သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရေစီခရီး နဲ့ ဆူးငြောင့်ခလုတ်များ


ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ သုံးသပ်ချက်အစီအစဉ်မှာ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ဘာသာရေး အသွင်ဆောင်တဲ့ ပဋိပက္ခတွေဟာ ဒီမိုကရေစီရေး ပြပြုပြောင်းလဲမှုကို ဘယ်လောက်အထိ အဟန့်အတားဖြစ်စေပါသလဲ။ ယဉ်ကျေးမှု၊ ဘာသာရေး ကွဲလွဲမှုတွေအပေါ်မှာ သည်းညည်းမခံနိုင်တဲ့ လူ့အဖွ့ဲအစည်းတစ်ခုမှာ ဒီမိုကရေစီ ထွန်းကားနိုင်မယ့် အလားအလာကရော ဘယ်လောက် ရှိပါသလဲ။ NLD သဘာပတိ သတင်းစာဆရာကြီး ဦးဝင်းတင် နှင့် မြန်မာအရေးသုံးသပ်သူ သမိုင်းပညာရှင် ဦးအောင်ခင် တို့နှင့် ဦးကျော်ဇံသာက ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာဦးဝင်းတင် ခင်များ။ အခု မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ လူမျိုးရေး ဘာသာရေးဆန်တဲ့ ပဋိပက္ခတွေဟာ ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် ဘယ်လောက်အရေးကြီးတဲ့ စိန်ခေါ်မှုတွေလို့ ဆရာ ထင်ပါသလဲ။

ဦးဝင်းတင် ။ ။ ဒီမေးခွန်းကို ကျနော်အမှန်အတိုင်းပြောရရင် ဒီလတ်တလောအတွင်းမှာ မီဒီယာတွေနှင့် တွေ့တဲ့အခါမှာ ကျနော် နောက်ဆုံးပိတ်မှာ ထားပြောတဲ့ ကိစ္စဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က နိုင်ငံရေးပါတီတွေ ဖြစ်နေတယ်၊ နိုင်ငံရေးသမားတွေ ဖြစ်နေတယ် ဆိုတော့ နိုင်ငံရေးကို ကျနော်တို့ ဇောင်းပေးပြီးတော့ တမင်တွန်းပို့တဲ့ဟာမျိုး ဖြစ်မှာစိုးတဲ့အတွက် ကျနော် ဒီကိစ္စကို ကျနော် နောက်ဆုံးပိတ်မှာထားပြောပါတယ်။ သို့သော် အခု ဦးကျော်ဇံသာက ဒီကိစ္စကို ပထမဆုံးတန်းပြီးတော့ ဒီဟာ အရေးကြီးတဲ့ကိစ္စကို အရေးကြီးတဲ့အတိုင်းပဲ ကျနော်လည်း ဖြေကြားဖို့ တာဝန်ရှိတယ်လို့ ကျနော်သဘောထားတယ်။ အဲဒီတော့ ဦးကျော်ဇံသာ ပြောတဲ့အတိုင်းပဲ ဒီဟာ အတိုးချုပ်နှင့် ပြောရမယ်ဆိုရင်တော့ ဒီဟာက ဗမာပြည်မှာ ဒီကနေ့ဆောင်ရွက်နေကြတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေကို သေရေးရှင်ရေးအမျှ အရေးကြီးတယ် အန္တရာယ် ဖြစ်နိုင်တယ်လို့ပဲ ကျနော် သုံးသပ်ပြပြီး ပြောချင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့။ ဆရာ ဦးအောင်ခင်။

ဦးအောင်ခင် ။ ။ အများဆုံးတာဝန်ရှိတာတော့ အစိုးရပေါ့။ အစိုးရက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အာဏာရှင် စစ်အစိုးရအနေနှင့် အုပ်ချုပ်လာတယ်။ အုပ်ချုပ်လာပြီး အခု ဒီမိုကရေစီအစိုးရခေတ်မှာ နည်းနည်းပါးပါး ဖွင့်လိုက်တယ်ဆိုတော့ လူတွေကလည်း မကျေနပ်တာလေးတွေ ဘာလေးတွေ ပြောလာတယ်။ ဆိုတော့ အဲဒီတော့ ဒီအစိုးရက ဘယ်လောက်ထိတောင် သူထိန်းနိုင်မလဲ ဆိုတဲ့အပေါ်မှာ မူတည်တာပေါ့။ သူမထိန်းနိုင်ရင် သူ့ပြုပြင်ရေးလုပ်ငန်းတွေ သူ မအောင်မြင်ဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဒီကိစ္စက ချက်ချင်းလုပ်လို့ရတဲ့ကိစ္စလည်း မဟုတ်ဘူး။ တဖြည်းဖြည်း လုပ်ရမယ့်ကိစ္စ။ လူမျိုးရေး ဘာသာရေးနှင့် ပက်သတ်တဲ့ကိစ္စတွေက အကုန်လုံး တစ်ကမ္ဘာလုံးမှာ ဖြစ်နေတာပဲ။ ဆိုတော့ ဒါတွေဖြစ်လို့ရှိရင်လည်း ထိန်းလို့သိမ်းလို့ မရဘူး။ အဲဒီတော့ အရင်တုန်းက နည်းနည်းပါးပါးဖြစ်တာ ထိန်းသိမ်းနိုင်ခဲ့တယ်။ နောက်ကြီးလာတဲ့အခါကြတော့ မထိန်းသိမ်းနိုင်တဲ့အခါကြတော့ အကုန်လုံး အစီအစဉ်တွေ အကုန်ပျက်တာပေါ့ဗျာ။
ဦးကျော်ဇံသာ ။ ။ အဲဒီတော့ ဆရာက အစိုးရမှာ တာဝန်ရှိတယ်ဆိုတော့ ဒီကိစ္စမှာ နိုင်ငံရေး ပယောဂ ပါပါသလား။ ဒီကိစ္စဖြစ်လာတာ။ သို့မဟုတ် လူထုက ရင့်ကျက်မှုမရှိတာလား။

ဦးအောင်ခင် ။ ။ တိုင်းပြည်ကတော့ နိုင်ငံရေးကတော့ မတည်ငြိမ်ဘူးပေါ့။ နိုင်ငံရေးက မတည်ငြိမ်တဲ့ တိုင်းပြည်မှာ ဒါမျိုးဖြစ်တဲ့အခါကြတော့ ပိုဆိုးတာပေါ့။ ဆိုတော့ ဒီအပြောင်းအလဲ လုပ်တာတွေဘာတွေ မကြိုက်တဲ့လူကလည်းပဲ မြှောက်ထိုးပင့်ကော် လုပ်နိုင်တာပဲ။ ဒီကိစ္စက ဒီအမှိုက်ကအစ ပြသာဒ်မီးလောင်ဆိုပြီး ဖြစ်သွားနိုင်တဲ့ကိစ္စတွေကိုး။ ဆိုတော့ အသေးအမွှားကိစ္စလေးကနေ ပုံကြီးချဲ့ပြီးတော့ အကြီးအကျယ် ရုန်းရင်ဆန်ခတ် ဖြစ်ပြီးတော့ တစ်မြို့လုံးမီးလောင်တဲ့အထိ ဖြစ်သွားကြတာကိုး။ အဲဒါကို အချိန်မီထိန်းသိမ်းနိုင်ဖို့က အစိုးရမှာ တာဝန်ရှိတယ်။ ဒါမျိုးတွေက အနောက်တိုင်းမှာလည်း ဖြစ်တာပဲ။ ပဲရစ်(စ်) မှာလည်း ဖြစ်တယ်။ အနောက်တိုင်းမှာ အကုန်ဖြစ်တာပဲ။ ဒိန်မတ်၊ မူစလင်နှင့် ပတ်သက်တဲ့ အဓိကရုဏ်းတွေက ဖြစ်တာပဲ။ ဖြစ်ရင် အနောက်တိုင်းက ဒါကို ထိန်းနိုင်သိမ်းနိုင်တယ်။ အနောက်တိုင်းမှာရှိတဲ့ မူစလင်အများစုကလည်း ဒီလို မြှောက်ပေးတိုင်းလုပ်မယ့်လူ မဟုတ်ဘူးပေါ့ဗျာ။ ဆိုတော့ အဲဒါမျိုးပေါ့။ ဒီကရှိတဲ့လူတွေက ပရိသတ်ကလည်း ရင့်ကျက်တယ်ဆိုတော့ ထိန်းရသိမ်းရတာ လွယ်ကူတယ်။ ဗမာပြည်ကျတော့ ပရိသတ်ကလည်း မရင့်ကျက်ဘူးဆိုတော့ ဟိုဒင်းပေါ့ဗျာ ဘာခေါ်လဲ Emotional ဖြစ်တာပေါ့။ ထစ်ကနေဆိုရင် ကိုယ့်ဟာနှင့်ကိုယ် အကြမ်းဖက်ချင်တဲ့စိတ်ဓာတ်တွေ နှစ်ဖက်စလုံးရှိတာပေါ့။

ဦးကျော်ဇံသာ။ ။ ဟုတ်ကဲ့။ ဆရာ ဦးဝင်းတင်။

ဦးဝင်းတင် ။ ။ ကျနော် အဲဒါနှင့်ပတ်သက်လို့တော့ ဘယ်လိုပြောချင်လဲဆိုတော့ ဒီကိစ္စလည်း ကျနော်တို့က အမှန်တိုင်းပြောရရင် နောက်ပိုင်းမှာပြောတဲ့စကားတွေပဲ။ ဦးကျော်ဇံသာကသာ ဒါအရေးကြီး ရှေ့တန်းကိုတင်ပြီး ပြောတဲ့အခါကြတော့ ဒါတွေလည်း ကျနော်တို့ ရှေ့တန်းကနေပြီး ဖြေရမယ့်ဝတ္တရားရှိတယ်လို့ ကျနော်ပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တကယ်တမ်း ဒီဟာကိစ္စက အရေးကြီးတဲ့ကိစ္စ ဖြစ်ပါတယ်။ အဲဒီတော့ နိုင်ငံရေးနောက်ကနေ ကြည့်တဲ့အခါမှာ နိုင်ငံရေး ပယောဂလားဆိုတာတော့ ကျနော် အတိအကျမပြောနိုင်ဘူး။ သို့သော် ပယောဂတွေ ရှိတယ်ဆိုတာတော့ ကျနော် အတိအကျကို ပြောလို့ရတယ်လို့ ကျနော်ပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် အခု ဒီနေ့ဖြစ်နေတဲ့ကိစ္စဟာ လူမျိုးရေးဆန်ဆန်လည်း ပါနေတယ်။ တခါ တဖက်ကနေပြီးတော့ ဘာသာရေးကိစ္စဆိုတာလည်း မူစလင် ဆန့်ကျင်ရေးတို့ပါတယ်။ နောက်တခါ အဲဒီမှာ လှုံဆော်တဲ့နေရာမှာ မူစလင်ဖက်က အစွန်းရောက်တွေ ပါတယ်ဆိုတာ ဒါကျနော်တို့တွေ သိနေတဲ့ဟာ တွေရှိပါတယ်။ အလားတူပဲ ဗုဒ္ဓဘာသာဖက်ကလည်း ဒီအစွန်းရောက်တွေရှိတယ်။ အဲလူတွေက လှုံဆော်တာ ရှိတယ်ဆိုတာလည်း ထင်ရှားပါတယ်။ အတိုးဆုံး လက္ခဏာတွေ ပြောရရင် ဘာသာရေးပုံစံနှင့် ချဉ်းကပ်ရာကနေ အခုကျတော့ ဒီ အရပ်သူအရပ်သားချင်း ပြည်သူလူထုကြားထဲမှာကို ပြဿနာဖြစ်အောင် ဖန်တီးတယ်ဆိုတဲ့ သဘောတွေက ပေါ်လာတယ်။

အဲဒါဟာ တော်တော်အရေးကြီးတဲ့ကိစ္စလို့ ပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဆိုပါတော့ ရန်ကုန်မှာ အခု မနေ့တနေ့ကဖြစ်တဲ့ ညပိုင်းမှာဖြစ်တဲ့ဟာဆိုလို့ရှိရင် ဘာလုပ်လဲဆိုရင် ဒီလူတစ်စုကနေပြီးတော့ ညမထွက်ရအမိန့်ထုတ်ပြီး ၉ နာရီဆိုရင် ဆိုင်တွေဘာတွေပိတ်ပြီး ညမသွားရဆိုတဲ့ဟာ ထုတ်နေတဲ့အချိန်မှာကို အဲဒါကားတွေနှင့် တခါတည်း ရပ်ကွက်တွေထဲကို ဝင်လာပြီးတော့ မူစလင်များတဲ့ ရပ်ကွက်ကြတော့ ဗမာတွေ မူစလင်တွေကို သတ်တော့မယ်။ ဗမာတွေ လာနေပြီးဆိုတဲ့ဟာမျိုးတွေ ပြောတယ်။ နောက်တခါ ဗမာရပ်ကွက်ကြတော့အခါလည်း မူစလင်တွေက လာနေပြီး ဗမာတွေကို လည်းလှီးတော့မယ် ဆိုတော့ဟာမျိုး လှုံဆော်သွားတယ်။ အဲဒီတော့ ဆိုလိုတာက ဘာလဲဆိုတော့ နောက်ကနေ လှုံဆော်နေတဲ့ မသမာတဲ့ ပယောဂတွေ ဆိုတာတော့ ရှိတယ်ဆိုတာ ကျနော် အတိကျပြောနိုင်ပြီ။ သို့သော် ဒီပယောဂတွေဟာ နိုင်ငံရေးပယောဂလား သို့မဟုတ်လည်း အခြားခြားသောအင်အားစုများရဲ့ ပယောဂဆိုတာတော့ ကျနော်တို့ ဆက်ပြီးတော့ စောင့်ကြည့်ပြီးတော့ စဉ်းစားရမယ့်ကိစ္စ ဖြစ်တယ် ဖော်ထုတ်ရမယ့်ကိစ္စ ဖြစ်တယ်လို့ ကျနော်ပြောချင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုလိုတာက ဒီ ပယောဂ သွေးထိုးလှုံဆော်တဲ့လူတစ်စု သူတို့ကိုယ်၌က ဒီမိုကရေစီ ဖြစ်ထွန်းလာရင် မြန်မာနိုင်ငံဟာ ဒီမိုကရေစီထွန်ကားတဲ့ လူအဖွဲ့အစည်းဖြစ်လာရင် သူတို့အတွက်လည်း ကောင်းလိမ့်မယ် အကျိုးရှိလိမ့်မယ်လို့ သူတို့က မယုံကြည်တာလား။ ဒါ့အပြင် သူတို့လှုပ်ဆောင်မှုကို လိုက်ပါတဲ့ လူထုကရော ဒီမိုကရေစီထွန်းကားတဲ့ လူ့အဖွဲ့အစည်းဟာ ငါတို့အားလုံးအတွက် ပိုကောင်းမယ်ဆိုတာကို သူတို့ သေသေချာချာ သဘောမပေါက်နိုင်တာလား။

ဦးဝင်းတင် ။ ။ အဲဒီ သဘောပေါက်မှုတွေကတော့ ကျနော်ထင်တယ် ဒါ စိတ်ဓာတ်ပိုင်းဆိုင်ရာ ဖြစ်တဲ့အခါကြတော့ သူတို့ရဲ့အတွင်းသဘောကို ကျနော်တို့ မသိနိုင်ဘူး။ သို့သော် အခုနကပြောသလို သူတို့ ကျူးလွန်နေတယ် သူတို့တွေ ဖန်တီးနေတယ်။ သဝန်တိုမှုတွေ သို့မဟုတ်လည်း အချင်းချင်း ရန်လိုမှုတွေ အချင်းချင်းကို သတ်မယ်ဖြတ်မယ် ဘီးလူးစီး၊ သရဲစီးသလိုဖြစ်အောင် လုပ်နေတာကတော့ ဘာပဲပြောပြော ဒီပြောင်းလဲနေတဲ့အခြေအနေ ပြောင်းလဲနေတဲ့ နိုင်ငံတော်မှာ ဒီမိုကရေစီတို့ဘာတို့ ပြောင်းလဲတဲ့ပုံသဏ္ဍန်နှင့် ပတ်သက်လို့ မကြိုက်ဘူးဆိုတာတော့ ထင်ရှားနေတယ်။

ဦးကျော်ဇံသာ ။ ။ လူထုတွေက အဲဒီလို ပယောဂ သွေးထိုးမှုတွေ မြှောက်ထိုးပင့်ကော် လုပ်မှုတွေနောက်ကို ပါနေတယ်။ တချို့ နိုင်ငံရေးသိပ္ပံပညာရှင်တွေက ဆိုကြပါတယ် လူထုဟာ ထိုက်တန်တဲ့အစိုးရပဲရတယ်။ People get the government they deserve လို့ ပြောကြပါတယ်။ ဆိုတော့ မြန်မာနိုင်ငံမှာ ဒီလိုသွေးထိုးလှုံဆော်မှု လူမျိုးရေးကျဉ်းမြောင်းတဲ့ ဘာသာရေး သွေးထိုးလှုံဆော်မှုနောက်မှာ လူထုတွေပါနေတယ်ဆိုတော့ ဒီလူထုဟာ ဒီမိုကရေစီနှင့်တန်ရဲ့လားလို့ မေးခွန်းထုတ်မယ်ဆိုရင် ဆရာ ဘယ်လိုဖြေမလဲ။

ဦးဝင်းတင် ။ ။ အဲဒါကတော့ ကျနော်ထင်တယ် လူထုပါတယ်လို့တော့ ပြောလို့မရဘူး။ လူထုဆိုတာတော့ စိုးရိမ်မှာပဲ ကြောက်လန့်မှာပဲ။ သူတို့ကတော့ ကိုယ့်အိမ်မှာ ကိုယ့်ထမင်း ကိုယ်စားပြီးတော့ ကိုယ့်အလုပ် ကိုယ်လုပ်နေတယ်။ ကိုယ့်အိမ်မှာ ကိုယ်အိပ်နေတဲ့လူတွေ ဆိုပါတော့ မိတ္ထိလာလိုနေရာမျိုးမှာ ဒီအခုလို အခြေအနေပြဿနာတွေ မပေါ်ခင်ဆက်ကြားမှာ ဗမာနှင့် မူစလင် အတူတူနေနေတာပဲ။ တစ်မြို့ထဲနေနေတာ။ အကုန်လုံးလည်း ဟိုတခါ အရေးအခင်း ပေါ်လာတဲ့အခါကြတော့လည်း ဗမာတွေအများကြီးကူတယ်။ ဥပမာ မိတ္ထိလာအိမ်မှာဆိုရင် အဘိုးကြီးအဘွားကြီး လင်မယားနှစ်ယောက်က မူစလင် (၅) ယောက်ကို သူ့အိမ်မှာကျွေးထားတယ်။ သူ့မှာအန္တရာယ်ရှိမှာ သိရသားနှင့် လူ့အသက်ကို ကယ်ကောင်းတယ်ဆိုပြီးတော့ လုပ်တဲ့ဟာတွေ ရှိပါတယ်။

အဲဒါကို ကျနော် ဦးကျော်ဇံသာပြောသလို သို့မဟုတ် နိုင်ငံရေးသိပ္ပံပညာရှင်များ ပြောသလို လူထုကြားထဲမှာ တော်တော်ကို စိုးရိမ်ထိတ်လန့်ခြင်းတွေ ဖြစ်နေတယ်ဆိုတာ အဲဒါကို ကျနော်က အဲဒီလောက်အထိတော့ မတွက်ဘူး။ ကျနော်တွက်တာက အဲဒီလူထုကို စိုးရိမ်ကြောက်လန့်မှုတွေပေါ်အောင် လူထုကို အမှောင်ပယောဂတွေ စွဲအောင် လူထုကို မျက်စိကို တိမ်သလ္လာဖုံးအောင် နိုင်ငံရေးတိမ်သလ္လာဖုံးအောင် လှုံဆော်တဲ့လူတွေက ရှိနေတယ်။ အဲလူတွေဟာ ဘယ်သူတွေလဲ။ အဲဒီ လူတွေဟာ နိုင်ငံရေးအင်အားစုတွေလား။ အခုတော့ ရန်ကုန်တိုင်းက တာဝန်ရှိတဲ့ အစိုးရတွေ ပြောတာကတော့ တတိယအင်အားစုတွေဆိုပြီး ပြောတယ်။ အဲဒီတော့ တတိယအင်အားစုဆိုတာ ဘာလဲ။ တတိယအင်အားစုဆိုတာ နိုင်ငံရေးအင်အားစုတွေ ပြောတာလား။ သို့မဟုတ်ရင် လူမှုရေးအင်အားစုကို ပြောတာလား။ ဘာသာရေးအင်အားစုတွေ ပြောတာလား။ သို့မဟုတ်ရင် ဆိုပါစို့ခင်ဗျာ အရင်တုန်းက အာဏာရှိခဲ့ဖူးတဲ့ လူတွေအဟောင်းတွေကို ပြောတာလား။ သို့မဟုတ်လို့ အခုလက်ရှိ အာဏာရှိနေတဲ့သူတွေထဲကနေပြီးတော့ ဒီလိုအပြောင်းအလဲတွေ မလိုချင်လို့ ရှိတဲ့လူတွေလား။ဘာဖြစ်လို့လဲဆိုရင် ဒါတွေဟာ ဘာပဲပြောပြော လုပ်တက်ကိုင်တက်တဲ့လူတွေ အာဏာကို ကိုင်စွဲတက်တဲ့လူတွေ အာဏာကို သုံးသပ်တဲ့လူတွေ အာဏာကို ဘယ်လိုချိုးရမလဲဆိုတာ နားလည်တဲ့လူတွေက လုပ်နေတာလို့ ကျနော်က ထင်တယ်။ ပြည်သူလူထုကြားထဲမှာရှိတဲ့ စိတ်ဓာတ်ကို ကျနော်က မပြောချင်ပါဘူးလို့။

ဦးကျော်ဇံသာ ။ ။ ဆရာ ဦးအောင်ခင်ရဲ့သဘောထားလည်း ပြောပါဦး။

ဦးအောင်ခင် ။ ။ ဒီဥစ္စာဟာ အလေ့အထပေါ့ဗျာ။ အရင်တုန်းကလည်း မူစလင်၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန် ဒီလိုပဲ အတူတူနေလာရင်းကနေ နောက်တခါ ဒီစစ်မဖြစ်ခင်မှာ စပြီးတော့ ကုလား-ဗမာ ရိုက်ပွဲဘာညာနှင့်ဆိုပြီးတော့ ဒီစာအုပ်ထုတ်တာကနေစပြီး ဖြစ်တာပေါ့။ ဆိုတော့ အဲဒါမျိုး ရေးတာသားတာတွေကလည်း ရှိတာပေါ့။ ဒါကြောင့်မို့လို့လည်း အခု ထင်ပါတယ်။ အခုနက အစိုးရက စာနယ်ဇင်း ဥပဒေတွေဘာညာနှင့် သူလုပ်ဖို့ဆိုတာ ဒါတွေ သူကြောက်လို့ထင်ပါတယ်။ တချို့က နည်းနည်း လွတ်လပ်ခွင့် ပေးလိုက်တော့လည်း တချို့ကလည်း ရေးသားလာကြတယ်။ ဆိုတော့ ဒီကိစ္စမျိုးမှာ လူမျိုးရေး၊ ဘာသာရေးကိစ္စမျိုးမှာ၊ အဲဒီ စာရေးသားပြီးတော့ လုပ်တာတွေဘာတွေက တော်တော်ဆိုးတယ်။ အရှေ့ဥရောပမှာ ဆာဗီးယားကိစ္စမှာ မူစလင်နှင့် ဆာဗီးယား။ ဒီကိစ္စတွေမှာလည်း အဲဒီလိုပဲ။ ဒီလူမျိုးကိစ္စကို ဒီအကြီးအကျယ် စာနယ်ဇင်းတွေကနေ ရေးသားလာတဲ့အခါမှာ တဖြည်းဖြည်းနှင့် အသေးလေးကနေ ကြီးထွားလာပြီးတော့ နောက်ဆုံးပိတ် မနိုင်မနင်း ဖြစ်တာပဲ။ အဲဒါဟာ ဒီကိစ္စမျိုးတွေကပေါ့ အေးအေးဆေးဆေး ကြိတ်ပြီး ဖြေရှင်းရမယ့်ကိစ္စတွေ တဖြည်းဖြည်းချင်း တဖြည်းဖြည်းချင်း လူကြီးလုပ်တဲ့ လူကနေပြီးတော့ မတည့်တဲ့ကလေးတွေကို လူကြီးလုပ်တဲ့သူက ဖြောင်းဖျပြီးတော့ ပြောဆိုပြီး တဖြည်းဖြည်း ပြန်ပြီးတော့ တည့်အောင်လုပ်တဲ့ သဘောမျိုးပေါ့ဗျာ။ အဲဒါမျိုးမရှိပဲနှင့် အစိုးရကိုယ်တိုင်က မြှောက်ထိုးပင့်ကော် လုပ်တဲ့အခါကျတော့ အကြီးအကျယ် သေကြေပျက်စီးကြတာပေါ့ဗျာ။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အခုအတိုင်းဆိုရင် မြန်မာနိုင်ငံမှာ လူတွေ ဒီမိုကရေစီအရေးအတွက် ဒီကိစ္စ ပြေလည်ရေးအတွက် စာပေလွတ်လပ်ခွင့်တွေ ဘာတွေကို စတေးရမယ့်သဘော။ ဒီမိုကရေစီရေး အလားအလာကို စတေးရမယ့်သဘော ဖြစ်နေတာပေါ့ ဆရာ။

ဦးအောင်ခင် ။ ။ အခုကတော့ အဲဒီလို ဖြစ်နေတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဗမာပြည်ကလည်း ကိုယ့်ဟာကိုယ် တာဝန်ပေါ့ဗျာ ကိုယ့်တာဝန်ကိုယ် ဘယ်လောက်ရှိသလဲဆိုတာ သူတို့ တိုင်းတာလို့မှ မသိကြဘဲကိုး။ ဆိုတော့ ကိုယ်လုပ်လိုက်တဲ့အတွက် ဘယ်လောက်ထိအောင် ထိခိုက်သွားတယ်ဆိုတာ မသိကြတဲ့အခါကြတော့ ကိုယ်လိုချင်တာပဲ တွေးပြီးတော့ ရေးကြသားကြမယ် ဆိုလို့ရှိရင်တော့ မျှမျှတတ မရေးတက်တဲ့အခါကြရင်တော့ ဒုက္ခရောက်တာပေါ့။

ဦးကျော်ဇံသာ ။ ။ ဆရာ နောက်ဆုံး နည်းနည်း ဒီပြဿနာရဲ့ထွက်ပေါက် ဘယ်လိုရှာသင့်တယ်လို့ ထင်ပါသလဲ။

ဦးအောင်ခင် ။ ။ ဒီဥစ္စာဟာ အင်မတန်အချိန်ကြာမယ့် ကိစ္စ။ အချိန်ကြာမယ့်ကိစ္စဆို ဒါတဖြည်းဖြည်းနှင့် အချိန်ကြာလာရင်တော့ ကိုင်တွယ်တဲ့အပေါ်မှာ မူတည်တယ်။ အစိုးရကိုယ်တိုင်က ကိုင်တွယ်တဲ့အပေါ်မှာ မျှမျှတတ ဖြစ်ပြီးတော့ လုပ်မယ်ဆိုရင်တော့ အချိန်ကြာလာတဲ့အခါကြရင် ပြန်ပြီးတော့ နေလို့ရမယ်လို့ ထင်တာပဲ။ ဒါအချိန်ကတော့ တော်တော်ယူရမယ်။

ဦးကျော်ဇံသာ ။ ။ ဆရာ ဦးဝင်းတင်ရဲ့သဘောထားကို ပြောပါခင်ဗျ။ နောက်ဆုံး။

ဦးဝင်းတင် ။ ။ ပထမဦးဆုံးကတော့ လူထုကြားထဲမှာ လုံခြုံမှုကို ဖန်တီးပေးရမယ်။ အစိုးရကနေပြီး အဲဒီလုံခြုံမှုကို ပြရမယ်လို့ ကျနော်ယူဆပါတယ်။ အဲဒီတော့ ဥပမာဆိုတော့ ဒီညမထွက်ရအမိန့် ထုတ်နေတဲ့အခါကြတော့ သူရဲ့လုံခြုံရေးဟာ ညအိပ်ချိန်တောင် သူမလုံခြုံတော့တဲ့သဘော။ ဒါကြောင့် အစိုးရကနေပြီးတော့ အပြင်မထွက်ရဆိုတဲ့ဟာတွေ စတဲ့ဟာမျိုး။ ဒီ Negative ပြောင်းပြန်ပေါ့ဗျာ။ ပြောင်းပြန်သက်ရောက်မှုရှိတဲ့ အဓိပ္ပာယ်တွေ ပေါ်နေတယ်။ အဲဒီတော့ အမှန်ကတော့ ဘယ်လိုရှိလဲဆိုတော့ အရေးကြီးတာတော့ လုံခြုံမှုရှိအောင်လုပ်ရမှာပဲ။ လုံခြုံမှုရှိအောင် လုပ်တဲ့နေရာမှာ ကျနော်ထင်တယ် ရှစ်လေးလုံးကာလမှာ လူထုဟာ ကိုယ့်လုံခြုံရေးကို ကိုယ်ဖန်တီးတဲ့ဟာကိုတော့ နမူနာထားသင့်တယ်လို့ ကျနော်သဘောရပါတယ်။

အရေးကြီးဆုံးကတော့ အစိုးရကနေပြီး ဟိုလူ့ကိုလက်ညိုးထိုး ဒီလူ့ကိုလက်ညိုးထိုး မလုပ်ပါနှင့်။ လုပ်နေလို့လည်း မထူးပါဘူး။ တတိယအင်အားစုတွေ ဘာတွေ လျှောက်ပြောနေ။ အဲဒီ တတိယအင်အားစုကို ဖော်ထုတ်ပါ။ ဒုတိယတချက်ကတော့ ဒီ ပြည်သူလူထုက သူ့ဘာသူ သူရဲ့လုံခြုံမှုကို ဖန်တီးတဲ့ အတားအဆီးတွေ လမ်းတွေမှာ တားဆီးမှုတို့ဘာတို့ ယာယီအားဖြင့် ရက်ပိုင်းအားဖြင့်တော့ ခွင့်ပြုရလိမ့်မယ်လို့ ကျနော်ပြောချင်ပါတယ်။ တတိယအချက်ကတော့ ဒီလုံခြုံရေး အတားအဆီးတွေရဲ့ ပြင်ပမှာရှိတဲ့ ဥပမာ ဓာတ်ဆီဆိုင်တို့ မီးလောင်လွယ်တဲ့ ဓာတ်ဆီဆိုင်၊ ဂိုဒေါင်တို့ ဒီနေရာတွေမှာတော့ သင့်တင့်လျောက်ပတ်တဲ့ ရဲတို့ဘာတို့ ထိန်းသိမ်းမှုကို လုပ်ပါ။ နောက်ဆုံးတချက် ကျနော် ဖြည့်ပြီးပြောချင်တာတော့ ဘာလဲဆိုတော့ နိုင်ငံရေးပါတီတွေဆိုတာ သြဇာရှိတာပါပဲ။ နိုင်ငံရေးပါတီတွေက အသံထွက်ပါ။ ရန်ကုန်တိုင်းအစိုးရကနေ ခေါ်ပြီးတော့ ပြောတာတောင်မှ ဒီ ဘာမှမလုပ်ဘဲ နားထောင်ပြီးပြန်လာတာ ရှိနေတဲ့အခါကြတော့ ဒါတော့ မသင့်ဘူး။ အဲဒီတော့ နိုင်ငံရေးပါတီတွေက ပြည်သူလူထုကို တပြည်လုံးမှာ နိုင်ငံရေးပါတီအင်အားစုတွေ ကိုယ့်ရဲ့ပါတီ အဖွဲ့အစည်းတွေ ကိုယ့်ပါတီဝင်တွေ ရှိတဲ့အခါကြတော့ လုံခြုံရေးကို ထိန်းသိမ်းကြဖို့ နောက်ပြီးတော့ တိုင်းသူပြည်သားချင်း တစ်ယောက်နှင့်တစ်ယောက် တိုက်ပေးတဲ့ဟာတွေကို ဒီလိုဟာမျိုးတွေ မဖြစ်အောင်လို့ စောင့်ရှောက်ဖို့။ ဒီလိုဟာမျိုးတွေ အလားအလာတွေ ရှိရင်လည်း ချက်ချင်းဖော်ထုတ်ဖို့တို့၊ တိုင်ကြားဖို့တို့၊ တားဆီးဖို့တို့ ဟန့်တားဖို့တို့ လုပ်ပါလို့ ကျနော်ပြောချင်ပါတယ်။
XS
SM
MD
LG