ပြီးခဲ့တဲ့ စစ်အစိုးရလက်ထက်တွေမှာတောင် တရားဝင်ရပ်တည်နေနိုင်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ အခုလက်ရှိ သမ္မတဦးသိန်းစိန်အစိုးရလက်အောက်မှာ ထိုးစစ်ဆင် တိုက်ခိုက်တာကို ခံနေကြရပါတယ်။ အလားတူစွာပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုလည်း ဦးသိန်းစိန်အစိုးရက ကန့်သတ်တားမြစ်တာတွေ လုပ်လာပါတယ်။ ဒီလုပ်ရပ်တွေကြောင့် ဒီမိုကရေစီနည်းကျကျ တက်လာတဲ့ အရပ်သားအစိုးရဆိုတဲ့ ဦးသိန်းစိန် အစိုးရအပေါ် မျှော်လင့်ချက် တစိုးတစိထားခဲ့တာတွေကို ချေဖျက်လိုက်ရတော့မလား။ Euro-Burma ``ရုံး ညွှန်ကြားရေးမှူး ဦးဟန်ယောင်ဝေ၊ မြန်မာသတင်းသမဂ္ဂ ဥက္ကဋ္ဌ ဦးမောင်မောင်မြင့် တို့ကို ဦးကျော်ဇံသာ ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒီနေ့ ကျနော် ဆွေးနွေးချင်တဲ့ အကြောင်းအရာကတော့ မြန်မာနိုင်ငံရဲ့ လက်ရှိအစိုးရနဲ့ ပတ်သက်ပါတယ်။ သမ္မတဦးသိန်းစိန် အစိုးရကို တချို့က အကောင်းမြင်ခဲ့ကြတယ်။ စစ်အစိုးရထက်တော့ ပိုကောင်းလာလိမ့်မယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။ ဒါပေမဲ့ အခု သက်တမ်း (၃) လ ရှိလာတဲ့အခါမှာ အရင်တုန်းက ရပ်တည်နေခွင့်ရခဲ့တယ့် တိုင်းရင်းသားအင်အားစုတွေကို အခုအခါမှာ ဆိုရင် စစ်ရေးအရ ထိုးစစ်ဆင် တိုက်ခိုက်လာတာကို တွေ့ရပါတယ်။ ဒါအပြင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကိုလည်း တရားဝင်ရပ်တည်ခွင့် မပေးတော့ဘူး။ နိုင်ငံရေးမလုပ်ရဘူး။ မလှုပ်ရှားရဘူးစသဖြင့် တားမြစ်တာတွေ ရှိလာပါတယ်။ ဆိုတော့ အကောင်းမြင်ခဲ့တဲ့လူတွေရဲ့ အကောင်းမြင်မှုဟာ မှန်ကန်ပါသေးရဲ့လား။ ဦးဟန်ယောင်ဝေ ဟာ ဒီလို အကောင်းမြင်ခဲ့တဲ့လူတွေထဲမှာ အပါအဝင်ဖြစ်ပါတယ်။
ဦးဟန်ယောင်ဝေ ။ ။ ကျနော်အနေနဲ့ မြင်တာကတော့ အခြေအနေက ဆိုးလာတယ်လို့ မြင်ပါတယ်။ ဒီနေရာမှာက အစိုးရသစ်က တမင်တကာ နောက်ပြန်ဆုတ်နေသလား။ မဟုတ်သေးရင် သူတို့ အတွင်းထဲမှာ အဆင်မပြေလို့ နောက်ဆုတ်နေသလား။ တိုင်းရင်းသားတပ်တွေနဲ့ တိုက်တဲ့နေရာမှာလည်း ကျနော် နားလည်သလောက်ဟာ အစိုးရဆီက အမိန့်လာလို့ တိုက်တာမဟုတ်ဘဲနဲ့ တပ်မတော်က သူ့လမ်းသူ သွားနေတယ်။ သမ္မတကလည်း သူလုပ်ချင်တဲ့လမ်း သွားနေပြီးမှ ဒီနေရာမှာ အဆင်မပြေကြဘူးလားလို့ ကျနော်ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ သင့်မြတ်ရေး၊ တိုင်းရင်းသားတွေဟာ ပြည်ထောင်စုထဲမှာ တသွေးတသားတည်း ပါဝင်လာရေးဟာ နိုင်ငံရေးကိစ္စလို့ ထင်ပါတယ်။ အဲဒီကိစ္စဟာ သမ္မတက မလုပ်ဘဲနဲ့ စစ်တပ်က လုပ်တဲ့ကိစ္စလား။ စစ်တပ်ရဲ့ လုပ်ပိုင်ခွင့်လို့ သတ်မှတ်ထားပါသလား။ အဲဒီ ဖွဲ့စည်းပုံအရ။
ဦးဟန်ယောင်ဝေ ။ ။ ဖွဲ့စည်းပုံအရတော့ ဒီဟာက တပ်မတော်ရဲ့လုပ်ငန်းလို ချထားတယ်လို့ ကျနော် နားလည်ပါတယ်။ ဒီနေရာမှာ တပ်မတော် စဉ်းစားပုံကတော့ စစ်အင်အားနဲ့ပဲ ဖြေရှင်းမယ်။ သမ္မတ စဉ်းစားပုံကတော့ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းမယ်။ ဒီနေရာမှာ သူတို့အချင်းချင်း သဘောမတူသေးဘူးလို့ မြင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒါက တိုင်းရင်းသားတွေကို တိုက်ခိုက်တယ်။ ထိုးစစ်ဆင်တယ်ကိစ္စနဲ့ ပတ်သက်လို့ပေါ့။ ဒုတိယအချက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်၊ ဦးအောင်ရွှေတို့ကို နိုင်ငံရေး မလုပ်ဖို့ဆိုပြီး သတိပေးစာထုတ်တာနဲ့ ပတ်သက်တာ။ ဒီဟာကတော့ စစ်တပ်နဲ့မဆိုင်ဘူး ထင်ပါတယ်။
ဦးဟန်ယောင်ဝေ ။ ။ ဒီနေရာမှာလည်း ကျနော်ထင်တာက တဖက်က လျှော့ချင်တဲ့အဖွဲ့ရှိမယ်။ တဖက်က ပိုတင်းမာချင်တဲ့ အဖွဲ့ရှိမယ်။ ဒီနေရာမှာကလည်း ပိုတင်းမာချင်တဲ့ အဖွဲ့က အင်အားပိုကောင်းနေပြီးမှ ဒေါ်အောင်ဆန်းစုကြည်၊ အန်အယ်လ်ဒီတို့ကိုလည်း ဥပဒေတရားအရ ကိုင်တွယ်ရမယ် ဆိုတဲ့သဘော ဖြစ်လာတယ်လို့ ကျနော်မြင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ အာဏာပိုင်ထဲမှာ အုပ်စုကွဲတာကို နောက်အချိန်ရရင် ဆက်ဆွေးနွေးကြတာပေါ့။ ဒါပေမဲ့ ကျနော်တခု စဉ်းစားချင်တာကတော့ သူတို့ကတော့ အုပ်စုထဲမှာတော့ ညှိနှိုင်းကြတယ်ဆိုတဲ့ သဘောပေါ့။ တဦးတယောက်တည်းက လုပ်လိုက်စမ်းကွာဆိုတဲ့ အမိန့်မျိုးနဲ့တော့ မဟုတ်တော့ဘူးဆိုတဲ့ သဘောလား။
ဦးဟန်ယောင်ဝေ ။ ။ ဒီနေရာမှာ ကျနော်ထင်တာ သူတို့အချင်းချင်းလည်း မသေချာကြဘူးလို့ မြင်ပါတယ်။ ဘာကြောင့်လဲ ဆိုရင် တိုင်းပြည်နယ်တို့မှာလည်း အစိုးရပေါ်လာတယ်။ ဒီ အစိုးရအဖွဲ့တွေ ကလည်း ဘယ်သူ့ကို နားထောင်ရမလဲ။ သူတို့ရဲ့ တိုင်း၊ ပြည်နယ်ရဲ့ ဝန်ကြီးချုပ်ကို နားထောင်ရမလား။ မဟုတ်ရင် ဗဟိုဝန်ကြီးကို နားထောင်ရမလားဆိုတဲ့ ပြဿနာတွေ အများကြီးပေါ်နေတယ်လို့ မြင်ပါတယ်။ အဲဒါ မကဘူး။ တိုင်းဒေသ ဝန်ကြီးချုပ်နဲ့ တိုင်းမှူးကြားမှာလည်း ပြဿနာရှိတယ်လို့ ကျနော်မြင်ပါတယ်။ ဘာကြောင့်လဲ ဆိုရင် ဒီဟာတွေက ဘယ်သူက အာဏာပိုရှိတယ်။ ဘယ်သူက ပိုတာဝန်ရှိသလဲ ဆိုတာ သေသေချာချာ ရေးထားတာမရှိခဲ့ဘူး။
ဦးကျော်ဇံသာ ။ ။ ဦးမောင်မောင်မြင့် သဘောထားလည်း သိချင်ပါတယ်။ ပထမဦးဆုံး မေးချင်တဲ့ မေးခွန်းကတော့ တချို့ ကြိုဆိုခဲ့ကြတယ်။ ကျနော်တို့ သတင်းလောကမှာလည်း ဒီအစိုးရတက်လာခါစမှာ အကောင်းဖြစ်လာနိုင်တယ်။ အရင်လောက်တော့ ဆိုးမှာမဟုတ်ဘူး။ ကျနော် သုံးခဲ့ကြတာ ဒီမိုကရေစီ တစွန်းတစလေးတော့ ရလာမယ်။ တဖြည်းဖြည်း ဘောင်ချဲ့ ယူကြမယ်လို့ မြင်ကြသူတွေရှိတယ်ဆိုတာကို မှတ်မိပါလိမ့်မယ်။ အဲဒီလို အမြင်တွေကို အခုလက်ရှိ ဖြစ်နေတာတွေနဲ့ သုံးသပ်ရင် ဘယ်လိုပြောရမလဲ။
ဦးမောင်မောင်မြင့် ။ ။ ယေဘုယျအားဖြင့် ပြောမယ်ဆိုရင်တော့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေအတွက် လူထုဆန္ဒခံယူတဲ့ကိစ္စ။ ရွေးကောက်ပွဲမှာ မတရားမှုတွေ ပျောများတဲ့ကိစ္စ။ ဒါတွေကို ကြည့်ပြီးတော့ ဟိုတုန်းထဲက ကျနော်တို့တတွေ သံသယရှိခဲ့ပါတယ်။
ရွေးကောက်ပွဲနောက်လည်း စစ်တပ်ကပဲ လွှမ်းမိုးမယ်ဆိုတဲ့ သဘောမျိုး ကျနော်တို့ ယုံကြည်ခဲ့ကြပါတယ်။ နောက်ပြီးတော့ အခြေခံဥပဒေကို သေသေချာချာ လေ့လာကြည့်ရင်ကိုပဲ နောက်တက်လာမယ့် အစိုးရဟာ တကယ်တမ်းကျတော့ စစ်တပ်ကလွှမ်းမိုးမယ့် အစိုးရပဲ ဖြစ်မယ် ဆိုတာကို ကျနော်တို့ယုံကြည်ပါတယ်။ သို့သော်လည်း တချို့ သတင်းသမားတွေကတော့ ဘာပြောပြော သံသယအကျိုး ခံစားခွင့်ပေးတဲ့အနေနဲ့ နောက်တက်လာမယ့် အစိုးရက ဘာလုပ်မလဲဆိုတာကိုတော့ စောင့်ကြည့်ကြစို့ သဘောနဲ့ ကျနော်တို့ စောင့်ကြည့်ကြတာတွေ ရှိခဲ့ပါတယ်။
ဒါပေမဲ့ အခုလောလောဆယ်ဖြစ်တဲ့ ကိစ္စနှစ်ခု - ပထမတခုကတော့ ကချင်တပ်မတော်နဲ့ မြန်မာစစ်တပ်တို့ ဖြစ်တဲ့ကိစ္စ။ နောက်တခုက အမျိုးသားဒီမိုကရေစီအဖွဲ့ကို နိုင်ငံရေးအရ ရပ်တည်ခွင့် မပေးတော့ဘူး ဆိုတဲ့ သဘောမျိုး ဖိအားပေးလာတဲ့ အချက်။ ဒါတွေက အမှန်တကယ်တော့ ကျနော့်မျက်လုံးထဲမှာ သိပ်ပြီးတော့ မထူးဆန်းပါဘူး။ အရင် အစိုးရလက်ထက်မှာကတည်းက ဒါတွေအတွက်ကို လမ်းကြောင်း ချခဲ့တယ်။ ဆိုလိုတာက ရွေးကောက်ပွဲကာလကို နီးကပ်လာတာနဲ့အမျှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို ဖိအားတွေအမျိုးမျိုး ပေးလာပါတယ်။ အဓိက သိသာထင်ရှားတဲ့အချက်ကတော့ သူတို့ကို နယ်ခြားစောင့်တပ်ဖွဲ့တွေအနေနဲ့ အသွင်ပြောင်းခိုင်းတဲ့ကိစ္စပါ။ ဒါပေမဲ့ အဲဒီအချိန်တုန်းက စစ်အစိုးရက သူတို့တာဝန်ခံပြီး မဖြေရှင်းခဲ့ဘူး။ အရပ်သားအစိုးရ ပေါ်လာတော့မှ ဖြေရှင်းဆိုတဲ့သဘောနဲ့ နှပ်ကြောင်းလေး ပေးခဲ့ပါတယ်။ ဒါက တကယ်တမ်းပြောရရင် မကောင်းတဲ့ မျိုးစေ့ ချခဲ့တဲ့သဘောပါ။
အလားတူပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပတ်သက်လို့ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ရွေးကောက်ပွဲ ဥပဒေအရ ပြောမယ်ဆိုရင် အန်အယ်လ်ဒီကို အဲဒီအချိန်တုန်းကတည်းက တရားဝင် တည်ရှိနေတဲ့ ပါတီတရပ်ကနေ ပယ်ဖျက်ဖို့အတွက် သူတို့မှာ အခွင့်အရေးရှိပါတယ်။ သူတို့ဘက်က ရေးခဲ့တဲ့ ဥပဒေက သူတို့ကို အထောက်အပံ့ပေးနေပါတယ်။ ဒါပေမဲ့ မပယ်ဖျက်ဘဲနဲ့ အဲဒီတုန်းက မြွေမသေတုတ်မကျိုး ထားခဲ့တယ်။ အန်အယ်လ်ဒီ ဘယ်အခြေအနေ ရောက်သွားမလဲ ဆိုတာကို စောင့်ကြည့်တဲ့သဘောမျိုး နေခဲ့ပါတယ်။ သို့သော်လည်း အခုအခြေအနေ ရောက်တော့မှ အန်အယ်လ်ဒီ အနေနဲ့ လူငယ်တွေကို အားကိုးလာတဲ့အခါမှာ ဒီမိုကရေစီကွန်ယက် ထောင်ပြီးတော့ လှုပ်ရှားလာတဲ့ အခါမှာ အောင်မြင်လာတာတွေတချက်။
အခုနောက်ပိုင်းကာလမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးသြဇာဟာ နိုင်ငံတကာအလယ်မှာ ပိုပြီး သိသာထင်ရှားလာတာ တချက်။ ဒါတွေကို ကြည့်ပြီတော့ ဒီအချိန်ဟာဖြင့် အန်အယ်လ်ဒီ ကို တရားဝင် ပါတီအဖြစ်မှ ပယ်ဖျက်ရမယ်ဆိုတဲ့သဘောမျိုးနဲ့ သူတို့လုပ်တာပါ။
ဦးကျော်ဇံသာ ။ ။ စစ်အစိုးရက သူတို့ဟာ နောက်လာမယ့် အရပ်သားအစိုးရဆိုတဲ့ အခုတက်နေတဲ့ အစိုးရကို သမိုင်းရဲ့ ဆိုးမွေတွေ သူတို့လုပ်တဲ့ မဟုတ်တဲ့ဟာတွေကို ဆက်ထမ်းဖို့၊ ခံဖို့အတွက် တမင်ထိုးပြီး ကျွေးခဲ့တဲ့သဘောမျိုး ဖြစ်နေတာပေါ့။
ဦးမောင်မောင်မြင့် ။ ။ လက်တွေ့ကြည့်ရင် အဲဒီလို တွေ့နိုင်ပါတယ်။ အရင်တုန်းကတော့ ဘာပဲပြောပြော မှားတဲ့ကိစ္စတွေ ပေါ်လာပြီဆိုရင် စစ်အစိုးရ မျက်နှာပျက်စရာ၊ စစ်ခေါင်းဆောင်တွေ မျက်နှာပျက်စရာ အတိအကျ ဖြစ်ခဲ့ပါတယ်။ အခုအချိန်မှာတော့ အရပ်သားတယောက်အနေနဲ့ အာဏာယူထားတဲ့ ဦးသိန်းစိန်။ တကယ်တော့ သူလည်းပဲ အားလုံးသိတဲ့အတိုင်း စစ်တပ်ကပါ။ သူ့အနေနဲ့က လောလောဆယ်မှာ အရပ်သားအနေနဲ့ မျက်နှာပျက်ခံရတယ်။ တိုက်တဲ့ခိုက်တဲ့ကိစ္စတွေ ဖြစ်နေတဲ့ ကိစ္စအားလုံးဟာ တကယ်တမ်းတော့ သူနဲ့ သက်ဆိုင်တာထက် အခုလောလောဆယ် စစ်တပ်မှာ အာဏာယူထားတဲ့ ပုဂ္ဂိုလ်တွေက တာဝန်ပိုရှိပါတယ်။ သို့သော်လည်း အခုလောလောဆယ်မှာ အရပ်သားအစိုးရ အသွင်ဆောင်ထားတဲ့အတွက်ကြောင့် ဖြစ်သမျှ ပြဿနာတွေဟာ အရပ်သားအစိုးရခေါင်းပေါ်ကို တက်စောင့်တဲ့သဘောမျိုး ရှိပါတယ်။ စစ်တပ်က အနေသာကြီးဆိုတဲ့ သဘောမျိုးနဲ့ နောက်ကွယ်ကနေ လက်သီးပုန်းထိုးတဲ့သဘောမျိုး မြင်နေရပါတယ်။
ဦးကျော်ဇံသာ ။ ။ အထူးသဖြင့် ကျနော်မြင်တာက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပေါ့။ သူက အစတုန်းက သူ့တယောက်တည်းအမိန့်နဲ့ ဆုံးဖြတ်ခဲ့တာ။ အခုအခါမှာ သူထင်သလို လုပ်ခဲ့တယ်ဆိုတော့ ဖြေရှင်းလို့ မရနိုင်တဲ့ ကိစ္စတွေကို မင်းတို့အရပ်သား အဝတ်အစားလှဲ။ အရပ်သား ကိုယ်စားလှယ်အဖြစ်နဲ့ ပေါင်းပြီးတော့ ခံကြပေတော့ဆိုပြီး ထိုးကျွေးခဲ့တဲ့သဘော ဖြစ်မနေဘူးလား။
ဦးမောင်မောင်မြင့် ။ ။ အဲဒီလိုမျိုးတော့ သိပ်ဟုတ်ပါတယ်။ အမှန်တကယ် သက်ရောက်ပါတယ်။ သို့သော်လည်း ကျနော်တို့အနေနဲ့ သတင်းသမားတွေအနေနဲ့ကြတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အနေနဲ့ လက်ရှိအနေထား ဘယ်လိုရှိသလဲဆိုတာကို အတိအကျ မသိတဲ့အတွက်ကြောင့် အတိအကျ ဝေဖန်ချက် ပေးဖို့ အတော်ခက်ပါတယ်။ သူ့လက်ရာခြေရာ ဘယ်လောက်ပါသလဲဆိုတာကို။
ဦးကျော်ဇံသာ ။ ။ ဦးဟန် က အစောက ပြောတာကတော့ ပြည်နယ်ဝန်ကြီးချုပ်နဲ့ တိုင်းမှူးကြားမှာ အာဏာခွဲဝေရေးဆိုတော့ ဒီကိစ္စတွေဟာ ဖွဲ့စည်းပုံနဲ့ အုပ်ချုပ်တဲ့စနစ်ကို သူတို့က ကျွမ်းကျွမ်းကျင်ကျင် မရှိသေးဘူးဆိုတဲ့ သဘောလို့ တွက်ရင်လည်း ရမယ်ထင်ပါတယ်။ ဦးဟန် ဘယ်လိုသဘောရပါသလဲ။ သူတို့ ဖွဲ့စည်းပုံနဲ့ နေသာတကျ မအုပ်ချုပ်တက်သေးလို့ constitutional practice မရှိသေးလို့ ထင်ပါသလား။
ဦးဟန်ယောင်ဝေ ။ ။ ဒီနေရာမှာ တရားဥပဒေမှာလည်း တိတိကျကျ မရေးထားဘူး။ ဆိုတော့ ဘယ်လို လုပ်သင့်သလဲဆိုတာကို ဘယ်သူမှ သေသေချာချာ မသိကြဘူး။ ဒုတိယကလည်း အရင်က အမိန့်ပဲ နားထောင်ပြီးသွားတာက လွယ်တယ်။ အခုအခါ အမိန့်ကို ဘယ်သူ့ဆီက စောင့်ရမလဲဆိုတာကို မသိတော့ဘူး။ ဘယ်လို လုပ်လေ့ရှိတယ်။ ပါလီမန်ဆိုတာ ဘယ်လိုရှိတယ်။ ပြည်နယ်အစိုးရဆိုတာ ဘယ်လိုရှိတယ်ဆိုတာ ဘယ်သူမှ မတွေ့ကြုံခဲ့ဖူးပါဘူး။ ဆိုတော့ ဒီနေရာမှာ အခက်အခဲအများကြီး တွေ့နေတယ်။ အဲဒါမကဘူး အခုနပြောသွားတဲ့အတိုင်း ဒီ အရပ်သားအစိုးရက လုပ်လို့မအောင်မြင်ရင် တပ်မတော်ကို ပြန်လမ်းဖွင့်ပေးတာပဲ။ ဘာကြောင့်လဲဆိုရင် ကြည့်ပါအုံး။ ဒီ အရပ်သားအစိုးရက ဘာမှလုပ်လို့ မရဘူး။ ပြဿနာ ဘာမှဖြေရှင်းလို့ မရဘူး။ တပ်မတော် ပဲ အာဏာပြန်သိမ်းသင့်တယ်လို့ ဖြစ်လာအုံးမယ်။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ အရပ်သားတွေထဲမှာ တချို့ ရွေးကောက်ပွဲဝင်တဲ့ တိုင်းရင်းသား နိုင်ငံရေးသမားတွေ ရှိတယ်။ စစ်အစိုးရနဲ့ မပတ်တဲ့လူတွေ အဲဒီလူတွေကတော့ ဒေသဖွံ့ဖြိုးရေး၊ ဒေသ ငြိမ်းချမ်းရေးကို လုပ်နိုင်မှာပဲဆိုတဲ့ သဘောမျိုး သူတို့က စပြီး မျှော်လင့်ချက်နဲ့ လုပ်ခဲ့ကြပါတယ်။ ဦးမောင်မောင်မြင့်လည်း သိမှာပေါ့။ အဲဒါကို ဘယ်လိုမြင်ပါသလဲ။ အဲဒီလူတွေဟာ အခု လူတွေဟာ အခု ဒေသအတွင်းမှာ အပစ်အခတ်တွေ ဖြစ်နေပြီ။ ဒုက္ခသည်တွေ မြို့ပေါ်တက်၊ နယ်စပ်ဘက်ထွက်ပြေး ဖြစ်နေကြပြီ။ အဲဒီလိုဆိုတော့ တိုင်းရင်းသားဒေသ ဖွံ့ဖြိုးရေး၊ ကိုယ့်ဒေသအတွင်း ဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေး လုပ်နိုင်မယ်ဆိုတဲ့ လူတွေရဲ့ မျှော်လင့်ချက်ကို ဘယ်လိုပြောနိုင်ပါသလဲ။
ဦးမောင်မောင်မြင့် ။ ။ လွှတ်တော်အမတ်တွေရဲ့ သဘာဝကို ကြည့်မယ်ဆိုရင်တော့ တချို့ကတော့ လူထုက တင်မြှောက်လိုက်လို့ လူထုမဲနဲ့ တက်လာတဲ့ လူထုအကျိုးကို တကယ်လိုလားတဲ့ လွှတ်တော် အမတ်တွေကို ခွဲလို့ရပါတယ်။ ဒါပေမဲ့ ဘာပဲပြောပြော လက်ရှိလွှတ်တော်ရဲ့ သဘာဝဟာ နိုင်ငံတကာမှာ ကျနော်တို့ နားလည်ထားတဲ့ ဒီမိုကရေစီ လွှတ်တော်တွေရဲ့ သဘာဝနဲ့ အတော်လေး ခြားနားနေမှာကိုတော့ တွေ့ရပါလိမ့်မယ်။
အခုလိုမျိုး နိုင်ငံတနိုင်ငံမှာ ပြည်တွင်းစစ် သဘောမျိုး ဖြစ်နေတဲ့ကိစ္စမျိုး ပေါ်လာပြီဆိုရင် ပုံမှန် လွှတ်တော်တခုအနေနဲ့ - ဆိုကြပါစို့ အခုဆိုရင် ကချင်ပြည်နယ်နဲ့ ပတ်သက်တဲ့ အမတ်တယောက် ဖြစ်စေ။ နောက် ကချင်ပြည်နယ်နဲ့ ပတ်သက်တဲ့ အုပ်ချုပ်ရေးပိုင်းက ဒိတ်ဒိတ်ကျဲ ဝန်ထမ်းတယောက် ဖြစ် စေ သူတို့အနေနဲ့ အရင်ဆုံး လုပ်ရမယ့်ကိစ္စက ဒီကိစ္စကို အစိုးရနဲ့ တိုက်ရိုက် သူတို့ဆွေးနွေးကြရမယ်။
ဒီကိစ္စမှာ စစ်တပ်က ပါဝင်ပတ်သက်နေတဲ့အတွက်ကြောင့် စစ်ခေါင်းဆောင်တွေနဲ့ တိုက်ရိုက်ဆွေးနွေးပိုင်ခွင့် သူတို့မှာ ရှိရမယ်။ ဒါပေမဲ့သူတို့ မရှိပါဘူး။ အနည်းဆုံးအားဖြင့် သူတို့အနေနဲ့ မီဒီယာကို ထုတ်ဖော်ပြောဆိုနိုင်ခွင့် သူတို့မှာ ရှိရမယ်။ မသင့်တော်ဘူးဆိုရင်လည်း မသင့်တော်ဘူး။ ဖြေရှင်းမယ့်နည်းလမ်း ဘယ်လိုရှာမလဲဆိုတာတွေကို စသဖြင့် အနည်းဆုံးတော့ ထုတ်ဖော်ပြောဆိုပိုင်ခွင့် ရှိရပါလိမ့်မယ်။ ဒါပေမဲ့ သူတို့မှာ မရှိပါဘူး။ လွှတ်တော်လုပ်ထုံးလုပ်နည်းနဲ့ ပတ်သက်ပြီးတော့ လက်ရှိ အစိုးရဟာ အဲဒီလောက်အထိတော့ မညံ့ဘူး။ သူတို့ အခြေခံဥပဒေမှာပင် လွှတ်တော်နဲ့ပတ်သက်တဲ့ လုပ်ထုံးလုပ်နည်းအတွက် စည်းမျဉ်းစည်းကမ်းတွေ လုပ်ထားတာ ရှိပါတယ်။ အဲဒါနဲ့ ဘောင်ဝင်အောင်လို့တော့ သူတို့လုပ်ပါလိမ့်မယ်။ ဒါပေမဲ့ ဒီလွှတ်တော်ကတော့ တကယ့် လွှတ်တော်မဟုတ်တဲ့အတွက်ကြောင့် ဘယ်လိုပဲ ဘောင်ဝင်အောင်လုပ်လုပ် လူထုအကျိုးကိုတော့ တကယ်တမ်း ဖော်ဆောင်နိုင်မယ့် လွှတ်တော်မဟုတ်ဘူးဆိုတာကတော့ ထင်ရှားပါတယ်။
ဦးကျော်ဇံသာ ။ ။ ကျနော် နောက်ဆုံးမေးချင်တာတခုက ရှေ့အလားအလာကို တခွန်းဆီ ခန့်မှန်း ပေးကြပါ။ ဒီ အစိုးရဟာ ဦးဟန် ပြောသလို စစ်တပ်က မင်းတို့ဟာ မထိန်းနိုင်ကြဘူး။ ငါတို့ အာဏာ ပြန်သိမ်းမယ်ဆိုတဲ့ ဘူတာကိုပဲ ပြန်ဆိုက်သွားနိုင်သလား။ ဒီအတိုင်းပဲ အီရောအီရောနဲ့ မဖြိုမရဲ ဖြစ်သွားနေမလား။ ဒါထက် အခြေအနေကောင်းတဲ့ အရပ်သားတွေရဲ့ ပြောခွင့်ဆိုခွင့် ရှိလာတဲ့ အခြေအနေမျိုး ဖြစ်လာနိုင်ပါသလား။ ဘယ်လိုမြင်ပါသလဲ။
ဦးဟန်ယောင်ဝေ ။ ။ ကျနော်အနေနဲ့ မြင်တာကတော့ ဒီအစိုးရက အခုန ပြောတဲ့အတိုင်း ဒီအခြေအနေကို ပြန်မထိန်းနိုင်ရင် ဥပမာ ပါလီမန်ခေါ်ပြီး ဒီကိစ္စကို ဆွေးနွေးမလား။ မဟုတ်ရင် လုံခြုံရေး ကောင်စီကို ခေါ်ပြီမှ ဒီကိစ္စကို ကိုင်တွယ်မလား။ တိုက်ပွဲတွေ ငြိမ်သွားအောင် သူတို့လုပ်နိုင်တယ် ဆိုရင်တော့ ရှေ့တိုးသွားလို့ရတယ်။ ပါလီမန်စနစ်ကို ပြန်ကိုင်ပြီးတော့ ဒီမိုကရေစီဘက် ပိုအားပေးပြီး ဆက်သွားလို့ ရတယ်။ ဒါပေမဲ့ ဒီလိုမျိုး မလုပ်နိုင်ဘူးဆိုရင် တပ်မတော်ကပဲ ဒီကိစ္စကို ကိုင်တွယ်သွားမယ် ဆိုရင်တော့ ကျနော်ထင်တာကတော့ တိုင်းပြည်အတွက်ကတော့ တော်တော် ပိုနစ်နာမယ့်အလားအလာ ရှိတယ်။ စီးပွားရေးလည်း ပိုကျဖို့များတယ်။ လူထုလည်း ပိုဒုက္ခရောက်မယ်။ တိုက်ပွဲတွေလည်း ပြန့်သွားမယ်။ ဆိုတော့ ဒီနေရာမှာ မကောင်းတဲ့အခြေအနေ ရောက်သွားမယ်လို့ ကျနောမြင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဦးမောင်မောင်မြင့်ရဲ့ အမြင်ကိုလည်း ခပ်တိုတို ပြောပေးပါ။
ဦးမောင်မောင်မြင့် ။ ။ ရွေးကောက်ပွဲအချိန်တုန်းက တိုင်းရင်းသားပြည်သူတွေက သွားပြီး မဲထည့်တဲ့ အခါမှာ သူတို့ခေါင်းထဲမှာ အချက်တချက်ရှိပါတယ်။ အဲဒါကတော့ အနည်းဆုံးအားဖြင့် လောလောဆယ် ကာလမှာ အပစ်အခတ် ရပ်စဲထားတယ်။ တိုင်းပြည်ငြိမ်းချမ်းနေတယ်။ အဲဒါကြောင့် ဒီမဲကို ငါတို့ ပေးခြင်းအားဖြင့် ရလာမယ့် အစိုးရသစ်ဟာ အနည်းဆုံးအားဖြင့် ငါတို့ ပြည်နယ်အရေးကို ဖော်ဆောင်နိုင်မယ်ဆိုတာမျိုး သူတို့စိတ်ထဲမှာ တွေးခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီဟာက မမှန်တော့ဘူး ဆိုတာကို သူတို့သိနေပါပြီ။ အဲဒီအခါကျတော့ စစ်မက်ဖြစ်ပြီဆိုရင် အားလုံးသိကြတဲ့အတိုင်း အရာရာ ပြိုကွဲပါလိမ့်မယ်။ လူမှုဘဝတွေ ပြိုကွဲမယ်။ စားရေးသောက်ရေး၊ အနေအထိုင်၊ အလုပ်အကိုင်၊ ပညာရေး၊ ကျန်းမာရေး အကုန်လုံး ချို့တဲ့လာလိမ့်မယ်။ အဲဒီအခါကျရင် လူထုရဲ့ စိတ်ဆန္ဒ အခြေအနေဟာ ဘယ်လောက်အထိ တောင့်ခံနိုင်မလဲဆိုတာကို ကျနော်တို့ ကြည့်ရပါလိမ့်မယ်။ ဒါပေမဲ့ သေချာတာ တခုကတော့ အခုလက်ရှိ အခြေအနေအထိ စစ်တပ်က အရာရာထိန်းချုပ်နိုင်တဲ့အတွက်ကြောင့် အခြေခံ ဥပဒေကို လက်ညှိုးထိုးပြီးတော့ သူတို့ပြန်ပြီး အာဏာသိမ်းမှာကတော့ တော်တော်လေး အလားအလာ ရှိနေပါတယ်။ အဲဒီ ထွက်ပေါက်ကနေ ကျနော်တို့ ထွက်နိုင်တဲ့ တခုတည်းသော လမ်းကြောင်းက ဘာလဲ ဆိုတော့ အရေးကြီးတဲ့ စစ်တပ်ခေါင်းဆောင်ပိုင်းအနေနဲ့ ဒါကို မြင်ပြီးတော့ သူ့ရဲ့ ခေါင်းဆောင်မှုအောက်မှာ စစ်တပ်ကို လမ်းကြောင်းမလွှဲအောင်လို့ ဖီလစ်ပင်က General Ramos လုပ်ခဲ့တဲ့ လမ်းကြောင်းအတိုင်း လုပ်မယ်ဆိုရင် စစ်တပ်က အာဏာပြန်သိမ်းတဲ့ နည်းလမ်းမဖြစ်ဘဲနဲ့ စစ်တပ်နဲ့ အရပ်သားအစိုးရ ပူးပေါင်းတဲ့နည်းလမ်းဖြစ်မယ်လို့ ကျနော်မြင်ပါတယ်။