သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါလက်စတိုင်းအရပ်သားတွေ ဘေးကင်းစွာထွက်ခွာနိုင်ရေး အစ္စရေးဝန်ကြီးချုပ် ကတိပေး


အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu
အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu

အီဂျစ်နယ်စပ်မှာရှိပြီး ဂါဇာတောင်ဘက်ဆုံးမှာရှိတဲ့ ရာဖာမြို့ကနေ ပါလက်စတိုင်းအရပ်သားတွေ သောင်းချီထွက်သွားနိုင်အောင် လုံခြုံစိတ်ချရတဲ့လမ်းကြောင်းပေးဖို့ အစ္စရေးဝန်ကြီးချုပ် ဘင်န်ဂျမင် နာတန်ယာဟုက ကတိပေးလိုက်ပေမဲ့ ဒီ အိုးပစ်အိမ်ပစ်ပါလက်စတိုင်းပြည်သူတွေ ဘယ်ကိုသွားကြရမယ်ဆိုတာကိုတော့ ပြောမသွားပါဘူး။

တနင်္ဂနွေနေ့က လွှင့်ထုတ်တဲ့ အေဘီစီ ရုပ်မြင်သံကြားအစီအစဥ်မှာ နာတန်ယာဟုက ခုလို ပြောသွားခဲ့တာပါ။ ရာဖာမြို့က ဟာမတ်စ်တပ်ရင်း ၄ ရင်းကို တိုက်ခိုက်ဖို့ သူ အမိန့်ပေးဖို့ရည်ရွယ်ထားကြောင်း အစ္စရေးဝန်ကြီးချုပ်က ပြောပါတယ်။ သူတို့ကို ရာဖာမြို့က ရှင်းမထုတ်နိုင်ဘဲ အောင်ပွဲမခံနိုင်ဘူးလို့လည်း မစ္စတာ နာတန်ယာဟုက ဆိုပါတယ်။ ပါလက်စတိုင်းအရပ်သားတွေ ဘယ်ကိုသွားရမလဲလို့ မေးတဲ့အခါမှာ‌တော့ 'အသေးစိတ်အစီအစဥ်တွေ လုပ်နေတုန်းပါပဲ'လို့ ဖြေကြားသွားခဲ့ပါတယ်။

ရာဖာမြို့ကိုထိုးစစ်ဆင်မယ်ဆိုရင် အလွန့်ကိုကြီးမားလှတဲ့ ကြေကွဲဖွယ်ဖြစ်ရပ် ကြုံရလိမ့်မယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က ပြောပါတယ်။ နိုင်ငံတကာဥပဒေနဲ့ဆန့်ကျင်တဲ့ 'လူတွေကို အဓမ္မ ရွှေ့ပြောင်းခိုင်းတာ' ကို ဘယ်လိုနည်းနဲ့မှ ထောက်ခံလိမ့်မယ်မဟုတ်ပါဘူး-လို့လည်း ဂူတားရက်စ် က ဆိုပါတယ်။

ရာဖာမြို့ကို ပစ်မှတ်ထားပြီး အပြင်းအထန်တိုက်ခိုက်လာလို့ ဖြစ်လာမယ့် ဂယက်တွေက အလွန်ကြီးမားလိမ့်မယ်လို့ ဆော်ဒီအာရေဗျ နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း သတိပေးလိုက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေးခေါ်ဖို့ တောင်းဆိုလိုက်ပါတယ်။ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးကလည်း အလွန်စိုးရိမ်ကြောင်း ပြောကြားပါတယ်။ ရာဖာကိုတိုက်ခိုက်တာဟာ အနှစ်၄၀ ကြာပြီဖြစ်တဲ့ အစ္စရေး-အီဂျစ် ငြိမ်းချမ်းရေးစာချုပ်ကို ဖျက်ဆီးရာရောက်လိ့မ်မယ်လို့ အီဂျစ်တာဝန်ရှိသူတွေက သတိပေးလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG