သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NATO ရုံးချုပ်မှာ ၃၂ နိုင်ငံမြောက်အဖွဲ့ဝင် ဆွီဒင်အလံလွှင့်တင်


ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့မှာ မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့ဌာနချုပ်မှာ အဖွဲ့ဝင်သစ်ဖြစ်လာတဲ့ ဆွီဒင်နိုင်ငံအလံကို လွှင့်ထူစဥ်။ (မတ်လ ၁၁၊ ၂၀၂၄)
ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့မှာ မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့ဌာနချုပ်မှာ အဖွဲ့ဝင်သစ်ဖြစ်လာတဲ့ ဆွီဒင်နိုင်ငံအလံကို လွှင့်ထူစဥ်။ (မတ်လ ၁၁၊ ၂၀၂၄)

ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့က မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့ NATO ရုံးချုပ်မှာ ဆွီဒင်နိုင်ငံအလံကို တနင်္လာနေ့က ပထမဆုံးလွှင့်ထူလိုက်ပါတယ်။ ၃၂ နိုင်ငံမြောက် နေတိုးအဖွဲ့ဝင်ဖြစ်လာတဲ့ ဆွီဒင်ကို ကြိုဆိုတဲ့အနေနဲ့ ခုလို လွှင့်ထူလိုက်တာပါ။

ဆွီဒင်ဝန်ကြီးချုပ် Ulf Kristersson နဲ့ နေတိုးအတွင်းရေးမှူးချုပ် Jens Stoltenberg တို့ ပူးတွဲကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာ နေတိုးအဖွဲ့ဟာ ပိုမိုစည်းလုံးပြီး ခိုင်မာအားကောင်းလာတယ်လို့ ပြောသွားပါတယ်။ ဒုတိယကမ္ဘာစစ် နောက်ပိုင်း ဒေသတွင်းလုံခြုံရေးဟာ ခုအချိန်လောက် စိုးရိမ်စရာမရှိခဲ့ဘဲ ရုရှားဟာ Euro-Atlantic ဒေသ လုံခြုံရေးကို ဆက်ပြီးခြိမ်းခြောက်တယ်လို့ ဆွီဒင်ဝန်ကြီးချုပ် Kristersson ကပြောပါတယ်။ ဒါကြောင့်လည်း နှစ်ဦးနှစ်ဘက်လုံခြုံရေးအတွက် နေတိုး ကာကွယ်ရေးမဟာမိတ်နိုင်ငံအဖြစ် လျှောက်ထားခဲ့တာပါလို့လည်း ဆွီဒင်ဝန်ကြီးချုပ်က ပြောပါတယ်။

၂၀၂၂ ခုနှစ်မှာ ယူကရိန်းကို ရုရှားတို့ကျူးကျော်တိုက်ခိုက်ခဲ့တာကြောင့် စစ်ရေးအရ ကြားနေနိုင်ငံအဖြစ်ရပ်တည်ခဲ့ကြတဲ့ ဆွီဒင်နဲ့ဖင်လန်နိုင်ငံတို့လည်း နေတိုးအဖွဲ့ဝင်ဖို့ အကြောင်းဖြစ်လာတာပါ။

ယူကရိန်းကို စတင်ကျူးကျော်လိုက်တဲ့အချိန်မှာ ရုရှားသမ္မတ ဗလာဒီမီယာပူတင်ရဲ့ရည်မှန်းချက်က ဆန့်ကျင်ဘက်ရလဒ်တွေဖြစ်သွားစေတယ်လို့ နေတိုးအတွင်းရေးမှူးချုပ် Stolenberg က ပြောပါတယ်။ ဘေးပတ်ဝန်းကျင်နိုင်ငံတွေကို သြဇာလွှမ်းမိုးပြီး နေတိုးအဖွဲ့ဝင်တွေနည်းသွားစေချင်တဲ့ရုရှားဟာ အချုပ်အခြာအာဏာပိုင်ယူကရိန်းကို ဖျက်ဆီးချင်ပေမယ့် အောင်မြင်မှုမရတဲ့အပြင် နေတိုးအဖွဲ့ဟာလည်း ပိုလို့တောင် အားကောင်းလာတယ်လို့ လည်းပြောပါတယ်။ ယူကရိန်းလည်း နေတိုးအဖွဲ့ဝင်ဖြစ်ဖို့ ပိုမိုနီးကပ်လာပြီလို့လည်း မစ္စတာ Stolenbery က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

ဆွီဒင်ကို နေတိုးအဖွဲ့ဝင်အဖြစ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြီးခဲ့တဲ့ ကြသပတေးနေ့မှာ တရားဝင်ကြိုဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG