သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ-တရုတ် နဲ့ မြန်မာနိုင်ငံ


အိန္ဒိယ-တရုတ် နဲ့ မြန်မာနိုင်ငံ
အိန္ဒိယ-တရုတ် နဲ့ မြန်မာနိုင်ငံ

မြန်မာပြည်မှာ တရုတ်ပါဝင်တဲ့ လုပ်ငန်းတွေများပြားပေမယ့် မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်နိုင်ကြတာ တွေ့ရပါတယ်။ အိန္ဒိယ ရင်းနှီးမြုပ်နံှထားတဲ့ စီမံကိန်းဟာ အနည်းငယ်သာ ရှိပေမယ့် ကြန့်ကြာနှေးကွေးနေတာ တွေ့ရပါတယ်။ ဒါကြောင့် တရုတ်ပါဝင်တဲ့ အခန်းကဏ္ဍဟာ များများမြန်မြန် ဖြစ်နေပြီး အိန္ဒိယရဲ့ အခန်းကဏ္ဍကတော့ နည်းနည်းနှေးနှေး ဖြစ်နေတယ်လို့ ပြောနိုင်ပါတယ်။ အိန္ဒိယ အစိုးရပါဝင်လုပ်ကိုင်နေတဲ့ စီမံကိန်းတဒါဇင်ကျော်ရှိတယ်လို့ ရန်ကုန်-အိန္ဒိယ သရုံးက ဆိုပါတယ်။

မြန်မာပြည်မှာ စီးပွားရေးလုပ်ဖို့ မှတ်ပုံတင်ထားတဲ့ တရုတ်ကုမ္မဏီ (၁၇၀) ကျော်ရှိပြီး နိုင်ငံခြားရင်းနှီးမြုပ်နှံမှု (၄၀) ရာခိုင်နှုန်းဟာ တရုတ်ပိုင် ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာအများဆုံး ရင်းနှီးမြုပ်နှံသူဟာ တရုတ်ပါ။ ၂၀၀၇ မှာ တရုတ်ကုမ္မဏီ (၂၆) ခုရှိရာက (၄) နှစ်အတွင်း တရာကျော် ထပ်တိုးလာတာ ဖြစ်ပါတယ်။ ရေအားလျှပ်စစ် စီမံကိန်းမှာ ပါဝင်တဲ့ အိန္ဒိယကုမ္မဏီတခုသာရှိပြီး တရုတ်ကုမ္မဏီ (၄၅) ခု ရှိပါတယ်။ ရေနံနဲ့ လျှပ်စစ်စီမံကိန်းမှာ ပါဝင်တဲ့ အိန္ဒိယကုမ္မဏီတခုသာရှိပြီး တရုတ်ကုမ္မဏီ (၄၅) ခုရှိပါတယ်။ ရေနံနဲ့ သဘာဝဓါတ်ငွေ့ထုတ်လုပ်ရေး စီမံကိန်း (၂၀) ကျော်မှာ တရုတ်ကုမ္မဏီ (၁၆) ခု ပါဝင်နေပါတယ်။ လွန်ခဲ့တဲ့နှစ်က ဒေါ်လာသန်း ရှစ်ထောင်ကျော် ရင်းနှီးမြုပ်နှံဖို့ တရုတ်က ဆုံးဖြတ်ပါတယ်။

အိန္ဒိယအစိုးရ အရှေ့မျှော်လမ်းစဉ် ကျင့်သုံးလာတာ ဆယ်နှစ်ရှိပြီးမို့ အာဆီယံအသင်း၊ တောင်ကိုရီးယား၊ ဂျပန် စတာတွေနဲ့ ဆက်ဆံရေး မြှင့်တင်နိုင်ပေမယ့် အိန္ဒိယအရှေ့မြောက်ပြည်နယ်တွေကို ဖွံ့ဖြိုးတိုးတက်အောင် မလုပ်နိုင်တာနဲ့ မြန်မာပြည်မှာပါဝင်တဲ့ အခန်းကဏ္ဍနည်းပါးနေတာကို အားနည်းချက်အဖြစ် မြင်ကြပါတယ်။ အရှေ့မျှော်လမ်းစဉ်မှာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အားနည်းနေတာဟာ အရှေ့မြောက်ဒေသက လက်နက်ကိုင်ပုန်ကန်မှုကိုသာ အာရုံစိုက်နေလို့ဖြစ်ကြောင်း သုံးသပ်တာမျိုးရှိပါတယ်။ မြန်မာနိုင်ငံနဲ့ နယ်စပ်ချင်းဆက်နေတဲ့ မီဇိုရမ်၊ မဏိပူ၊ နာဂပြည်နယ် နဲ့ အရူနာချယ်ပရာဒေ့ရှ်ဟာ ယူနန်ပြည်နယ်လို တိုးတက်ဖွံ့ဖြိုးခြင်း မရှိတာဟာ မြန်မာနဲ့ဆက်သွယ်ရာမှာ ခရီးမရောက်ဘဲ ဖြစ်နေရတဲ့အကြောင်းရင်း ဖြစ်တယ်လို့ မြင်ကြပါတယ်။

မြန်မာနဲ့ဆက်စပ်နေတဲ့ အိန္ဒိယအရှေ့မြောက်ပြည်နယ်တွေကို တိုးတက်ဖွံ့ဖြိုးအောင်မလုပ်ဘဲ မြန်မာပြည်မှာ ရင်းနှီးမြုပ်နံှတာဟာ ထိရောက်မှုရှိမှာ မဟုတ်ဘူးလို့ နယူးဒေလီအခြေစိုက် ကာကွယ်ရေး သုတေသနဌာန IDSA – Institute of Defense Studies & Analyses က ထုတ်ဝေတဲ့စာတမ်းတွေမှာ ဖော်ပြပါတယ်။ နယ်စပ်ဒေသမှာ အခြေခံအဆောက်အအုံ မကောင်းတဲ့အတွက် ကုန်သွယ်ရေးဟာ မျှော်လင့်သလို တိုးပွားလာတာ မဟုတ်ဘူးလို့ သုံးသပ်ကြပါတယ်။ အရှေ့မြောက်ပြည်နယ်တွေမှာ မဲဂါဝပ် (၂၅) ကျော်တဲ့ ရေအားလျှပ်စစ်စက်ရုံ (၁၁) ရုံလည်ပတ်နေပြီး စုစုပေါင်း မဲဂါဝပ် (၁၅၀၀) ထုတ်လုပ်မယ့် ရေအားလျှပ်စစ် (၃) ခုနဲ့ နာဂပြည်နယ်မှာ မဲဂါဝပ် (၄၀၀) ရှိမယ့် ရေအားလျှပ်စစ် (၃) ခု တည်ဆောက်ဖို့ စီမံကိန်းရှိတာကြောင့် အကောင်အထည်ပေါ်ရင် မြန်မာပြည်နဲ့ ဘင်္ဂလာဒေ့ရှ်ကိုတောင် လျှပ်စစ်ဓါတ်အားရောင်းနိုင်မယ့် အခြေအနေရှိတယ်လို့ သုံးသပ်ကြပါတယ်။

မြန်မာ့အိမ်နီးချင်း အိန္ဒိယ အရှေ့မြောက်ပြည်နယ်တွေမှာ ရေအားလျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ ကြိုးပမ်းနေတုန်း ချင်းတွင်းမြစ်မှာ ရေကာတာတွေ တည်ဆောက်ပြီး ရေအားလျှပ်စစ်ထုတ်ယူမယ့် အိန္ဒိယအစိုးရရည်ရွယ်ချက်ဟာ မဏိပူရပြည်နယ်အတွက်လို့ ဆိုပါတယ်။ အရှေ့မြောက်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်တဲ့ ကလတန်မြစ် စီမံချက်ဟာလည်း နှောင့်နှေးကြန့်ကြာနိုင်ပါတယ်။ အိန္ဒိယ-မြန်မာ-တရုတ်ကို ဆက်သွယ်ထားတဲ့ လီဒိုလမ်းမ ပြန်လည်တည်ဆောက်ရေး စီမံကိန်းမှာ တရုတ်အပိုင်းက ပြီးစီးနေပြီး မြစ်ကြီးနား က အိန္ဒိယနယ်စပ်အထိ လမ်းဖောက်ဖို့ တရုတ်ကုမ္မဏီက ကန်ထရိုက် ရထားပါတယ်။ အိန္ဒိယဘက်ကတော့ လုပ်ငန်းလုံးဝ မစသေးကြောင်း သိရပါတယ်။

အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ နဲ့ ယူနန်ပြည်နယ် ဆက်သွယ်ရေး ကောင်းမွန်လာအောင် ကြိုးစားဖို့ ၁၉၉၉ မှာ (၄) နိုင်ငံ ကိုယ်စားလှယ်တွေ ကုမင်မြို့မှာ နားလည်မှု ရယူခဲ့ပါတယ်။ Kunming Initiatives လို့ လူသိများပါတယ်။ အိန္ဒိယရဲ့ အရှေ့မျှော်လမ်းစဉ်နဲ့ သဟဇာတဖြစ်အောင် ယူနန်ပြည်နယ်က အိန္ဒိယအရှေ့မြောက်ဒေသနဲ့ ဆက်သွယ်ဖို့ ကြိုးပမ်းတဲ့ အစီအစဉ် ဖြစ်ပါတယ်။ ဒီအထဲမှာ ယူနန်၊ မြန်မာ၊ အိန္ဒိယကို ဒုတိယကမ္ဘာစစ်အတွင်းက ဆက်သွယ်ခဲ့တဲ့ လီဒိုလမ်းမ ပြန်လည်ဖွင့်လှစ်ရေးလည်း ပါဝင်ပါတယ်။

ဒါပေမဲ့ တရုတ်ကပိုင်ဆိုင်ကြောင်း ကြေညာနေတဲ့ အရူနာချယ်ပရာဒေ့ရှ် နဲ့ ယူနန်ပြည်နယ်ကို ကားလမ်းနဲ့ ဆက်သွယ်ဖို့ အိန္ဒိယဘက်မှာ သဘောမတူသူတွေ များပါတယ်။ ပြဿနာမရှိရင်တော့ လီဒိုလမ်းဟာ အကျိုးပြုနိုင်ပေမယ့် လက်နက်ကိုင် တိုင်းရင်းသားအုပ်စုတွေက အနှောင့်အယှက်ပေးနိုင်တာမို့ အိန္ဒိယ အစိုးရက တုံ့ဆိုင်းနေတာဖြစ်ပါတယ်။ လမ်းဖောက်ဖို့ခက်ခဲ့ပြီး ကျွမ်းကျင်အလုပ်သမား ရှားပါးမှုကိုလည်း အိန္ဒိယ ရင်ဆိုင်နေရပါတယ်။ ဒီ ပြဿနာတွေ တရုတ်မှာ မရှိတာဟာ အိန္ဒိယထက် တပန်းသာနေတဲ့အချက် ဖြစ်ပါတယ်။ အိန္ဒိယဟာ မိုရေး၊ တမူး၊ ကလေးဝ၊ ကလေးမြို့ ကာလမ်းကိုသာ ပြီးစီးအောင်ဆောက်လုပ်နိုင်သေးတာ တွေ့ရပါတယ်။

XS
SM
MD
LG