သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ပြည်နယ်၊ မိုးမောက်မြို့အနီး တိုက်ပွဲတွေကြောင့် ဒေသခံတွေတိမ်းရှောင်


KIA soldiers at outpost (ယခင်မှတ်တမ်းဓါတ်ပုံ)
KIA soldiers at outpost (ယခင်မှတ်တမ်းဓါတ်ပုံ)

ကချင်ပြည်နယ်၊ မိုးမောက်မြို့အနီး တိုက်ပွဲတွေကြောင့် ဒေသခံတွေတိမ်းရှောင်

{{Zawgyi/Unicode}}

ကချင်ပြည်နယ် မိုးမောက်မြို့အနီးမှာ စစ်ကောင်စီတပ်နဲ့ KIA ကချင်လက်နက်ကိုင်တပ်အကြား တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် အနီးအနားရပ်ကွက်နဲ့ ကျေးရွာက ပြည်သူ ၃ဝဝ ကျော် မိုးမောက်မြို့ဘက်ကို ထွက်ပြေး တိမ်းရှောင်နေကြပါတယ်။ နောက်ထပ်တိုက်ပွဲတွေဖြစ်လာမှာ စိုးရိမ်တဲ့အတွက် နေရပ်မပြန်နိုင်သေးဘူးလို့ ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။ ရန်ကုန်ကလာတဲ့ ဒီသတင်းကို ကိုခင်မောင်စိုးမင်း က တင်ပြထားပါတယ်။

ကချင်ပြည်နယ် မိုးမောက်မြို့အနီးမှာ ကြာသပတေးနေ့ နေ့လည်ပိုင်းက စစ်ကောင်စီတပ်နဲ့ ကချင်တိုင်းရင်းသား လက်နက်ကိုင် KIA အဖွဲ့တို့ တိုက်ပွဲ ၁ နာရီကျော်ဖြစ်ခဲ့ပါတယ်။ မိုးမောက်မြို့ကနေ မြစ်ကြီးနားဘက်အထွက် ခါနန်ရပ်ကွက်ဘက်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် ဒေသခံ ၃ဝဝ လောက် မိုးမောက်မြို့က ဘုရားရှိခိုးကျောင်းတွေရှိရာကို တိမ်းရှောင်လာခဲ့ကြတယ်လို့ ဒေသခံ ကူညီသူ တဦး က VOA ကို ပြောပါတယ်။

“ မိုးမောက်မြို့မှာပါပဲ။ မြစ်ကြီးနားသွားတဲ့ အဲဒီအကွေ့မှာ ဖြစ်ကြတာပေ့ါ။ တိမ်းရှောင်တဲ့ သူတွေလည်း သေနတ်သံကြားတော့ ဟိုဘက်က စစ်ကြောင်း၊ ဒီဘက်က စစ်ကြောင်းတွေ မြင်တဲ့အခါကျတော့ နည်းနည်းလုံခြုံမယ် ထင်ပြီး KBC ဆိုလည်း KBC ဘုရားကျောင်းမှာ လာပြီး ခိုလှုံကြတာပေါ့။ RC ဆိုလည်း RC ဘုရားကျောင်းမှာ လာပြီး ခိုလှုံကြတာပေါ့။ အခု ၁၂ နာရီထိတော့ ၃ဝဝ ကျော်ပေါ့။ ဒီ ညနေပိုင်းမှာလည်း ဟိုဘက်က လှုပ်ရှားတာကို ကြည့်ပြီး ပြန်သွားလိုက်၊ ပြန်လာလိုက်ပေ့ါ။ အဲဒီအခြေအနေရှိတယ်။ အခုချိန်ထိတော့ ၃၄၁ ယောက်တော့ ရှိထားပြီပေါ့။ မနေ့က အခင်းဖြစ်တဲ့အချိန်လည်း တယောက်တော့ထိတယ်။ အသက် ၅ဝကျော်လောက်၊ ကျည်ပဲ ထိတယ်၊ ခေါင်းရှပ်မှန်တာလို့တော့ ပြောတယ်။”

သူပြောတဲ့ ၃၄ဝ ကျော်ဟာ ကချင်နှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဘုရားရှိခိုးကျောင်းမှာ လောလောဆယ် ခိုလှုံနေသူတွေစာရင်းဖြစ်ပြီး RC ဘုရားရှိကျောင်းက စာရင်းနဲ့ နီးစပ်ရာ ဆွေမျိုးသားချင်းတွေဆီမှာ ခိုလှုံနေတဲ့ စာရင်းကိုတော့ မသိရဘူးလို့ပြောပါတယ်။

စစ်ပြေးဒုက္ခသည်အများစုဟာ တိုက်ပွဲတွေ ငြိမ်သက်ချိန်မှာ နေရပ်ပြန်ဖို့ ပြင်ဆင်ခဲ့ပေမဲ့ တိုက်ပွဲဆက်လက် ဖြစ်လာနိုင်တဲ့အခြေအနေရှိနေတာကြောင့်ရော တိုက်ခိုက်နေတဲ့ ၂ ဘက်လုံးက တိမ်းရှောင်ကြဖို့ တိုက်တွန်းထားတာကြောင့် နေရပ်မပြန်နိုင်ကြသေးပါဘူး။

KIA ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူကတော့ မနေ့ တိုက်ပွဲဖြစ်ပွားတဲ့ အခြေအနေကို အခုလို ပြောပါတယ်။

“ မနေ့ တပ်နည်းနည်းလှုပ်ရှားတာနဲ့ ထိတွေ့ ရင်ဆိုင် တိုက်ပွဲဖြစ်တာလောက်ပဲ ကြားပါတယ်။ အဲလောက်ပဲ ဖြစ်ပါတယ်။ ကျနော်တို့ KIO တွေ ရှိတဲ့ တပ်ဘက်မှာပေါ့နော်။ သူတို့က စစ်ကြောင်းလောက်တော့ မဟုတ်ပါဘူး။ လှုပ်ရှားတာပေ့ါ။ သူတို့က နယ်မြေ လှုပ်ရှားတဲ့ ပုံစံနဲ့ တက်လာတာကို ကျနော်တို့က ခုခံတိုက်ပွဲနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပါတယ်။ မနေ့ကပေါ့နော်။ မိုးမောက်မှာ။ နှစ်ဘက်စလုံးက ထိခိုက် အသေစာရင်းတွေကတော့ မရဘူးခင်ဗျ။ ဒီနေ့ကတော့ တိုက်ပွဲမရှိဘူး။ ”

ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့နှစ် မတ်လက စစ်ကောင်စီတပ်နဲ့ KIA အကြား တိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။ ၃ လနီးပါး ပြင်းထန်ခဲ့တဲ့ တိုက်ပွဲတွေအတွင်းမှာ ကုန်းလော၊ စီဟတ်၊ မြို့သစ်စတဲ့ ကျေးရွာ ၁၂ ရွာက ဒေသခံ ၅ဝဝဝ ကျော်ဟာ ဗန်းမော်၊ မိုးမောက် စတဲ့မြို့တွေမှာ သွားရောက်တိမ်းရှောင်ခဲ့ကြရပါတယ်။ ပစ်ခတ်မှုတွေကြောင့် သံဃာတော် တပါး နဲ့ အရပ်သားပြည်သူ ၈ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။

..........................................

တိုက်ရိုက် လင့်ခ်


{{Zawgyi/Unicode}}









XS
SM
MD
LG