို့က နေအိမ်တွေ ခဏပြန်သွားပြီး အစားအသောက် ရိက္ခာတွေ ပြန်ယူကြပေမယ့် အများစုက တောတောင်တွေမှာ ဆက်လက် ပုန်းခိုနေကြတာ ဖြစ်ပါတယ်။ ဆွမ်ပီယန်ကျေးရွာကို ဖေဖော်ဝါရီလ ၃ ရက်က စစ်တပ်လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၅ ဦး ထိခိုက်ခဲ့သလို နေအိမ်အချို့ ပျက်ဆီးခဲ့ပါတယ်။ အဲဒီလို လေကြောင်းတိုက်ခိုက်မှုတွေလုပ်တဲ့အတွက်လည်း ဒေသခံအများအပြား ဘေးလွတ်ရာကို ထွက်ပြေး ပုန်းခိုနေကြတာဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၁၅ ရက် က လုံရှာယန်ရွာနဲ့ ၅ မိုင်အကွာ ဖတ်မာရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၁၆ ရက်နေ့မှာ ရွာသားအချို့ ထွက်ပြေးတိမ်းရှောင်ချိန် စစ်ကောင်စီတပ်က ပစ်ခတ်တာကြောင့် ဖတ်မာရွာက လင်မယား ၂ ဦးသေဆုံးခဲ့တယ်လို့ ကချင် သတင်းမီဒီယာတွေက သတင်းထုတ်ပြန်ကြပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး VOA အနေနဲ့တော့ သီးခြား အတည်ပြုလို့ မရခဲ့ပါဘူး။

တိုက်ရိုက် လင့်ခ်

===============

[[Unicode]]









===============

XS
SM
MD
LG