သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယူးယောက်တိုက်ခိုက်မှု လူ ၈ ဦးသေ၊ တဒါဇင်ထက်မနည်း ဒဏ်ရာရ


နယူးယောက်မြို့ရဲ့ Lower Manhattan ရပ်ကွက်မှာ အင်္ဂါနေ့က ထရပ်ကားနဲ့ ဝင်ရောက် တိုက်ခိုက်မှု ဖြစ်ပွါးခဲ့တာကြောင့် လူ ၈ ဦး သေဆုံးပြီး တဒါဇင်ထက်မနည်း ထိခိုက် ဒဏ်ရာရသွားတယ်လို့ နယူးယောက် မြို့တော်ဝန် Bill de Blasio က သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောကြားပါတယ်။ ဒီတိုက်ခိုက်မှုကို အကြမ်းဖက် လုပ်ရပ်အဖြစ် ကိုင်တွယ် ဆောင်ရွက်နေကြောင်းလည်း FBI ပြည်ထောင်စု စုံစမ်းရေးဗျူရိုက ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

နယူူးယောက်မြို့ Chambers နဲ့ West လမ်းတွေ အနီးမှာ အင်္ဂါနေ့ညနေ ဒေသစံတော်ချိန် ၃ နာရီခန့်မှာ ထရပ်ကားတစီးက စက်ဘီးသွား လမ်းပေါ်ကို မောင်းနှင်ပြီး လမ်းသွားနေသူတွေနဲ့ စက်ဘီးစီးသူတွေကို ဝင်တိုက်ခဲ့တဲ့ အကြမ်းဖက် လုပ်ရပ်ကြောင့် အနည်းဆုံး လူ ၈ ဦး သေဆုံးပြီး အများအပြား ထိခိုက် ဒဏ်ရာ ရသွားတဲ့အကြောင်း အခင်းဖြစ်ပွားပြီး နာရီပိုင်း အကြာမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း နယူးယောက် မြို့တော်ဝန် Bill de Blasio က ပြောပါတယ်။

“လက်ရှိအချိန်မှာ ကျနော်တို့ရရှိထားတဲ့ သတင်းတွေအရ အပြစ်မဲ့တဲ့လူ ၈ ဦး သေဆုံးခဲ့ပြီး တဒါဇင်ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။”

အခုလို တိုက်ခိုက်မှု ဖြစ်သွားခဲ့တဲ့ အတွက် ဒီကနေ့ဟာ နယူးယောက်မြို့အတွက် အင်မတန် စိတ်မချမ်းမြေ့စရာကောင်းတဲ့ နေ့တနေ့ဖြစ်ကြောင်းလည်း မြို့တော်ဝန် de Blasio က ပြောပါတယ်။

“ကျနော်တို့မြို့မှာ ဒီနေ့ဟာသိပ်ကို ဝမ်းနည်းကြေကွဲဖွယ်ရာနေ့ ဖြစ်ပါတယ်။ မက်ဟန်တန် အနောက်ဖက်ခြမ်းမှာ ဆိုးရွားလှတဲ့ ဖြစ်ရပ်ကြီးမှာ ကျနော်တို့ ရရှိထားတဲ့ သတင်း အချက်လက်တွေအရ ဒါဟာ အကြမ်းဖက်သမားရဲ့ လုပ်ရပ်ဖြစ်ပါတယ်။ သိပ်ကို သူရဲဘောကြောင်တဲ့ အကြမ်းဖက်မှုပါပဲ။ အပြစ်မဲ့ အရပ်သားတွေကို ပစ်မှတ်ထားတယ်။ ဒီလို ကံကြမ္မာဆိုးနဲ့ ကြုံရလိမ့်မယ်လို့ ထင်မထားကြတဲ့ သာမန်လူတွေကို အန္တရာယ်ပြုခဲ့တာလည်း ဖြစ်ပါတယ်။”

တိုက်ခိုက်သူ အနေနဲ့ နယူးယောက်မြို့သားတွေရဲ့စိတ်ဓါတ်ကို ရိုက်ချိုးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခဲ့တာ ဖြစ်ပေမယ့် အခုလို အကြမ်းဖက် တိုက်ခိုက်မှုကြောင့် နယူးယောက်မြို့သားတွေရဲ့ စိတ်ဓါတ်ဟာ ယိမ်းယိုင်သွားမှာ မဟုတ်ကြောင်းလည်း မြို့တော်ဝန် de Blasio က ဆက်ပြောပါတယ်။

