သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာတောင်ပိုင်း ဒေသခံတွေ ဘေးလွတ်ရာရွှေ့ဖို့ အစ္စရေးသတိပေးချက် ကုလစိုးရိမ် 

နေရပ်စွန့်ခွာရွှေ့ပြောင်းနေကြတဲ့ ပါလက်စတိုင်းဒေသခံများ (ဇူလိုင် ၂၊ ၂၀၂၄)
နေရပ်စွန့်ခွာရွှေ့ပြောင်းနေကြတဲ့ ပါလက်စတိုင်းဒေသခံများ (ဇူလိုင် ၂၊ ၂၀၂၄)

ဂါဇာကမ်းမြောင်တောင်ပိုင်းဒေသ အတော်များများမှာရှိနေကြသူတွေ ဘေးကင်းရာကို ရှောင်ထွက်ပေးကြဖို့ အစ္စရေးက မနေ့ အင်္ဂါနေ့မှာ သတိပေးချက် ထုတ်ပြန်လိုက်တဲ့အပေါ် အထူးစိုးရိမ်မိကြောင်း ကုလသမဂ္ဂက ပြောပါတယ်။ ဒီဒေသမှာ လူတွေ ထောင်နဲ့ချီ ရှိတာဖြစ်ပါတယ်။

Khan Yunis နဲ့ Rafah က ၁၁၇ စတုရန်းကီလိုမီတာ ကျယ်ဝန်းတဲ့ ဒေသအတွင်းမှာ နေထိုင်သူတွေ ဘေးကင်းရာကို မနေ့က အစ္စရေးက ရှောင်တိမ်းခိုင်းတဲ့ သတိပေးချက်ဟာ အောက်တိုဘာလအတွင်း ဒေသခံတွေ ဂါဇာမြောက်ပိုင်းကို ရွှေ့ပြောင်းကြဖို့ ထုတ်ပြန်ခဲ့တဲ့ အမိန့်ကြေညာချက်နောက်ပိုင်း အကြီးမားဆုံးဖြစ်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က သတင်းထောက်တွေကို ပြောပါတယ်။

အခု သတိပေးချက်အတွင်း အကျုံးဝင်တဲ့ဒေသမှာ လက်ရှိနေထိုင်သူ ၂ သိန်းခွဲလောက် ရှိမယ်လို့ ပါလက်စတိုင်းဒုက္ခသည်တွေအရေး ကူညီ ဆောင်ရွက်ပေးနေတဲ့ ကုလသမဂ္ဂအေဂျင်စီ UNRWA က ခန့်မှန်းထားပါတယ်။

အခု ရွှေ့ပြောင်းခိုင်းခံရသူတွေဟာ နေထိုင်စရာနဲ့ သူတို့အတွက် အခြေခံလိုအပ်ချက်တွေ မပြည့်စုံတဲ့အပြင် တချိန်မှာ တိုက်ပွဲတွေဖြစ်လာမယ်လို့ သိနေတဲ့နေရာကို နောက်တကြိမ် ထပ်မံ ရွှေ့ပြောင်းကြရတာဖြစ်ကြောင်းလည်း Stephane Dujarric က ပြောပါတယ်။

ဒီအတောအတွင်း မနေ့ အင်္ဂါနေ့မှာ အစ္စရေးစစ်တပ်က ဂါဇာတောင်ပိုင်းကို တိုက်ခိုက်ခဲ့တဲ့အတွက် Khan Yunis မှာ အနည်းဆုံး လူ ၈ ဦး သေဆုံးခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေးအရာရှိတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG