သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၂၃ NATO အဖွဲ့ဝင်တိုးချဲ့ပေမယ့် ယူကရိန်းကိစ္စ မတင်မကျရှိဆဲ (နှစ်ချုပ်သတင်း)


NATO အတွင်းရေးမှူးချုပ် Jens Stoltenberg,(ဝဲ) ယူကရိန်းသမ္မတ Volodymyr Zelenskyy တို့ကို ယူကရိန်းနိုင်ငံ Kyiv မြို့မှာ တွေ့ဆုံဆွေးနွေးကြစဥ်။ (စက်တင်ဘာ ၂၈၊ ၂၀၂၃)
NATO အတွင်းရေးမှူးချုပ် Jens Stoltenberg,(ဝဲ) ယူကရိန်းသမ္မတ Volodymyr Zelenskyy တို့ကို ယူကရိန်းနိုင်ငံ Kyiv မြို့မှာ တွေ့ဆုံဆွေးနွေးကြစဥ်။ (စက်တင်ဘာ ၂၈၊ ၂၀၂၃)

ရုရှားက ယူကရိန်းကိုကျူးကျော်တိုက်ခိုက်နေစဉ်မှာပဲ ၂၀၂၃ ခုနှစ်မှာ နေတိုးစစ်မဟာမိတ်အဖွဲ့က ဖင်လန်နိုင်ငံကို ၃၁ နိုင်ငံမြောက်အဖွဲ့ဝင်အဖြစ် လက်ခံကြိုဆိုခဲ့ပါတယ်။ ဆွီဒင်နိုင်ငံကတော့လျှောက်ထားဆဲဖြစ်ပြီး ယူကရိန်းအဖွဲ့ဝင်ဖြစ်ဖို့ကတော့ အခက်အခဲတွေဆက်လက်ရင်ဆိုင်နေရဦးမှာဖြစ်ပါတယ်။ ဟင်နရီရစ်ချ်ဝဲလ် (Henry Ridgwell) ရဲ့ သတင်းလွှာကို- ကိုဇော်မိုးကျော်က တင်ပြပေးထားပါတယ်။

ရုရှားကယူကရိန်းပေါ် အင်အားပြည့်ကျူးကျော်တိုက်ခိုက်မှုဟာ NATO မြောက်အတ္တလန်တစ်စစ်မဟာမိတ်အဖွဲ့ကို ပြောင်းလဲသွားစေပါတယ်။ ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလအတွင်းရုရှားတပ်တွေစတင်ကျူးပြီး မကြာမီမှာပဲ ဖင်လန်နဲ့ဆွီဒင်နိုင်ငံတွေက ဒီအနောက်တိုင်းစစ်မဟာမိတ်အဖွဲ့ကိုဝင်ဖို့လျှောက်ထားခဲ့ကြပါတယ်။

ဧပြီလထဲမှာတော့ ဖင်လန်နိုင်ငံဟာ ၃၁ နိုင်ငံမြောက်အဖွဲ့ဝင်ဖြစ်လာပါတယ်။ ဖင်လန်သမ္မတ စောင်လီနီနစ္စတို (Sauli Niinisto) ကအခုလို ပြောဆိုခဲ့ပါတယ်။

“ခေတ်သစ်တခုစတင်ပြီဖြစ်ပါတယ်။ နိုင်ငံတိုင်းဟာ သူတို့ရဲ့လုံခြုံရေးကို အမြင့်ဆုံးမြှင့်တင်ကြပါတယ်။ ဒါကြောင့် ဖင်လန်လည်း ထို့အတူလုပ်ရပါမယ်။ NATO အဖွဲ့ဝင်ဖြစ်လာတဲ့အတွက် ဖင်လန်နိုင်ငံရဲ့ နိုင်ငံတကာအနေအထားနဲ့ စီစဉ်လှုပ်ရှားဆောင်ရွက်နိုင်မှုတွေ ပိုအားကောင်းလာစေပါတယ်။”

NATO အဖွဲ့ဝင်ဖြစ်တဲ့ တူရကီကလက်ခံခြင်းမရှိသေးတဲ့အတွက် ဆွီဒင်နိုင်ငံကတော့ အဖွဲ့ဝင်ဖြစ်ဖို့ စောင့်ဆိုင်းနေရဆဲဖြစ်ပါတယ်။ တူရကီက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသူတွေကို ဆွီဒင်ကထောက်ပံ့နေတယ်လို့စွပ်စွဲထားပါတယ်။

ဆွီဒင်ကိစ္စနဲ့ပတ်သက်ပြီး တူရကီလွှတ်တော်မှာဆွေးနွေးနေဆဲပါ။ NATO အတွင်းရေးမှူး Jens Stoltenberg ကအခုလိုပြောပါတယ်။

“တူရကီလွှတ်တော်အနေနဲ့ အမြန်ဆုံးဆွေးနွေးဆုံးဖြတ်နိုင်မယ်လို့မျှော်လင့်ပါတယ်။ ဒါမှ ဆွီဒင်ကိစ္စ အဆုံးသတ် အတည်ပြုနိုင်မှာဖြစ်ပါတယ်။”

၂၀၂၃ ခုနှစ်အတွင်း NATO က ယူကရိန်းကို တိုးမြှင့်ကူညီပါတယ်။ လက်နက်ခဲယမ်းတွေထောက်ပံ့ခဲ့သလို သင်တန်းတွေလည်းပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ လစ်သူရေးနီးယားမြို့တော ဗေးနီးရပ်စ် (Vilnius) မှာ NATO နှစ်ပတ်လယ်ညီလာခံလုပ်ခဲ့စဉ်တုန်းက ယူကရိန်းကိုအဖွဲ့ဝင်အဖြစ် လက်ခံမယ့် NATO ရဲ့ရပ်တည်ချက်ကို ထပ်မံအတည်ပြုခဲ့ပါတယ်။

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒစ်မစ်ထြိုကူလက်ဗာ (Dmytro Kuleba) က အခုလိုပြောဆိုခဲ့ပါတယ်။

“ကျနော်တို့ဟာ နည်းပညာအရ စီမံခန့်ခွဲမှုပုံစံအရ စစ်တပ်ကိုကိုင်တွယ်လှုပ်ရှားတဲ့စည်းမျဉ်းတွေကအစ NATO ရဲ့ တပ်ဖွဲ့ပုံစံဖြစ်လာနေပါပြီ။”

ယူကရိန်းအဖွဲ့ဝင်ဖြစ်ရေးဟာ NATO ခေါင်းဆောင်တွေအတွက် နိုင်ငံရေးဆုံးဖြတ်ချက်တခုဖြစ်ပါတယ်လို့ NATO ရဲ့ မူဝါဒရေးရာအကြီးအကဲဟောင်း ဖါဘရိစ် ပါသီရာ (Fabrice Pothier) ကပြောပါတယ်။

“ကျနော်ထင်တာက ယူကရိန်းဟာ မဟာမိတ်ဖြစ်လာနိုင်ခြေရှိတဲ့နိုင်ငံတွေထဲက အလွန်စွမ်းဆောင်ရွည်ကောင်းတဲ့ နိုင်ငံတခုဖြစ်ပါတယ်။ ဒါပေမယ့် အခြေခံကျတဲ့မေးခွန်းတခုကတော့ နိုင်ငံရေးမေးခွန်းဖြစ်ပါတယ်။ ယူကရိန်းအဖွဲ့ ဝင်ဖြစ်ရေးကို စောင့်ဆိုင်းနေတာထက် အခုအချိန်မှာ အဖွဲ့ဝင်အဖြစ်လက်ခံလိုက်ရင် ပိုပြီးအကျိုးရှိမလား၊ ပိုပြီးအန္တရာယ်များမလား ဆိုတဲ့မေးခွန်းဖြစ်ပါတယ်။”

ယူကရိန်းဟာ ရုရှားကျူးကျော်မှုကို ခုခံတိုက်ခိုက်နေစဉ် NATO အဖွဲ့ဝင်ဖြစ်ရေးနဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင်ဖြစ်ရေးကို ဆွေးနွေးပါတယ်။

တချို့ NATO အဖွဲ့ဝင်တွေကတော့ ယူရိန်းအဖွဲ့ဝင်ဖြစ်ရေးကို စစ်ပြီးတဲ့အထိ စောင့်စေ့ချင်ပါတယ်။ ဒါပေမယ့်လည်း အဲဒိလိုလုပ်ရင် စစ်ပွဲဟာပိုတာရှည်သွားမယ်လို့ NATO မူဝါဒရေးရာအကြီးအကဲဟောင်း ဖါဘရိ ပါသီရာ (Fabrice Pothier) ကငြင်းချက်ထုတ်ပါတယ်။

“စစ်ပြီးမှအဖွဲ့ဝင်အဖြစ်လက်ခံမယ်ဆိုရင်ရုရှားသမ္မတပူတင်က စစ်ကိုအရှိန်ဆက်မြှင့်ထားစရာအကြောင်းတခုဖြစ်လာမှာပါ။ စစ်ကိုဆက်တိုက်နေမယ်ဆိုရင် ယူကရိန်းအဖွဲ့ဝင်ဖြစ်လာမှာမဟုတ်တော့ပါဘူး။”

ဒါဟာ NATO အတွက် အကြပ်အတည်းပြဿနာတခုဖြစ်ပါတယ်။ ယူကရိန်းအဖွဲ့ဝင်ဖြစ်လာဖို့ကတော့ မသေချာမရေရာ သေးတဲ့အခြေအနေမှာရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG