သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်း-ကယား နယ်စပ်မှာ တိုက်ပွဲတွေပြင်းထန်


ရှမ်းနဲ့ကယားပြည်နယ် နပ်စပ်ဒေသ
ရှမ်းနဲ့ကယားပြည်နယ် နပ်စပ်ဒေသ

[[Zawgyi/Unicode]]

ရှမ်း-ကယားနယ်စပ် ဒီးမော့ဆိုမြို့နယ်နဲ့ မိုးဗြဲမြို့နယ်တွေမှာ ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲတွေ ဒီကနေ့အထိ ပြင်းထန်နေပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းသုံးတိုက်ခိုက်တာတွေပါ ရှိခဲ့ပါတယ်။ ဒီအကြောင်း ရန်ကုန်က ပေးပို့တဲ့ သတင်းကို မဆုမွန်က တင်ပြပေးထားပါတယ်။

ဖေဖော်ဝါရီ ၂၃ ရက်နေ့ ဒီကနေ့မှာ ရှမ်း-ကယားနယ်စပ်ဖြစ်တဲ့ ဒီးမော့ဆိုမြို့နယ် နဲ့ မိုးဗြဲမြို့နယ်တွေမှာ ၃ နေရာထက်မနည်း တိုက်ပွဲပြင်းထန်ဖြစ်ပွားနေပါတယ်။ ဒီနေ့မနက်အစောပိုင်းကတည်းက ပစ်ခတ်သံတွေ ကြားနေရတယ်လို့ တိုက်ပွဲအနီးအနား ဒေသခံတဦးက ပြောပါတယ်။

“တိုက်ပွဲကတော့ အဓိကတော့ လီဝိုးရယ်၊ ဝါရီဆူးဖလိုင်ရယ်၊ ဝီသဲကူးရယ်။ တိုက်ပွဲကတော့ ပြီးခဲ့တဲ့ ၄ ၊ ၅ ရက်လောက် ကတည်းက စဖြစ်နေတာပေါ့နော်၊ အခုချိန်ထိပဲ။ ဒီနေ့လည်း မနက်မိုးမလင်းခင်ကတည်းက စပစ်နေတာပေါ့နော်။ စောနအထိကတော့ လက်နက်ကြီးတွေဘာတွေနဲ့ ပစ်ခတ်တာမျိုးတော့ ဒီအထိတော့ ကြားနေရတယ်ဗျဟုတ်။”

တိုက်ပွဲဧရိယာအတွင်းက ကျေးရွာ ၁၆ ရွာထက်မနည်း အိုးအိမ်စွန့်ခွာကြပြီး ဘေးလွတ်ရာကို ရှောင်တိမ်းနေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်တပ်ဘက်က လေကြောင်းသုံးတိုက်ခိုက်တာတွေပါ ရှိတာကြောင့် ကျေးရွာတွေထဲအထိ လေကြောင်းက ဗုံးဆန်တွေ ကျရောက်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

“တိုက်ပွဲစတဲ့ ရက်မတိုင်းခင်ကတည်းက (ဒေသခံတွေ)သူတို့ စစ်ရှောင်ကြတာပေါ့နော်။ နောက်တိုက်ပွဲဖြစ်ပြီးတော့ တိုက်ပွဲဖြစ်တဲ့ အနီးကပ်ကျေးရွာတွေတော့ တော်တော်လေးရှောင်ကြတယ်ဗျ ဟုတ်။ ကျေးရွာပေါင်းတော့ ၁၅ ရွာ ၁၆ ရွာလောက်ရှိတယ်ဗျ။ လေကြောင်းနဲ့ကတော့ နေ့တိုင်းလိုလိုတိုက်ခိုက်တာပေါ့နော်။ မနေ့က ဆိုလည်း ကျေးရွာတွေထဲမှာ သူတို့ သွားသွားပြီး ဗုံးကြဲတိုက်ခိုက်တာမျိုးရှိတယ်ဗျ။ အဓိကတော့ သူတို့ လက်နက်ကြီးဒဏ်ရယ်၊ နောက်တိုက်လေယာဉ်တွေနဲ့ ရဟက်ယာဉ်တွေနဲ့ အဲ့လိုမျိုး ဗုံးကြဲတာများတဲ့အခါကျတော့ ဒေသခံတွေက အကုန်လုံး ကြောက်ကြပြီးတော့ တိမ်းရှောင်နေရတာလည်း ပိုများတယ်ဗျ။”

ဒီကနေ့မှာတော့ ဒီးမော့ဆိုမြို့နယ်ထဲက လီဝိုးကျေးရွာနဲ့ ဆင်တောင်ကျေးရွာတွေမှာ တိုက်ပွဲပြင်းထန်နေသလိုအဲ့ဒေသနဲ့ မနီးမဝေးဖြစ်တဲ့ မိုးဗြဲမြို့နယ် ဝီသဲကူးကျေးရွာတဝိုက်မှာလည်း တိုက်ပွဲတွေဖြစ်နေကြောင်းဒီးမော့ဆိုမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ် တာဝန်ရှိသူတဦးက ဗွီအိုအေကို အတည်ပြုပြောဆိုပါတယ်။

“တိုက်ပွဲကျတော့ ၂နေရာ ၃နေရာလောက်တော့ရှိတယ်။ တိုက်တာကတော့ အပြင်းထန်တဲ့နေရာရှိတယ်။ နောက်ပြီးတော့ ကွက်ကျားတိုက်တဲ့နေရာတွေရှိတယ်ပေ့ါနော်။ ဒီးမော့ဆိုမြို့နယ်နဲ့ ရှမ်း-ကယားနယ်စပ်ဘက်မှာလေး မိုးဗြဲမြို့နယ် ဝီသဲကူးဒေသဘက်မှာ ဟိုမှာ ဖြစ်တာများတယ်ပေါ့နော်။ ဒီဆင်တောင်အုပ်စုပေါ့နော်။ လီဝိုးကျေးရွာမှာ ဖြစ်မယ်။ နောက် ဒီဆင်တောက်မှာ ဖြစ်မယ်။ နောက်ပြီးတော့ အောက်ဘက်ကျတော့ ဝီသဲကူးကျေးရွာဘက်မှာ ဖြစ်မယ်ပေါ့နော်။ ၂နေရာ ၃နေရာဖြစ်တယ်ပေါ့။ ဒီမနက်တိုင်း တိုက်ပွဲဖြစ်တယ်။ လက်နက်ကြီးလည်း ထုတယ်လေး စစ်ကောင်စီဘက်က။ ဟို (ဖေဖော်ဝါရီ) ၁၆ ရက်ကနေစဆိုရင် ၇ ရက်လောက် ဖြစ်နေပြီး။ ၇ ရက် ဆက်တိုက်ပဲပေါ့နော် တိုက်လေယာဉ်နဲ့ ရက်တိုင်းလာတယ် မလာတဲ့ ရက်မရှိဘူး တိုက်လေယာဉ်က။”

အခုတိုက်ပွဲဖြစ်နေတဲ့နေရာတွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့ကတည်းက ရက်ဆက်ဆိုသလိုဖြစ်ခဲ့တာပါ။ အခုရက်ပိုင်းမှာတော့ တနေကုန်နီးပါး ပြင်းပြင်းထန်ထန်တိုက်ပွဲတွေဖြစ်လာတယ်လို့သိရပါတယ်။ တိုက်ပွဲတွေကြောင့် စစ်ပြေးဒုကဿည် သောင်းဂဏန်းချီသွားပြီလို့ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူက ပြောပါတယ်။

“ဒီ ၂ ရက် ၃ ရက်ထဲမှာက အရပ်သားက စစ်ဘေးရှောင်သွားတာ သောင်းဂဏန်းနီးနီးလောက်တော့ ရှိမယ်ဗျနော်။ သူတို့ ဒုက္ခသည်တအားရောက်သွားတယ်။ သူတို့ လက်နက်ကြီးကျလို့ ဒီတိုင်းပဲ လူလွတ် ထွက်ပြေးလာတာ ရှိတယ်လေး။ ပစ္စည်းတွေဘာတွေလည်း မသယ်အားဘူးပေါ့။ အဲ့လိုမျိုးကျနော်တို့ PDF တွေကလည်း တစ်ဖက်က တိုက်ပွဲတွေ တဖက်ကလည်း စစ်ဘေးရှောင်ကို ကျနော်တို့ ဘေးလွတ်ရာကို ဆွဲထုတ်ရ အဲ့လိုမျိုးပေါ့။ ရက်တိုင်းရက်တိုင်း နေ့တိုင်းညတိုင်း အဲ့လိုလုပ်နေရတယ်။ စစ်ဘေးရှောင်လည်း မကုန်နိုင်သေးဘူးပေါ့နော်။”

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ မနေ့က ဖယ်ခုံမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲနဲ့ ပတ်သက်လို့ ဗွီအိုအေကို အတည်ပြုပြောဆိုပေမယ့် မိုးဗြဲတိုက်ပွဲတွေမှာ လေကြောင်း တိုက်ခိုက်မှုနဲ့ပတ်သက်လို့ မပြောပါဘူး။

“ဖယ်ခုံဘက်မှာတော့ ၂၂ ရက်နေ့လောက်မှာ ကသဲရွာနားလေးမှာ ကျနော်တို့ ပစ်ခတ်တိုက်ခိုက် ခဲ့တာရှိတယ်။ ပြီးရင် ..... ကျေးရွာနားလေးမှာ နန်းဖဲခုံကျေးရွာရဲ့အနားတဝိုက် .....တောင်ကျေးရွာနားမှာ KNPP နဲ့ အကြမ်းဖက် ၁၀၀ လောက်က လုံခြုံရေးယူနေတဲ့စစ်ကြောင်းကို လာရောက်ပစ်ခတ်တိုက်ခဲ့တာ ရှိတယ်။ ကျနော်တို့ဆီက စစ်သည်တချို့ဒဏ်ရာရှိခဲ့တာ ရှိတယ်။”

အိုးပစ်အိမ်ပစ် အသက်လု ရှောင်ပြေးနေကြရတဲ့ ဒုက္ခသည်တွေအတွက် စားရေးသောက်ရေးအပြင် နေရာထိုင်ခင်း၊ အဝတ်အထည်နဲ့ စောင်တွေလည်း အကူအညီလိုအပ်နေတယ်လို့ စစ်ဘေးဒုက္ခသည်တွေက ပြေဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်

================

[[Unicode]]















================

XS
SM
MD
LG