သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယူးယောက် ထရပ်ကားနဲ့ အကြမ်းဖက်တိုက်ခိုက်သူဟာ IS အဖွဲ့သားလို့ ထုတ်ပြန်


နယူးယောက်မြို့မှာ လူ ၈ ဦး သေဆုံးခဲ့တဲ့အထိ ထရပ်ကားတစင်းနဲ့ ဝင်တိုက်ခဲ့တဲ့ Uzbekistan နိုင်ငံက ရွှေ့ပြောင်းလာသူ အသက် ၂၉ နှစ်အရွယ် Sayfullo Saipov ကို တရားခွင်တွင် တွေ့ရစဉ်။
နယူးယောက်မြို့မှာ လူ ၈ ဦး သေဆုံးခဲ့တဲ့အထိ ထရပ်ကားတစင်းနဲ့ ဝင်တိုက်ခဲ့တဲ့ Uzbekistan နိုင်ငံက ရွှေ့ပြောင်းလာသူ အသက် ၂၉ နှစ်အရွယ် Sayfullo Saipov ကို တရားခွင်တွင် တွေ့ရစဉ်။

အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့မှာ လူ ၈ ဦး သေဆုံးခဲ့တဲ့အထိ ထရပ်ကားတစင်းနဲ့ ဝင်တိုက်ခဲ့တဲ့ Uzbekistan နိုင်ငံက ရွှေ့ပြောင်းလာသူ အသက် ၂၉ နှစ်အရွယ် Sayfullo Saipov ဟာ သူတို့လူတယောက် ဖြစ်တဲ့အကြောင်း IS အစ္စလာမ်စစ်သွေးကြွ အဖွဲ့က ပြောဆိုလိုက်ပါတယ်။ တိုက်ခိုက်သူဟာ အဖွဲ့ဝင်စစ်သည်တဦးဖြစ်ကြောင်း အစွန်းရောက်အုပ်စုရဲ့ အပတ်စဉ်စာစောင် Al-Naba က ဖော်ပြခဲ့ပေမဲ့၊ အထောက်အထား တစုံတရာ ပြသတာမျိုးတော့ မရှိပါဘူး။

ပြည်ဝင်ခွင့်ဗီဇာ ကံစမ်းမဲ အစီအစဉ်နဲ့ အမေရိကန်ကို ရောက်လာတဲ့ Saipov ကိုတော့ အင်္ဂါနေ့က နယူးယောက်မြို့မှာ စက်ဘီးသမားတွေနဲ့ စည်ကားရာ လမ်းတလျှောက် အငှားထရပ်ကား တစင်းနဲ့ ဝင်တိုက်ခဲ့တဲ့အတွက် အကြမ်းဖက်ဝါဒနဲ့ ဆက်နွယ်တဲ့ အမှုတွေနဲ့ တရားစွဲထားပါတယ်။ တိုက်ခိုက်မှုအတွင်း လူတဒါဇင်လောက်လည်း ဒဏ်ရာရခဲ့တာပါ။

ထရပ်ကားနဲ့ ဝင်တိုက်ခဲ့တဲ့ Saipov ကို ရဲအရာရှိတဦးက ပစ်ခတ်ဖမ်းဆီးရာက ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ဆေးရုံတင်ကုသ ပေးထားပါတယ်။၊ ဆေးရုံပေါ်မှာ ရှိနေစဉ် IS စစ်သွေးကြွတွေကို သစ္စာခံကြောင်း ပြောခဲ့သလို၊ အစွန်းရောက် အဖွဲ့ရဲ့ အလံကိုလည်း ဆေးရုံက အခန်းထဲမှာ ချိတ်ဆွဲထားလိုကြောင်း ပြောခဲ့ပေမဲ့၊ တာဝန်ရှိသူတွေက လက်မခံခဲ့ကြပါဘူး။ Uzbekistan သမ္မတ Shavkat Mirziyoyev ကတော့ တိုက်ခိုက်မှုဟာ အကြင်နာကင်းမဲ့ပြီး ရက်စက်တဲ့ လုပ်ရပ်ဖြစ်ကြောင်း ပြောဆိုခဲ့သလို၊ စုံစမ်းစစ်ဆေးမှုတွေကို အပြည့်အ၀ ပူးပေါင်းကူညီဖို့ အသင့်ရှိကြောင်း ပြောဆိုခဲ့တာပါ။

ကားနဲ့တိုက်ခိုက်ခဲ့တဲ့ လုပ်ရပ်ဟာ မကြာသေးခင်နှစ်တွေအတွင်း အနောက်နိုင်ငံတွေမှာ IS အဖွဲ့ကို အားကျပြီး အကြမ်းဖက်ဝါဒီတွေက ကားအသုံးပြုပြီးတိုက်ခိုက်တဲ့ လုပ်ရပ်မျိုးနဲ့ တူညီနေကြောင်းလည်း အမေရိကန် လုံခြုံရေးအာဏာပိုင်တွေက ပြောပါတယ်။ အမေရိကန် သုတေသန စစ်တမ်းတခုမှာတော့ ၂၀၁၄ ခုနှစ်ကစလို့ မော်တော်ကားတွေကိုသုံးပြီး တိုက်ခိုက်မှုပေါင်း ၁၅ ကြိမ် ဖြစ်ခဲ့ပြီး၊ လူပေါင်း ၁၄၀ ကျော် သေဆုံးခဲ့ရကြောင်း ဖော်ပြထားပါတယ်။

နယူးယောက်မှာ တနင်္ဂနွေနေ့ ကျင်းပမယ့် မာရသွန်အပြေးပြိုင်ပွဲမှာ လူပေါင်း ၅ သောင်းကျော်လောက် ပါဝင်လိမ့်မယ်လို့ ခန့်မှန်းထားသလို၊ ပရိတ်သတ် ထောင်သောင်းချီ ကြည့်ရှုကြမှာ ဖြစ်တာကြောင့် ကြိုတင်သတိထားတဲ့ အနေနဲ့ လုံခြုံရေး တိုးမြှင့်ထားမှာ ဖြစ်ကြောင်းလည်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG