သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရေစီ တည်ဆောက်ရေးအတွက် လေ့လာစရာ သင်ခန်းစာ


ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ သုံးသပ်ချက် အစီအစဉ်မှာ ဒီမိုကရေစီနည်းနှင့် တက်လာတဲ့ အစိုးရကို စစ်တပ်က ဖြုတ်ချအာဏာသိမ်းလိုက်တဲ့ လက်ရှိ အီဂျစ် ဖြစ်ရပ်မျိုး၊ အာဏာရှင်စနစ်အောက်က ရုန်းထွက်စ နိုင်ငံတိုင်းမှာ ပေါ်ပေါက်လာနိုင်တဲ့ကိစ္စ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာကော ဒီမိုကရေစီ အခြေခံအဆောက်အအုံတွေကို ဘယ်လောက်အထိ ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ကြပါပြီလဲ။ သမိုင်းပညာရှင် ဒေါက်တာဦးအောင်ခင်နှင့် ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံးကတော့ ကျနော်တို့ မြန်မာနိုင်ငံအကြောင်းမပြောခင် အီဂျစ်နိုင်ငံရဲ့ နောက်ဆုံးအခြေအနေကို နည်းနည်းပြောကြရအောင်။ ဒီမိုကရေစီ နည်းကျကျ တက်လာတဲ့ မိုဟာမက် မော်စီ (Mohamed Morsi) အစိုးရကို စစ်တပ်က ဖြုတ်ချပြီးတော့ အာဏာသိမ်းလိုက်ပါတယ်။ အမေရိကန်လို နိုင်ငံမျိုးကတော့ အာဏာသိမ်းတယ်လို့ မသုံးဘူးပေါ့။ သူကတော့ အီဂျစ်စစ်တပ်နှင့် သူတို့ အဆက်အသွယ် မပျက်သွားစေချင်လို့ ဖြစ်ပါလိမ့်မယ်။ ဒါ သုံးသပ်ချက်တွေအရ။ ဆိုတော့ ဘာပဲပြောပြော ဒီလို ဒီမိုကရေစီ နည်းကျကျ လူထုရွေးကောက် တင်မြှောက်ထားတဲ့ အစိုးရကို စစ်တပ်က အာဏာသိမ်းလိုက်တယ်ဆိုတော့ ဒါ ဒီမိုကရေစီနှင့် အလှမ်းဝေးသွားတဲ့သဘောလို့ ဆရာ မယူဆဘူးလား ခင်ဗျ။

ဦးအောင်ခင် ။ ။ ဟုတ်ပါတယ်။ အီဂျစ်ကတော့ သူ့ ဒီမိုကရေစီအစိုးကတော့ တစ်နှစ်ပဲ ရှိသေးတာကိုး။ ဒီတစ်နှစ်မှာ ဘာမှလုပ်တာကိုင်တာတွေ မှားတာတော့ ရှိတာပေါ့လေ။ အမြဲတမ်းတော့ အများအကြိုက်တော့ ဘယ်ဖြစ်နေမလဲ။ ဒါပေမယ့် ဒီလောက်ကို မစောင့်နိုင်ပဲနှင့် စစ်တပ်အာဏာသိမ်းအောင် သူဖန်တီးပစ်တာတော့ အီဂျစ်အတွက် မကောင်းဘူးပေါ့။ အလားအလာ။ ဘာဖြစ်လို့လဲဆိုတော့ ခင်များတို့အားလုံးသိတဲ့အတိုင်း Muslim Brotherhood ဆိုတာ ဒီအရင်တုန်းက အကြမ်းဖက်ရာကနေပြီးတော့ ဒီမိုကရေစီဘောင်းထဲကနေ လုပ်မယ်ဆိုတဲ့ လာတဲ့ဥစ္စာ သူ့ကို စမ်းသပ်ခွင့် လုပ်ကိုင်ခွင့် ပေးလိုက်လို့ရှိရင် သူ အခြေအနေ သိလာမှာပေါ့။ ဥပမာ လာမယ့် ဇူလိုင်လ ၂၂ ရက်နေ့ထုတ်တဲ့ တိုင်းမ် မဂ္ဂဇင်းမှာတောင် Fareed Zakaria ကရေးတယ်။ ဘယ်လိုရေးလဲဆိုတော့ ဒီဥစ္စာကို ဒီလိုလွတ်ပေးလိုက်လို့ရှိရင် ဒီဟာကို ဒီ Brotherhood အစိုးရကို မော်စီအစိုးရကို သက်တမ်းကုန်တဲ့အထိ လွတ်ပေးလိုက်လို့ရှိရင် ဒါပြည်သူ့ချဉ်ဖတ် ဖြစ်သွားမယ်။ သူတို့လုပ်တာတွေက မဟုတ်တဲ့အတွက်။ ပြည်သူ့ချဉ်ဖတ် ဖြစ်သွားတဲ့အခါကျရင် သူတို့ရဲ့ ဒီအစ္စလာမ်အစိုးရ က ဇာတ်သိမ်းခန်းပေါ့။ ပြည်သူလူထုက နောက်ဘယ်တော့မှ ထောက်ခံမှာ မဟုတ်တော့ဘူး။ အဲဒီလို မဟုတ်ဘဲနှင့် သူတို့က အခုလို တစ်နှစ်အတွင်းမှာ သိမ်းတဲ့အခါကျတော့ ဒီလူတွေ ထောင်သွင်းအကျဉ်းချ ဖိနှိပ်ဆို ဒီလူတွေက အကုန်ပြန်ပြီး သူရဲကောင်းတွေ အာဇာနည်တွေ ဖြစ်ကုန်တယ်လို့ သူက မှတ်ချက်ချထားတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာ အဲဒီတော့ နောက်တခု ကျနော်မေးချင်တာက အီဂျစ်နိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် စစ်တပ်ပေါ့။ အီဂျစ်မှာ Hosni Mubarak အစိုးရကို ပြည်သူ့တော်လှန်ရေးနှင့် ဖြုတ်ချ ခဲ့ပေမဲ့ စစ်တပ်ကတော့ အခိုင်မာဆုံး ဖွဲ့စည်းတည်ထောင်ထားတဲ့ အင်အားစုတခုအနေနှင့် ကျန်ရစ်ခဲ့တယ်။ အခုအခါမှာ စစ်တပ်က ပြန်ပြီးသိမ်းသွားတယ်ဆိုတော့ ဒီအာဏာရှင်စနစ်က ပြောင်းလဲတဲ့ နိုင်ငံတွေအတွက် ဒါနမူနာယူစရာတွေ ဘယ်လို အခြေအနေရှိနိုင်သလဲ ကိုယ့်နိုင်ငံကျတော့။ အဲဒါလည်း စဉ်စားသင့်တယ်လို့ ထင်ပါတယ်။ ကျနော် အဲဒါကြောင့် ဒီအစီအစဉ်ကို စလုပ်တာပါ ဆရာနှင့်။ ကျနော်တို့ မြန်မာနိုင်ငံကိုပဲထားပါတော့ မြန်မာနိုင်ငံမှာလည်း အပြောင်းအလဲမဖြစ်ခင် ဒီ Arab Spring လို့ခေါ်တဲ့ အီဂျစ်ပါအပါအဝင် အပြောင်းအလဲတွေဖြစ်တော့ အဲဒီလို သွေးထွက်သံယို မဖြစ်ရအောင် ပြောင်းလဲတယ်ဆိုပြီးတော့ မြန်မာနိုင်ငံက လွှတ်တော်ဥက္ကဌ ပြောတာကြားခဲ့ရပါတယ်။ ဆိုတော့ မြန်မာအတွက်ကော ဘာတွေ သင်ခန်းစာယူသင့်သလဲ ဆရာ။ မြန်မာရဲ့ အပြောင်းအလဲမှာ။

ဦးအောင်ခင် ။ ။ မြန်မာပြည်ကတော့ အခု စပြီးတော့ လုပ်တဲ့ဥစ္စာကတော့ ကျနော် Arab Spring ဖြစ်ခဲ့တာ ဗမာပြည်က ၈ လေးလုံးပေါ့။ ၈ လေးလုံးအရေးတော်ပုံရဲ့ နောက်ဆက်တွဲတွေပေါ့ အခုထက်ထိ ဆက်ဖြစ်နေတာ။ အဲဒီတော့ စစ်တပ်ကတော့ သူ့ ဗမာပြည်ရဲ့အခြေအနေအရ အခု စစ်တပ်က သူ့ရဲ့ အကျိုးစီးပွားပေါ့။ စစ်အုပ်စုကို စစ်တပ်ပြောမဲ့အစား စစ်အုပ်စုလို့ပြောရင် ပိုကောင်းမယ်။ စစ်အုပ်စုကတော့ သူရဲ့ လောလောဆယ်ရရှိထားတဲ့ ဓနဥစ္စာအကျိုးစီးပွားကို မထိခိုက်သမျှတော့ သူက ခွင့်ပြုထားမှာပဲ။ ထိခိုက်လာလို့ရှိရင်တော့ သူက ပြန်ဝင်မဲ့သဘောရှိတယ်။ ဝင်နိုင်အောင်လည်း အခြေခံဥပဒေအရ ဖန်တီးပေးထားတာကိုး။ အဲဒီတော့ ဝင်လို့ထွက်လို့ လွယ်အောင်ပေါ့ဗျာ သူ လုပ်ထားတဲ့သဘောရှိတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အခု အီဂျစ်မှာကတော့ စစ်တပ်မပါတဲ့ မော်စီရဲ့ တကယ့် ဒီမိုကရေစီ စစ်စစ် အစိုးရ သူက တက်လာပြီးတော့ ဗိုလ်ချုပ်ကြီး တန်တာဝီ (Tantawi) ကိုတောင် သူကပဲ ဖြုတ်ပစ်ခဲ့တာပေါ့။ ဆိုတော့ မြန်မာမှာတော့ စစ်တပ်ရဲ့လွှမ်းမိုးမှု မကင်းတဲ့ အစိုးရပေါ့။ တချိန်မှာ ၂၀၁၅ ရွေးကောက်ပွဲ နောက်ပိုင်းမှာ တကယ့် အစစ်အမှန် ရွေးကောက်ပွဲ ကျင်းပဖြစ်လို့ ပြည်သူလူထု မှန်မှန်ကန်ကန် ကိုယ်စားပြုတဲ့ လူထု အစိုးရ တက်လာပြီဆိုရင်ကော အလားအလာ ဘယ်လို ဖြစ်လာနိုင်သလဲ ဆရာ။ စစ်တပ်က မှိန်သွားနိုင်သလား။ တစုံတခု အဲဒီအစိုးရများမှားခဲ့ရင် အီဂျစ်လို ပြန်သိမ်း၊ ပြန်ပြီးတော့ စစ်တပ်ကဝင်လာနိုင်တဲ့ အလားအလာတွေကော ဘယ်လိုမြင်ပါသလဲ။

ဦးအောင်ခင်။ ။ သူက သူရဲ့ အကျိုးစီးပွားပဲ။ သူ့အကျိုးစီးပွား ထိခိုက်လာမယ်ဆိုရင်တော့ သူပြန်ဝင်မှာပဲ။ ဗမာပြည်မှာ ဖြစ်နေတာက အားလုံးပေါ့ နှစ်ပေါင်းများစွာ စစ်တပ်ကချည်းပဲ အကုန်လုံး သူဆင်လာတဲ့ သူဆင်ထားတဲ့ အကွက်တွေချည်းပေါ့။ အခု ဖြစ်နေတာကတော့ Personality Politics ပေါ့ အခု ဝင်လာတဲ့ ဒီလွှတ်တော်ထဲမှာ လွှတ်တော်နှင့် သမ္မတနှင့် နောက် အတိုက်အခံ ဒေါ်အောင်ဆန်းစုကြည်တို့ ပါလာတယ်ဆိုတော့ အဲဒါကို လူတွေက မျှော်လင့်နေတာပေါ့။ ဒီ ပုဂ္ဂိုလ်ရေး Personality Politics ပုဂ္ဂိုလ်ရေး နိုင်ငံရေးကလည်း ဗမာပြည်က များတာကိုး။ အဲဒီတော့ အလားအလာ ကောင်းမလားဆိုပြီးတော့ ရှိနေတာပေါ့။ ဒါ ရေတိုပေါ့။ ရေရှည်မှာတော့ ဗမာပြည် အခြေအနေကြည့်ရတာ ရေရှည်က ဒီမိုကရေစီ ဓလေ့က မထွန်းကားဘူး။ အဲဒီဓလေ့ ထွန်းကားဖို့လိုတယ်။ အဲဒီတော့ ဒီ အီဂျစ်မှာ အခု ဖြစ်တာကော အားလုံးပေါ့ နိုင်ငံတွေအားလုံးမှာ အာဏာရှင်ကနေ ဒီမိုကရေစီကို အသွင်ကူးပြောင်းတဲ့အခါမှာ စပြီး အသွင်းကူးပြောင်းတဲ့အချိန်နှင့် ဒီမိုကရေစီစနစ် တည်ထောင်တဲ့ အချိန်နှင့် ဒီကြားထဲမှာ Evolution တဖြည်းဖြည်း ဒီမိုကရေစီစနစ်ကို တိုးတက်တဲ့ကာလ အချိန်ကြာတယ်။ အဲဒီတော့ ဘယ်လောက်ကြာမလဲ မသိဘူး။ ဘရာဇီးလ် ဆိုရင် ၁၆ နှစ်လောက်ကြာတယ်။ ဆိုတော့ အဲဒီအပေါ်မှာလည်း မူတည်တာပေါ့။ အခုနတုန်းက ကိုကျော်ဇံသာ ပြောတဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲဆိုတာလည်း ဒီထဲက ရေရှည်ကြည့်မယ်ဆိုရင် ဒီထဲက လှေကားထစ် တခုပေါ့။ အဲဒီတော့ ဒီထဲမှာ နှစ်ပေါင်းဘယ်လောက် ကြာမလဲမသိဘူး အသွင်ကူးပြောင်း ရေးမှာ။ စစ်တပ်ကလည်း သဘောပေါက်နိုင်တယ်။ အဲဒီတော့ သဘောပေါက်လာဖို့လိုတယ်။ တိုင်းသူပြည်သားကလည်း သဘောပေါက်လာဖို့ လိုတယ်ဆိုတော့ ဒီဟာတွေအားလုံးကို သွားမယ်ဆိုရင် ဘယ်လောက်ကြာမလဲ မပြောတက်ဘူး။ အနှစ်နှစ်ဆယ် ကြာရင်လည်း ကြာမယ်။ ၃၀ ကြာရင်လည်း ကြာမယ်။ ဒီလို ဒီမိုကရေစီ အတော်ကြီးကို အတောင်အလက် စုံစုံလင်လင် ဖြစ်လာဖို့ကိစ္စက။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဆရာပြောတဲ့ Personality Politics ဒါ ပုဂ္ဂိုလ်ရေး အခြေပြု နိုင်ငံရေးကနေပြီးတော့ တကယ့် ဒီမိုကရေစီဓလေ့ ထွန်းကားလာဖို့အတွက် မြန်မာနိုင်ငံတို့ အခု အီဂျစ်မှာလည်း ဝေဖန်သူတချို့ကတော့ သူတို့မှာ Institution တွေ ဘာမှ မတည်ဆောက်နိုင်ဘူး။ အင်အားကြီးမလာဘူး။ အင်အားအကြီးမားဆုံး အခိုင်မာဆုံး Institution က စစ်တပ်ပဲရှိတယ် ဆိုပြီးတော့ ပြောကြပါတယ်။ ဆိုတော့ မြန်မာနိုင်ငံမှာကော အခု နိုင်ငံရေးပါတီတွေရဲ့ လုပ်ကိုင်ဆောင်ရွက်မှုကလည်းပဲ ပါတီတွေရဲ့ Institution ခိုင်မာလာဖို့ထက် Personality က ပိုပြီး ကြီးစိုးနေတယ်လို့ ထင်သေးတယ် ဆရာ ကျနော်ကတော့ ဆရာ ဘယ်လိုမြင်ပါသလဲ။

ဦးအောင်ခင် ။ ။ ဟုတ်ပါတယ် ခင်များပြောတာ။ ဒီစစ်တပ်ကလည်းပဲ ခေါင်းဆောင်ကိုး။ အမိန့်နာခံတဲ့ စနစ်ကလာတဲ့ ဓလေ့ဆိုတော့ ခေါင်းဆောင်က အရေးကြီးဆုံး။ ခေါင်းဆောင်ပြောတာ အကုန်နားထောင်ပေါ့။ NLD ပါတီမှာလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောတာအကုန်လုံး နောက်က လိုက်ကြတာပဲ။ အဲဒီတော့ ဗိုလ်ချုပ်သန်းရွှေပြောတာ စစ်တပ်ကလိုက်တယ်။ စစ်တပ်ထဲမှာ အခုတော့ တဖြည်းဖြည်းနှင့် ကွဲလာတော့ စစ်တပ်ထဲမှာ ဗိုလ်ချုပ်မှုးကြီးသန်းရွှေက နောက်ပိုင်းမှာထိုင်တယ်။ ဦးသန်းရွှေနှင့် ဦးရွှေမန်းက ရှေ့ရောက်နေတယ်ဆိုတော့ သူတို့နှစ်ယောက်နှင့်ဆိုတော့ ပြောတဲ့သူ များလာတာပေါ့။ အရင်တုန်းကတော့ တစ်ယောက်တည်းအာဏာရှင် အခုကတော့များလာတာပေါ့။

အဲဒီတော့ ဒီ ဗမာပြည်မှာလည်း Personality Politics က ပုဂ္ဂိုလ်ရေးပေါ့။ ဒီမူဝါဒတွေ ဘာတွေ ဘယ်သူမှ ဂရုစိုက်တာ မဟုတ်ဘူး။ ပုဂ္ဂိုလ်ရေးပဲ အဲဒါကို သူတို့ ကြောက်တာ။ ပုဂ္ဂိုလ်ရေးကို ယှဉ်လိုက် လို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်ကို မီတဲ့သူ မရှိဘူး။ ခင်များလည်း သိတဲ့အတိုင်း ဒေါ်အောင်ဆန်းစုကြည် အင်္ဂလန်ကနေ ပြန်လာပြီးတော့ မိန့်ခွန်းပြောတာ ဘာမှ မလုပ်ရသေးဘူး။ အင်္ဂလန်ကနေ ပြန်လာပြီးတော့ ကိုယ့် မိခင်ကို ပြုစုဖို့ပြန်လာတာ ဘာမှ မလုပ်ရသေးပဲနှင့် ဗိုလ်ချုပ် အောင်ဆန်းသမီးအနေနှင့် တရားထွက်ဟောတာ လူနှစ်သိန်း၊ သုံးသိန်းတက်တယ်ဆိုတာ နည်းတာမ ဟုတ်ဘူး။ အဲဒီတော့ သူရဲ့ ဒီပုဂ္ဂိုလ်ရေး အရှိန်အဝါ အဲဒါကို စစ်တပ်ကို ကြောက်တယ်။ စစ်တပ်ကတော့ အကုန်လုံး သူဆင်တဲ့ဖဲ သူဟာနှင့်သူ ရိုက်ပြီး အကုန် လုပ်လာတာပဲ။ အခု လုပ်လို့မရတာ ဒေါ်အောင်ဆန်းစုကြည်ကြောင့် လုပ်လို့မရတာ။ ဒေါ်အောင်ဆန်းစုကြည်က ဝင်လာတော့ သူတို့အထဲမှာ ဒေါ်အောင်ဆန်းစုကြည်လောက် ဒီပုဂ္ဂိုလ်ရေး အရှိန်အဝါကြီးတဲ့သူ မရှိဘူး။ ဗိုလ်ချုပ်အောင်ဆန်းကို ကျော်နိုင်တဲ့သူ ဘယ်သူမှ မရှိဘူး။ အမျိုးမျိုးကြိုးစားတယ်။ ကျပ်တန်တွေထဲကနေ ဖျက်ပစ်တယ် ဓာတ်ပုံတွေ ချိုးချ ဘာလုပ် အမျိုးစုံလုပ်။ လုပ်ပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ကျော်နိုင်တဲ့ စစ်ဗိုလ်က ဗမာပြည်မှာ မရှိဘူး။ အဲဒီတော့ အဲဒီစစ်ဗိုလ်ရဲ့သမီးက ဒေါ်အောင်ဆန်းစုကြည်ဆိုတော့ သူတို့ကို သူတို့ရဲ့ ဟာတွေအားလုံးကို လုပ်နိုင်တာ သူပဲ။ သူ့ ပယ်ထားလို့ရှိရင်လည်း မရဘူး။ ဒါကြောင့်မို့လို့ သူ့ပယ်ထားလို့ မရလို့ သူ့ကို ပြန်ခေါ်ရတာ။ ပြန်ခေါ်တော့ သူနှင့် ပြန်ပြီး ပူးပေါင်းမယ်ဆိုတော့ ဘယ်လို ဘယ်သူကနေ ပူးပေါင်းမလဲ မသိဘူးပေါ့။ ဒါအများကြီးပဲ အပေးအယူ လုပ်စရာတွေလည်း ရှိတယ်။ ဆိုတော့ ဒါတွေကတော့ သူတို့ရဲ့ ဒီလွှတ်တော်တွင်း နိုင်ငံရေးတွေဆိုတော့ ကျနော်တို့လည်း သိပ်မသိပါဘူး ဒီဟာ။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့ အဲဒီတော့ ဒီလို စစ်တပ်နှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးပေါင်းပြီးတော့ Personality ပူးပေါင်းပြီးတော့ လုပ်နေကြတာကိုယ်၌က မြန်မာနိုင်ငံမှာ အခု အီဂျစ်တို့လိုပေါ့လေ ဆူဆူပူပူ သွေးထွက်သံယိုမှုဖြစ်မယ့် အန္တရာယ်ကလွတ်ကင်းနေတယ် အကောင်းဖက်ကို ဦးတည်နေတယ်လို့ ဆရာထင်သလား ဆရာ။

ဦးအောင်ခင် ။ ။ အဲဒါကလည်း ယုံကြည်ချက်ပေါ့။ ခုနတုန်းကလို ဆင်းရဲသားတွေက ဘယ်လောက် ယုံကြည်သလဲ သူတို့လုပ်တဲ့ကိုင်တဲ့အပေါ်မှာ။ အဲဒီတော့ သူက ဒီလူနည်းစုပေါ့ elite နဲ့ mass ရှိတာပေါ့။ elite ကို mass က ယုံကြည်တဲ့အခါကြတော့ တမျိုးပေါ့။ မယုံကြည်တဲ့အခါကျတော့လည်း ဒီဆူဆူပူပူ ဖြစ်လာမှာပဲ။ကျနော် ရေရှည်ကြည့်မယ်ဆိုရင်တော့ ရေရှည်မှာ လက်တလောက အသွင်ကူးပြောင်းမှုတွေကတော့ အဲဒါမျိုး ရုန်းရုန်းတွေ ဖြစ်တာပဲ။ ဆူဆူညံညံတွေ ဖြစ်တာပဲ။ အဲဒီတော့ ရေရှည်ကြည့်မယ်ဆိုရင်တော့ ရေရှည်မှာ အခု ဒီမိုကရေစီ အခြေခိုင်နေတဲ့ အမေရိကန် ပြင်သစ်၊ အင်္ဂလန်တို့ ကြည့်မယ်ဆိုရင် သူတို့ ရာဇဝင်မှာလည်း တချိန်တုန်းကတော့ အင်မတန် ဆူဆူပူပူ ဖြစ်ခဲ့တာ သတ်ဖြတ် သွေးယိုသံယိုတွေ အများကြီးရှိတာပဲ။အဲဒီဟာတွေ သူတို့ ကျော်လာပြီးတော့မှ အခု သူတို့မှာ အေးအေးချမ်းချမ်း Peaceful Development ပေါ့။ အေးအေးချမ်းချမ်း ဖြစ်နိုင်တယ်ဆိုတော့။ ဗမာပြည်ကတော့ တောက်လျှောက် အေးအေးချမ်းချမ်း Development သွားနိုင်မသွားနိုင် ဆိုတာတော့ ပြောဖို့ခက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်လောက်ပဲလုပ်လုပ် ဓလေ့ မရှိသေးဘူး။ ဒီမိုကရေစီဓလေ့ဆိုတာ သူ့စည်းကမ်းနှင့် သူလိုက်နာတဲ့ ဓလေ့။ အဲဒီတော့ စည်းကမ်းဓလေ့ကို မလိုက်နာတာ စစ်တပ်က မလိုက်နာဆုံးပဲ။ အခု သူပြဌာန်းထားတဲ့ စည်းကမ်းဓလေ့ကို သူဘယ်လောက်လိုက်နာမလဲ။ မဆလခေတ်က ၁၉၇၄ က ဥပဒေလည်း စစ်တပ်က ပြဌာန်းထားတာပဲ။ အဲဒီတော့ ဒါတွေ စစ်တပ်က ဖျက်ပစ်ပြီးတော့ ဒါကြီးက မခိုင်မာဘူးဆိုပြီး လုပ်တာပဲ။အခုလည်း တက်လာတော့ သူတို့ ခုနက အကျိုးစီးပွား ထိခိုက်လာတဲ့အခါ ကျရင် ဒါကြီး မခိုင်မာဘူးဆိုပြီး ဖျက်ပစ်ရင်လည်း ဘယ်တက်နိုင်မလဲ။

ဦးကျော်ဇံသာ ။ ။ နောက်တခုက အဲဒီ Michael Vatikiotis က New York Times မှာ ရေးထားတာ တွေ့ရပါတယ်။ (Lessons for Cairo From Jakarta, Manila and Elsewhere) ဆောင်းပါးတခုထဲမှာ အီဂျစ်ဟာ အင်ဒိုနီးရှားဆီက နမူနာယူသင့်တယ်ဆိုပြီးတော့ သူအဓိကပြောတဲ့ သူရဲ့ Logic ကတော့ အင်ဒိုနီးရှားမှာကျတော့ စစ်တပ်ကို လုံးဝမဖယ်ခဲ့ဘူး။ ဆူဟာတို နောက်ပိုင်းမှာ။ စစ်တပ်နှင့် တဖြည်းဖြည်းတွဲပြီးတော့ တဖြည်းဖြည်း Fade out လုပ်တဲ့သဘောရှိတယ်။ နောက်ပြီးတော့ အခုသမ္မတ Susilo Bambang Yudhoyono ကလည်းပဲ ဟိုတုန်းက Four Star General တစ်ယောက်ဖြစ်တဲ့အတွက်ကြောင့် ပိုပြီးတော သွေးထွက်သံယို မရှိဘဲနဲ့ ညင်းညင်းသာသာ ဖြစ်နေတယ်လို့ ယူဆပါတယ်။ ဆိုတော့ ဆရာ ဘယ်လို သဘောရပါသလဲ အဲဒီကိစ္စ။ ဒီအတိုင်းသာ နှိုင်းယှဉ်မယ်ဆိုရင်တော့ ဗမာနိုင်ငံရဲ့အခြေအနေဟာ အီဂျစ်ထက် အခြေအနေကောင်းတာပေါ့ ပူးပေါင်းဆောင်ရွက်တဲ့ သဘောဟာ။

ဦးအောင်ခင် ။ ။ ဗမာ နှင့် အင်ဒိုနီးရှားတော့ နည်းနည်း ပိုနီးစပ်တာပေါ့။ အီဂျစ်နှင့်ကတော့ အလှမ်းဝေးတာပေါ့။ လူမျိုးရဲ့ Character ဘာညာ ကြည့်မယ်ဆိုရင် ယဉ်ကျေးမှုက သူက အာရှတိုက်မဟုတ်ဘူး။ အရှေ့အလယ်ပိုင်းဒေသ။ အင်ဒိုနီးရှားကျတော့ ဗမာနှင့် လူမျိုးအရရော နီးစပ်တဲ့ သဘောရှိတာပေါ့။ ဆိုတော့ အင်ဒိုနီးရှားနှင့် ဗမာနှင့်က ပိုနီးစပ်ပါတယ်။ အီဂျစ်နှင့်ကတော့ သိပ်မနီးစပ်ဘူးလို့ ကျနော်ထင်တယ်။
XS
SM
MD
LG