“ ဒီအကြမ်းဖက်လုပ်ရပ်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ခိုင်မာတဲ့ စိတ်ဓါတ်ကို ခြိုးနှိမ်လိုတဲ့ အတွက် ရည်ရွယ်လုပ်ဆောင်တာ ဖြစ်တယ်ဆိုတာ ကျနော်တို့ သဘောပေါက်ပါတယ်။ ဒါပေမယ့် ကျနော်တို့ နယူးယောက် မြို့သားတွေဟာ အားမာန်ပြည့်ကြပါတယ်။ ခံနိုင်ရည် ရှိကြပါတယ်။ အကြမ်းဖက် လုပ်ရပ်ကြောင့် အမေရိကန်နိုင်ငံသားတွေရဲ့စိတ်ဓါတ်ကို ဘယ်လိုမှ ပြောင်းလဲစေနိုင်မှာ မဟုတ်ပါဘူး။ ခြိမ်းခြောက်တာကို ဘယ်တော့မှ မခံပါဘူး။ ဒီကနေ့ ကြေကွဲဖွယ်ရာ ဖြစ်ရပ်ကြီး ဖြစ်တဲ့ နေရာအနီးမှာ အရင်ကလည်း အကဲစမ်း ခံခဲ့ရပြီးပါပြီ။ နယူးယောက် မြို့သားတွေဟာ အညံ့မခံခဲ့ပါဘူး။ သင့်တော်သလို တုံ့ပြန်သွားမှာ ဖြစ်ပါတယ်။ အရှုံးမပေးနိုင်ပါဘူး။”

Manhattan Shooting
Manhattan Shooting

အခု တိုက်ခိုက်မှု ဖြစ်သွားတဲ့နေရာဟာ 9/11 လို့ခေါ်တဲ့ ၂၀၀၁ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့ ကမ္ဘာ့ကုန်သွယ်ရေး မျှော်စင်ကြီး ၂ ခုကို အကြမ်းဖက် တိုက်ခိုက်ခဲ့ရတဲ့ နေရာမှာ အမှတ်တရ တည်ဆောက်ထားတဲ့ 9/11 Memorial အထိမ်းအမှတ် အဆောက်အအုံ နားမှာ ဖြစ်သွားခဲ့တာပါ။

ဒီတိုက်ခိုက်မှုဟာ သူရဲဘောကြောင်တဲ့ လုပ်ရပ်ဖြစ်ကြောင်းလည်း မြို့တော်ဝန် de Blasio က သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့ပါတယ်။ လက်ရှိမှာတော့ အဲဒီ တိုက်ခိုက်သူကို နယူးယောက်မြို့ ရဲတပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်းထားပြီ ဖြစ်ပါတယ်။

သမ္မတ Donald Trump ကလည်း - “သိပ်ကို စိတ်ဖောက်ပြန်နေသူတဦးက နယူးယောက်မြို့မှာ တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း၊ ရဲတပ်ဖွဲ့က ဒီကိစ္စကို အနီးကပ် ကိုင်တွယ် ဖြေရှင်းနေကြောင်းနဲ့ အမေရိကန် ပြည်ထောင်စုမှာ ဒါမျိုး လာလုပ်လို့ မရကြောင်း” Twitter လူမှုကွန်ယက်က တဆင့် ပြောကြားလိုက်ပါတယ်။

နယူးယောက်မြို့ ရဲမင်းကြီး James P. O’Neil ကတော့ - အကြမ်းဖက် တိုက်ခိုက်သူဟာ အသက် ၂၉ အရွယ် အမျိုးသားတဦး ဖြစ်တယ် ဆိုတာကလွဲလို့ သူနဲ့သက်ဆိုင်တဲ့ တခြား အသေးစိတ် အချက်အလက်ကို ထုတ်ဖော် ပြောကြားဖို့ ငြင်းဆိုခဲ့ပါတယ်။ အမေရိကန် သတင်းမီဒီယာတွေမှာတော့ တိုက်ခိုက်သူဟာ ဥဇဘက်ကစ္စတန် နွယ်ဖွားတဦး ဖြစ်တယ်လို့ ဖော်ပြကြပါတယ်။

ဒီတိုက်ခိုက်မှုဟာ တကိုယ်တော် တိုက်ခိုက်မှု ဖြစ်ကြောင်းနဲ့ နောက်ထပ် တိုက်ခိုက်မှု ပြုလုပ်မယ်ဆိုတဲ့ သတင်း အချက်အလက် ရမထားသေးကြောင်း နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူး Andrew Cuomo က သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောကြားခဲ့ပါတယ်။

နယူးယောက်မြို့၊ ကုလသမဂ္ဂ ဌာနချုပ်မှာ အလုပ်လုပ်နေတဲ့ မြန်မာနွယ်ဖွား တဦးကလည်း တိုက်ခိုက်မှုဟာ အမေရိကန်ပြည်ထောင်စုမှာ Halloween နေ့ ဖြစ်တာကြောင့် လုံခြုံရေးအတွက် လူထုအကြားမှာ စိုးရိမ်မှုတွေ ရှိနေတဲ့ အချိန်မှာ ဖြစ်သွားခဲ့တာလို့ ဗွီအိုအေကို အခုလို ပြောပြပါတယ်။

“ကျမတို့ကတော့ ရုံးမှာပဲရှိသေးတယ်။ ရုံးမဆင်းသေးဘူး ပေါ့နော်။ ရုံးဆင်းဖို့ နည်းနည်း လိုသေးတာပေါ့။ ရုံးမှာကလည်း ဆဲလ်ဖုန်းကို emergency alert message ရောက်တယ်။ ရောက်တဲ့ အခါကြတော့ ဖုန်းထဲကနေပြီး အင်တာနက်တွေ ဘာတွေ နည်းနည်း ကြည့်ကြည့်လိုက် ပြီးတော့ သိလိုက်ရတာပေါ့။ အဲဒီအခါကြတော့ ဒီနေ့ကလည်း Halloween ဖြစ်တယ်ဆိုတော့ လူတွေက ဒီနေ့ ဆိုရင် အပြင်သွားကြတယ်။ နောက် prade တွေဘာတွေ ရှိတယ်မဟုတ်လား။ လူအများကြီး စုစည်း တဲ့နေရာတွေမှာ ဘာတွေလုပ်မလဲ - အဲဒါတခု concern ဖြစ်တယ်။ နောက်တခါ ရုံးဆင်းလို့ရှိရင်လည်း နဂိုထဲကမှ အခုတလောကလေ အဲဒီလို တခုခုဆိုရင် ပိုပြီးတော့ ရထားတွေ ပြတ်သွားတော့မှာပဲ ဆိုပြီးတော့ concern ဖြစ်တယ်။ နောက်ကျမတို့ရုံးကကြတော့ between 1st and 2nd Ave ပြီးတော့ 44th, 45th ဆိုတော့ အခုဖြစ်တဲ့ နေရာက 9/11 ဖြစ်သွားတဲ့နေရာနဲ့ နီးတယ်လေ။ ကျမတို့နဲ့တော့ နဲနဲ လှမ်းပါတယ်။ ဒါပေမဲ့လည်း Grand Central ဘူတာရုံနဲ့ နီးတယ်ဆိုတော့ everywhere security ချတော့မှာမို့ concern ဖြစ်ပါတယ်။”

ဒဏ်ရာ ရရှိသူတွေ ကိုတော့ နယူးယောက်မြို့ Bellevue ဆေးရုံကို ခေါ်သွားကြောင်းနဲ့ ဒဏ်ရာရရှိမှု အသေးစိတ် အချက်လက် တွေကိုတော့ မသိရသေးကြောင်း နယူးယောက်မြို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ကားသမားဟာ အာရပ်လို “God is Great”“ဘုရားသခင်က မြင့်မြတ်တယ်” လို့ အော်ဟစ်ခဲ့ကြောင်း မျက်မြင် သက်သေတွေ ကပြောပါတယ်။ ထရပ်ကား သမားဟာ သူ့ကားထဲကနေ သေနတ် ၂ လက်ကိုင်ပြီး ထွက်လာတယ်လို့လည်း မျက်မြင် သက်သေတွေက ပြောပါတယ်။

အကြမ်းဖက် တိုက်ခိုက်သူဟာ သူ တိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့ ထရပ်ကားကို Home Depot - အိမ်ဆောက်ပစ္စည်းတွေ ရောင်းတဲ့ စတိုးဆိုင်ကနေ ငှားလာတဲ့ကားနဲ့ ပြုလုပ်ခဲ့တာဖြစ်ကြောင်း အမေရိကန် သတင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။

အခုလို တိုက်ခိုက်မှု ဖြစ်သွားခဲ့တဲ့အတွက် နယူးယောက်မြို့ရဲ့ လုံခြုံရေးကို တိုးမြှင့်ထားကြောင်းလည်း အင်္ဂါနေ့မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG