သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် ချုပ်ရမာန်ယူကြောင်း သတင်းထွက်


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်။ (မတ် ၃၀၊ ၂၀၁၈)
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်။ (မတ် ၃၀၊ ၂၀၁၈)

[Zawgyi/Unicode]

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို စစ်အစိုးရက တရားစွဲဆိုပြီး ချုပ်ရမာန်ယူထားတဲ့သတင်း ထွက်နေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ဆက်သွယ်ရေးပစ္စည်းတွေ ခွင့်ပြုချက်မရဘဲ တင်သွင်းမှု၊ သမ္မတဦးဝင်းမြင့်ကိုတော့ ကပ်ဘေးကာလ စည်းကမ်းချိုးဖောက်မှုနဲ့ တရားစွဲထားတယ်ဆိုတာကိုပြတဲ့ တရားရုံးမှတ်တမ်းတွေ အွန်လိုင်းမှာပြန့်နေသလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ တာဝန်ရှိသူတချို့ကလည်း လူမှုဆက်သွယ်ရေးမီဒီယာတွေမှာ ပြောဆိုတာရှိပါတယ်။

နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်တရားရုံးမျာ အွန်လိုင်းကနေ ရုံးတင်ပြီး တရားစွဲလိုက်တယ်ဆိုတာ ပေါ်ထွက်နေတဲ့သတင်းတွေမှာ တွေ့ရပါတယ်။ ဒီလိုတရားစွဲဆိုမှုအတွက် ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့မှာ ဥပဒေအကျိုးဆောင်တွေရဲ့ ကိုယ်စားပြုဆောင်ရွက်ပေးမှု ရမရဆိုတာလည်း အတိအကျ မသိရသေးပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်သွင်းကုန်ဥပဒေ၊ ဦးဝင်းမြင့်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့ နေပြည်တော်၊ ဒက္ခိဏခရိုင်တရားရုံးကနေ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့ထိ ချုပ်ရမန် ၁၄ ရက် ပေးလိုက်ကြောင်း ခိုင်လုံတဲ့သတင်းအရ သိရှိရတယ်လို့ NLD ပါတီရဲ့ ဗဟိုသတင်းပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးကြည်တိုးက သူ့ရဲ့ဖေ့စ်ဘုတ်မှာ ရေးထားပါတယ်။

ဒီအတောအတွင်းမှာပဲ နေပြည်တော် စည်ပင်ရိပ်သာကနေ လွှတ်တော်အမတ်တွေ ထွက်ခွာဖို့ စစ်အစိုးရက ညွှန်ကြားတာကြောင့် အမတ်တွေ ထွက်ကြရပါပြီ။

ဒါပေမယ့် လွှတ်တော်အမတ်တွေအနေနဲ့ ၂၀၀၈ အခြေခံဥပဒေပါ လွှတ်တော်အမတ်အဖြစ်က ပျက်ပြယ်စေတဲ့ ဘယ်လိုပြဌာန်းချက်နဲ့မှ ငြိစွန်းတာ မရှိတဲ့အတွက် အမတ်တွေအဖြစ် ဆက်ပြီး ရပ်တည်သွားမယ့်အကြောင်း NLD ပါတီရဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေက ဒီကနေ့ရက်စွဲနဲ့ နေပြည်တော်၊ စည်ပင်ဧည့်ရိပ်သာ ၂ ကနေ ကြေညာချက်တစောင် ထုတ်ပြန်ထားပါတယ်။

နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် ဖမ်းထားသူအားလုံးကို အမြန်ဆုံးနဲ့ ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့၊ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို လေးစားလိုက်နာပြီး လွှတ်တော်အစည်းအဝေး ခေါ်ယူရေးလုပ်ငန်းစဉ်တွေကို ဟန့်တားပိတ်ဆို့မှုတွေရပ်ဖို့ NLD ပါတီရဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေက အာဏာသိမ်းစစ်အစိုးရကို တောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicod Version]









XS
SM
MD
LG