သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမန်အမည်နဲ့ နိုင်ငံသားမှတ်ပုံတင်ထုတ်ပေးမှု ရခိုင်လွှတ်တော်ဆွေးနွေး


ရခိုင်ပြည်နယ်လွှတ်တော်
ရခိုင်ပြည်နယ်လွှတ်တော်

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျော်နီမော်ကျေးရွာမှာ တိုင်းရင်းသားမဟုတ်တဲ့ မွတ်ဆလင်တွေကို ကမန်တိုင်းရင်း သားလူမျိုးအမည်ခံ နိုင်ငံသားစီစစ်ရေးကတ်တွေ ထုတ်ပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေထွက်နေပြီး ဒီကိစ္စ ပြန်လည်စီစစ်ဖို့နဲ့ မှားယွင်းထုတ်ပေးတဲ့ကိစ္စ ရုပ်သိမ်းပေးဖို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းရေး ရခိုင်ပြည်နယ် လွှတ်တော်က မဲခွဲအတည်ပြုလိုက်ပါတယ်။ အခု ကျောက်နီမော် ကျေးရွာမှာတော့ နိုင်ငံသား စီစစ်ရေးကဒ် ပြုလုပ် တာကိုရပ်ဆိုင်းထားပြီး ဒီကိစ္စပြည်ထောင်စုအဆင့်ကနေ စီစစ်သွားမယ်လို့လဲဆိုပါတယ်။ VOA ထိုင်းအခြေစိုက် သတင်းထောက်နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာမှာ မှတ်ပုံတင်ထုတ်ပေးနေတာတွေကို ပြည်လည်စီစစ်ဖို့ ပြည်ထောင်စုအစိုးရ ကို တိုက်တွန်းကြောင်းအဆို ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ မဲခွဲဆုံးဖြတ်ခဲ့တာနဲ့ပတ်သက်ပြီး လွှတ် တော်ဒုတိယဥက္ကဌ ဦးမြသန်းက ဗွီအိုအေကိုပြောပါတယ်။

"ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာမှာ ဘင်္ဂလီတွေကို ကမန်လူမျိုးဆိုပြီးတော့မှ နိုင်ငံသားစီစစ်ရေးကဒ်ပြားတွေ ထုတ်ပေးနေတာနဲ့ပက်သက်လို့ ရမ်းဗြဲမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦးကနေပြီးတော့မှ အဆို တရပ် တင်သွင်းပါတယ်။ အဲဒီအဆိုအပေါ်မှာ လွှတ်တော် ကိုယ်စားလှယ်(၃)ဦးက ထောက်ခံဆွေးနွေး ပါတယ်။ အစိုးရ အဖွဲ့ကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ပြည်ထောင်စု ကလဲ မှားယွင်းစွာ ထုတ်ပေးခဲ့တာများလားဆိုပြီးမှ ပြန်စစ်မှာဖြစ် တဲ့အတွက်ကြောင့် ဒါကိုမှတ်တမ်းအဖြစ်ထားပေးဖို့ပြောတယ်။ အဲတာကြောင့်မနေ့ကလွှတ်တော်မှာ အဲဒီအဆိုနဲ့ ပတ်သက်လို့မဲခွဲဆုံးဖြတ်တဲ့အခါကျတော့ ဒီအဆိုဟာ အောင်မြင်သွားပါတယ်။ ကျွန်တော် တို့လွှတ်တော်က နေပြီး တော့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ကို အဆိုအောင်မြင်ကြောင်းကို ဆက်လက်ပေးပို့မှာ ဖြစ်ပါတယ်။"

ပြီးခဲ့တဲ့သြဂုတ်လကုန်ပိုင်းမှာ နေပြည်တော် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက တာဝန်ရှိသူတွေကနေ ကျောက်နီမော် ကျေးရွာကိုရောက်လာပြီး လူဦးရေ စုစုပေါင်း ၃၃၀၀ ကျော်ကို နိုင်ငံသားစိစစ်ရေးကဒ်တွေထုတ်ပေးခဲ့ပါတယ်။

နိုင်ငံသား စိစစ်ရေးကဒ် ထုတ်ပေးတဲ့အထဲမှာ သူတို့ကို သူတို့ ရိုဟင်ဂျာလို့ခေါ်တဲ့ မူဆလင်တွေ ပါနေတယ်ဆိုပြီး ကန့်ကွက်နေကြတာပါ။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို အသိအမှတ်ပြုဖို့ ငြင်းဆိုထား သလို ရခိုင်ပြည်နယ်က မွတ်ဆလင်တွေ အဖြစ်သာ ခေါ်ဝေါ်သုံးနှုန်းပါတယ်။

မွတ်ဆလင်တွေကို နိုင်ငံသားစီစစ်ရေးကဒ်တွေပြုလုပ်ပေးခဲ့တယ်ဆိုပြီး ရမ်းဗြဲမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ် စားလှယ်က အဆိုတင်သွင်းခဲ့တာကိုတော့ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌဦးမြသန်း ကအခုလို ဆက်ပြောပါတယ်။

"အဆိုရှင်ရဲ့တင်သွင်းချက်အရဆိုလို့ရှိရင် လူဦးရေ ကျားက (၁၄၅၆)ယောက် မက(၁၈၅၀)။ (၃၂၀၀)ကျော်တယ်ပေါ့။ ကမန်တိုင်းရင်းသားအမည်နဲ့ နိုင်ငံသား စိစစ်ရေးကဒ်ပြားထုတ်ပေးပြီးဖြစ်ကြောင်းကို အဲဒီအဆိုမှာ ပါပါတယ်။ နဂို တကယ့် တကယ်ကမန်ရှိတာကတော့ (၂၉၅) ယောက်ရှိတယ်ပြောတယ်။ (၂၀၁၅) ခုနှစ်နိုဝင်ဘာလ မဲစာရင်းအရပေါ့။"

ကျောက်နီမော်ကျေးရွာမှာ စာရင်းအရ ကမန်တိုင်းရင်းသားဦးရေ (၂၉၅) ယောက် သာရှိနေပြီး နိုင်ငံသားစီစစ်ရေး ကတ်(၃၀၀၀)ကျော် ထုတ်ပေးတဲ့ဖြစ်စဉ်အပေါ် ကမန်တိုင်းရင်းသားတွေကလဲ ကန့်ကွက်ခဲ့ပါတယ်။ ကျောက်နီ မော်ရွာသား ကမန် တိုင်းရင်းသားတဦးက အခုလို ပြောပါတယ်။

"အဲတာဘယ်လိုမှ လက်ခံလို့မရဘူး။ ကျွန်တော်တို့အနေနဲ့လဲ ဆက်လက်ပြီးတော့ ကန့်ကွက်သွားဖို့ ဆိုရင် ဘာလို့ လဲဆိုတော့ သူတို့က ကမန်လူမျိုးမှမဟုတ်ဘဲ။ ကမန်လူမျိုး ဆိုတာ တိုင်းရင်းသားမျိုးနွယ်စုတခုလေ။"

အခုတော့ ကန့်ကွက်မှုတွေရှိတဲ့အတွက် နိုင်ငံသားစိစစ်ရေးလုပ်ငန်းတွေကို လောလောဆယ် ရပ်ဆိုင်းထားတယ်လို့ ဦးမြသန်း ကပြောပါတယ်။

"အခုလောလောဆယ်ဆယ်ရပ်ဆိုင်းထားပါတယ်လို့။ ပြည်ထောင်စုဝန်ကြီး ကတော့သတင်းစာရှင်းလင်းပွဲ တခုမှာ သူပြောသွားတာကတော့ ဒါဥပဒေနဲ့ အညီစီစစ်ပြီးချပေး တာလား။ ဒါပေမဲ့ ဒီဟာကိုပြန်ပြီးမှ စီစစ်ပေးပါမယ် ဆိုပြီး တော့မှ သူကပြောသွားပါတယ်။ မနေ့ကလွှတ်တော်မှာ အစိုးရအဖွဲ့က ဝန်ကြီးတပါးက သူတို့ရဲ့သဘောထားကို ပြောသွားတာကတော့ တိုင်းနဲ့ပြည်နယ်အသီးသီးက လဝကဒုညွှန်မှူးတွေ လက်ထောက်ညွှန်မှူးတွေခေါ်ပြီးတော့မှ အမှုတွဲ(၃၀၀၀)ကျော် ကိုပြန်ပြီးတော့မှ စိစစ်နေပါတယ်ပြောသွားပါတယ်။"

ဒီကိစ္စ ပြန်လည်စိစစ်ပြီး ရှင်းလင်းတင်ပြသွားမယ်လို့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးသိန်းဆွေ ကလည်း စက်တင် ဘာ (၂၀) ရက်နေ့က နေပြည်တော် သတင်းစာရှင်းလင်းပွဲ မှာပြောဆိုခဲ့ပါတယ်။

ကျောက်နီမော်ကျေးရွာအတွင်း နိုင်ငံသား စီစစ်ရေးကဒ်တွေ ထုတ်ပေးခဲ့တာနဲ့ ပတ်သက်ပြီး ကမန်အမျိုးသား တိုးတက်ရေးပါတီနဲ့ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီတို့ကလည်း စက်တင်ဘာဆန်းမှာ ပြည်ထောင်စုအစိုးရနဲ့ ရခိုင်ပြည်နယ်အစိုးရထံ ကန့်ကွက်စာပေးပို့ ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG