သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ကာကွယ်ရေး အသုံးစရိတ်ဥပဒေ မြန်မာ့အရေးမှာ တွန်းအားဖြစ်ဖို့ တက်ကြွသူတွေမျှော်လင့် 


US Congress
US Congress

အမေရိကန်အောက်လွှတ်တော်က အတည်ပြုလိုက်တဲ့ ကာကွယ်ရေး အသုံးစရိတ်ဥပဒေ NDAA မှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ထည့်သွင်းထားတဲ့အပေါ် တက်ကြွလှုပ်ရှားသူတွေ ကြိုဆိုလိုက်ကြပါတယ်။ ကိုဉာဏ်ဝင်းအောင် က စုစည်းတင်ပြထားပါတယ်။ 

ကန်ကာကွယ်ရေး အသုံးစရိတ်ဥပဒေ မြန်မာ့အရေးမှာ တွန်းအားဖြစ်ဖို့ တက်ကြွသူတွေမျှော်လင့်

{{Zawgyi/Unicode}}
အမေရိကန်အောက်လွှတ်တော်က အတည်ပြုလိုက်တဲ့ ကာကွယ်ရေး အသုံးစရိတ်ဥပဒေ NDAA မှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ထည့်သွင်းထားတဲ့အပေါ် တက်ကြွလှုပ်ရှားသူတွေ ကြိုဆိုလိုက်ကြပါတယ်။ ဥပဒေ အတည်ဖြစ်လာတဲ့အခါ စစ်ကောင်စီရဲ့ အဓိက ဝင်ငွေလမ်းကြောင်းဖြစ်တဲ့ MOGE မြန်မာ့ရေနံနဲ့ သဘာဝဓါတ်ငွေ့ လုပ်ငန်းကို ပိတ်ဆို့ဒဏ်ခတ်တာ အပါအဝင် အမေရိကန်က ဖိအားတွေ ပိုများလာနိုင်တယ်လို့လည်း ခန့်မှန်းနေပါတယ်။ ကိုဉာဏ်ဝင်းအောင် က စုစည်းတင်ပြထားပါတယ်။

ရှေ့လာမယ့် ၂၀၂၃ ခုနှစ် ဘဏ္ဍာနှစ်အတွက် နိုင်ငံတော် ကာကွယ်ရေး အသုံးစရိတ်ဥပဒေကြမ်း Nattional Defense Authorization Act 2023(NDAA)ကို အမေရိကန် အောက်လွှတ်တော်က ဒီဇင်ဘာလ(၇)ရက် ဗုဒ္ဓဟူးနေ့မှာ မဲခွဲအတည်ပြုလိုက်တာပါ။ မနှစ်တုန်းက ဥပဒေမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အင်ဒို-ပစိဖိတ်ဒေသ ခေါင်းစဉ်အောက်မှာသာ အကျဉ်းရုံးထည့်သွင်း ခဲ့ပေမယ့် ဒီနှစ်မှာတော့ ၂၀၂၂ ခုနှစ် မြန်မာနိုင်ငံဆိုင်ရာ ဥပဗဒ Burma ACT of 2022 ကို ထည့်သွင်းထားတယ်လို့ အမေရိကန်လွှတ်တော်မှာ Burma ACT ဥပဒေမူကြမ်း အတည်ပြုနိုင်ရေး စည်းရုံးလှုပ်ရှားနေတဲ့ မေရီလန်းပြည်နယ် ချင်းတိုင်းရင်းများအဖွဲ့(CAM)ရဲ့ဒါရိုက်တာ ပူးဇိုသုန်းမှုန် က ခုလို ပြောပါတယ်။

ပူးဇိုသုန်းမှုန် ။. ။ Burma Act of 2021 လိုခေါ်တဲ့ Burma Act ထဲမှာ ပါတဲ့အချက်တွေကို အခု NDAA မှာ ထဲ့ထားတယ်။ အဲဒါ ထူးခြားတယ်။ ဥပမာ ဖက်ဒရယ်ကိစ္စတို့၊ လက်နက်ကိုင်အဖွဲ့တွေကိုလည်း လက်နက်မှအပ တခြားဟာတွေ ကူညီရမယ်ဆိုတာပါတယ်။ NUG ကိုလည်း အကူအညီပေးမယ်။ တခြား. NUCC တို့ CRPH တို့ CDM နဲ့ PDF တို့ကိုလည်း အကူအညီပေးမယ်ဆိုတာလည်း ပါတယ်။ ထူးခြားပါတယ်။

အဲဒီအချက်တွေအပြင် တိုင်းရင်းသားပြည်နယ်တွေနဲ့ တိုင်းရင်းသားတွေကြားမှာ ဖယ်ဒရယ်စနစ် ခိုင်မာလာစေရေး အထောက်ကူဖြစ်မယ့် အစီအစဉ်တွေပေးဖို့လည်း ပါဝင်ပါတယ်။ စစ်တပ် အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး၊ အရပ်သား အုပ်ချုပ်မှု ပြန်လည်ပေါ်ပေါက်လာအောင် ထုတ်ဖော်ပြောကြားပြီး လှုပ်ရှားနေတဲ့ စစ်တပ် တပ်ဖွဲ့ဝင်ဟောင်းတွေကို ကူညီထောက်ပံ့ဖို့ကိုလည်း ထည့်ထားပါတယ်။

ဒါ့အပြင် ရုရှားနဲ့ တရုတ်နိုင်ငံတွေက မြန်မာစစ်တပ်ကို ထောက်ပံ့ကူညီမှုနဲ့ ပတ်သက်လို့ တာဝန်ယူမှု တာဝန်ခံမှု ရှိစေရေး ဆိုတဲ့အချက်တွေကိုလည်း ထည့်သွင်းဖေါ်ပြထားတာပါ။

ဒဏ်ခတ်ပိတ်ဆို့ရေးနဲ့ မြန်မာပြည်သူတွေကို အလေးထားဆက်ဆံပြီး ပူးပေါင်းဆောင်ရွက်ရေး အပိုင်းမှာတော့ လူ့အခွင့်အရေး ချိုးဖေါက်နေတဲ့ မြန်မာစစ်ကောင်စီနဲ့ အဝန်းအဝိုင်းကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်သွားရေးတွေ ဖေါ်ပြထားသလို စစ်ကောင်စီက ထိန်းချုပ်ထားတဲ့ စီးပွားရေးလုပ်ငန်းကြီးတွေကိုပါ ဒဏ်ခတ်အရေးယူဖို့အချက်တွေ ပါဝင် ပါတယ်။ အဲဒီအထဲမှာ စစ်ကောင်စီအတွက် အဓိက ဝင်ငွေလမ်းဖြစ်တဲ့ MOGE ကိုပါ အရေးယူဖို့ အကြံပြုထားတာပါ။

အမေရိကန် လွှတ်တော်အနေနဲ့ MOGE ကို ဒဏ်ခတ်ပိတ်ဆို့ရေး ဆုံးဖြတ်ဖို့ အချိန်အတော်ကြာ လက်တွန့်နေခဲ့တာပါ။ ဒါဆိုရင် MOGE ကိုအရေးယူဖို့ ဘယ်လောက်ထိ အလားအလာ ရှိနိုင်ပါသလဲ။ ပူးဇိုသုန်းမှုန်ကတော့ မျှော်လင့်ချက် အများကြီးထားတယ်လို့ ဆိုပါတယ်။

ပူးဇိုသုန်းမှုန် ။. ။ MOGE ကိစ္စကို လက်ရှိမူကြမ်းမှာကို ပါပါတယ်။ အဲဒါကို Republican နဲ့ Democratic ကလည်း သဘောတူညီပါတယ်။ လွှတ်တော် ၂ရပ်ကြားလည်း သဘောတူညီမှုရထားပြီးပြီ။ တကယ်လို့များ မျှော်လင့်သလိုဖြစ်လာရင် သမ္မတ ကလည်း လက်မှတ်ထိုးမယ်လို့ မျှော်လင့်ရပါတယ်။ သမ္မတ က လက်မှတ်ထိုးပြီဆိုရင်တော့ အရေးယူမှုက လုပ်ကိုလုပ်ရမှာပဲ။ ဒီလ ဒီနှစ်မကုန်ခင် သမ္မတ ဆီကို ရောက်မယ် မျှော်လင့်ပါတယ်။

ဒေါ်လာ ၈၅၈ ဘီလီယံ သုံးစွဲမယ့် ကာကွယ်ရေး အသုံးစရိတ်ဥပဒေကိုတော့ အောက်လွှတ်တော်မှာ ထောက်ခံမဲ ၃၅၀၊ ကန့်ကွက်မဲ ၈၀ နဲ့ ဗုဒ္ဓဟူးနေ့က အတည်ပြုလိုက်တာပါ။ ဒါဟာဆိုရင် သမ္မတ Joe Biden အစိုးရက အဆိုပြုခဲ့တဲ့ ပမာဏထက်လည်း ၄၅ ဘီလီယံ ပိုများပါတယ်။

၂၀၂၃ ဘဏ္ဍာနှစ်အတွက် သုံးစွဲမယ့် အထဲမှာတော့ အမေရိကန်တပ်ဖွဲ့ဝင်တွေအတွက် လစာ ၄.၆ ရာခိုင်နှုန်း တိုးပေးဖို့၊ စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူဖို့၊ ရုရှားကျုးကျော်မှုနဲ့ ရင်ဆိုင်နေရတဲ့ ယူကရိန်းနဲ့ တရုတ်ရဲ့ ခြိမ်းခြောက်မှုခံနေရတဲ့ ထိုင်ဝမ်ကျွန်းအတွက် အကူအညီပေးရာမှာ သုံးစွဲမယ့် အစီအစဉ်တွေလည်း ထည့်သွင်းထားပါတယ်။

ဒီဥပဒေကို အထက်လွှတ်တော်က အတည်ပြုပေးရမှာ ဖြစ်သလို၊ လွှတ်တော် ၂ ရပ်လုံး အတည်ပြုချက် ရပြီဆိုရင်တော့ သမ္မတက လက်မှတ်ရေးထိုးပြီး စတင်ကျင့်သုံးနိုင်မှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


{{Zawgyi/Unicode}}











XS
SM
MD
LG