သုံးရလွယ်ကူစေသည့် Link များ

ခန္တီး ကျောက်စိမ်းနယ်ကို ဆန်၊ ဆီ အများအပြား သယ် ခွင့်ပိတ်


ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (KIA) နဲ့ မြန်မာ့တပ်မတော်ကြားက တိုက်ပွဲတွေကြောင့် တနိုင်းမြို့ ခရစ်ယာန်ကျောင်းမှာ ခိုလှုံနေသူများ။ ( ဇွန် ၁၅၊ ၂၀၁၇)

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်အတွင်း ကျောက်စိမ်းထွက်တဲ့ နန်စီပွန်ဒေသတဝိုက်ကို KIA ကချင်အမျိုးသားလွတ်မြောက်ရေးတပ်တွေ စခန်းချတဲ့နေရာနဲ့ နီးတဲ့အတွက် ဆန်၊ ဆီ စတဲ့ စားနပ်ရိက္ခာ အများအပြားသယ်ဆောင်ခွင့် ပိတ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။ အခုလို ပိတ်ပင်တဲ့ နန်စီပွန်ဒေသမှာ အနီးတဝိုက်မှာ နေထိုင်သူတွေ ၊ ရေမဆေးကျောက် ရှာဖွေသူတွေအတွက် စားရေးသောက်ရေး အခက်အခဲဖြစ်စေကြောင်း ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်က ကျောက်စိမ်းထွက်ရာ နန်စီပွန်ဒေသမှာ စက်တင်ဘာလ လယ်လောက်ကစပြီး ဒေသဆိုင်ရာ အာဏာပိုင် တွေက ဆန်နဲ့ဆီ အများအပြား သယ်ဆောင်ခွင့် ပိတ်ပင်ထားပါတယ်။ ဒါကြောင့် အဲဒီဒေသတွင်း လုပ်ကိုင်စားသောက် သူတွေ အတွက် အခက်အခဲဖြစ်နေကြောင်း ခန္တီးမြို့ခံ ကိုအောင်ဆန်းမြင့်က ပြောပါတယ်။

“ပိတ်ထားတာက နန်စီပွန်ရယ်၊ ဘလူးမုန်းကျေးရွာတွေကို ပိတ်ထားတယ်ဗျ။ ဘလူးမုန်းကျေးရွာလည်း ဆန်တွေ၊ ဆီတွေ လုံးဝချခွင့်မပေးဘူး။ သူတို့ အကြောင်းပြချက် ကတော့ KIA (နယ်မြေ) မို့လို့၊ ဒါက စစ်ဖြစ်တဲ့နယ် - KIA ကို ထောက်ပံ့လို့ ဆိုပြီးမှ သူတို့က ပထမ အကြောင်းပြချက်ပေးတယ်။ အဲဒီ တုန်းကလည်း ကျနော်တို့ ကိုယ်စားလှယ်တွေက တချို့ဟာတွေက ကန့်ကွက်တယ်။ ဒါ စစ်ဖြစ်တဲ့နယ်မြေ မဟုတ်ဘူးပေါ့။ ပိတ်စရာအကြောင်း မရှိဘူးပေါ့။ ဘလူးမုန်းကျေးရွာဆို စက်တင်ဘာလ ၂ ရက်နေ့လောက်က စပိတ်တာ။ အခု ကျနော်တို့ နန်စီပွန်ကို ပိတ်တာတော့ ၁၄ ရက်နေ့က ပိတ်တာ။ အခု ဘလူးမုန်း - တနိုင်းဘက်ကိုတက်မယ့် ဆန်တွေ၊ ဆီတွေကိုပိတ်တာ။ ခန္တီးမြို့ကနေ ဘလူးမုန်းကျေးရွာကို ဖြတ်ရမှာကို။ ဘလူးမုန်းကျေးရွာ အထက် ဘက်ကိုတက်လို့ တနိုင်းကိုပိတ်တယ်ဆို ကျနော်တို့က လက်ခံလို့ရသေးတယ်။ အခုဟာက ဘလူးမုန်းကျေးရွာ အတောအတွင်းကို၊ ဘလူးမုန်း ရွာနား လေးကို ဆန်တွေ ဆီတွေ သယ်ယူခွင့်မပေးဘူးဆိုတော့ ပြည်သူတွေ တော်တော်လေး ဒုက္ခရောက်တယ်။ စားဝတ်နေရေးလည်း အခက်အခဲဖြစ်တယ်။ ဆန်တွေရော၊ ဆီတွေရော တင်ခွင့်မပေးဘူး ဆိုတော့ ဘယ်လို လုပ်ကိုင် စားသောက်မလဲ။ လောလောဆယ်တော့ နည်းနည်းပါးပါးတော့ သယ်ယူခွင့်တော့ ရသေးတယ်။”

တနိုင်းဒေသဘက်မှာတော့ ပြီးခဲ့တဲ့ လတွေကတည်းက ဆန်သယ်ဆောင်ခွင့် ပိတ်ပင် ထားတာပါ။ အခု ပိတ်ပင်တဲ့ နန်စီပွန်ဒေသဟာ စစ်ဖြစ်နေတဲ့အရပ် မဟုတ်ပေမယ့် KIO စခန်းချတဲ့နေရာနဲ့ နီးစပ်တာကြောင့် ပိတ်ပင်တာလို့ ယူဆကြပေမယ့် အဲဒီဒေသဟာ KIO စခန်းချတဲ့ လမ်းကြောင်းနဲ့ မသက်ဆိုင် ဘူးလို့လည်း ပြောပါတယ်။

“KIA ကတော့ ခန္တီးဟိုဘက် ဖားလမုန်း - နန်စီပွန်ရဲ့ဟိုဘက်ဆိုရင်တော့ KIA နဲ့တော့ နီးတယ်။ KIA ကတော့ အဲလိုမျိုး လာတာတော့ မရှိဘူး။ ဒီဒေသ မှာတော့ တခါမှတော့ မရှိဘူး။ ဒီဒေသက KIA နဲ့တော့ နီးတယ်။ နယ်စပ်ပုံစံမျိုး ဖြစ်နေတာ။ KIA ရှိတယ်။ ဒီမှာတော့ ကချင်ပြည်နယ်ထွက်တဲ့ - နန်စီပွန် ကနေ ထွက်လိုက်တယ်ဆိုရင် ဖားလမုန်းလမ်းဆိုတာရှိတယ်။ အဲဒီဘက်မှာတော့ KIA ထိုင်တယ်။”

ပြီးခဲ့တဲ့ ဇွန်လအတွင်း တနိုင်းမြို့နယ်မှာ မှော်တွင်းတွေမှာ လုပ်ကိုင်စားသောက်နေတဲ့ ဒေသခံတွေနဲ့ ရွှေပယင်းမှော် လုပ်နေသူတွေကို ထွက်ခွာသွားကြဖို့ မြန်မာ့တပ်မတော်က ရဟတ်ယာဉ်နဲ့ စာတွေ ကြဲချခဲ့ပြီးတဲ့နောက် မြန်မာ့တပ်မတော်နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ အဲဒီဒေသဘက်မှာ ပြီးခဲ့တဲ့လကတည်းက စတင်ပြီး ဆန်သယ်ယူမှုကို ဖြတ်တောက်ထားတာကြောင့် စစ်ဘေးရှောင်သူတွေလည်း နေရပ် မပြန်နိုင်သလို နေထိုင်စားသောက်ရေး ခက်ခဲနေကြရပါတယ်။ မြန်မာ့တပ်မတော်ဘက် ကတော့ KIA ထိန်းချုပ်တဲ့ တနိုင်းမှော်တွင်းဘက်ကို နယ်မြေ ရှင်းလင်းရေး ဆက်လုပ်နေ သလို KIA စခန်းတွေနဲ့ အနီးဆုံးရှိတယ်လို့ ယူဆရတဲ့ နန်စီပွန်ဘက်ကိုလည်း ရိက္ခာဖြတ်တောက်နေကြောင်း ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။

XS
SM
MD
LG