သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

INGO ၊ NGO တွေနဲ့ ဆက်ဆံရေး ကန့်သတ်ချက် လွှတ်တော်ကိုယ်စားလှယ်တွေ ဝေဖန်


ပြည်သူ့လွှတ်တော် အစည်းအဝေး ( ဇူလိုင် ၂၅၊ ၂၀၁၆)
ပြည်သူ့လွှတ်တော် အစည်းအဝေး ( ဇူလိုင် ၂၅၊ ၂၀၁၆)

NLD ဦးဆောင်တဲ့ အရပ်သားအစိုးရလက်ထက် ပြည်သူ့လွှတ်တော်မှာ စည်းမျဉ်းစည်းကမ်းတွေ ပိုတင်းကျပ်လာတယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးက ပြောဆိုလိုက်ပါတယ်။ပြည်တွင်း ပြည်ပ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲ့ အစည်းအဝေး၊ သင်တန်း၊ လေ့လာရေးတွေ မှန်သမျှ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကနေ တဆင့် ဖိတ်ကြားရမှာဖြစ်ပြီး ဖိတ်ကြား လာသမျှကိုလည်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ကို မပျက်မကွက်တင်ပြ အတည်ပြုရမယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အားလုံးကို လွှတ်တော်ရုံး ပန်ကြားလိုက်တာပါ။ ဒီအပေါ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ NGOတွေနဲ့ ပေါင်းကူး ဆက်ဆံမှုအပေါ် ထိန်းချုပ်ဖို့ကြိုးစားလာမှုလို့ ရှု့မြင်တာတွေရှိပါတယ်။ အသေးစိတ် မဆုမွန် ပြောပြပေးပါမယ်။

လွှတ်တော်အစည်းအဝေးတွေ ပြန်လည်စတင်ချိန်မှာပဲ ပြန်သူ့လွှတ်တော်ရုံးကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အားလုံးအတွက်ဆိုပြီး ဇူလိုင် ၂၂ရက်နေ့ရက်စွဲနဲ့ ပန်ကြားချက် ထွက်လာပါတယ်။ အဓိကသုံးချက်ပါတဲ့ ဒီပန်ကြားချက်ထဲမှာ INGOS ၊ NGO၊ CSO စတဲ့ ပြည်တွင်း ပြည်ပ အဖွဲ့အစည်းတွေကနေ အစည်းအဝေးတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေ သင်တန်း၊ လေ့လာရေး စတာတွေ ဖိတ်ကြားလာရင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကို မပျက်မကွက်တင်ပြပြီး အတည်ပြုချက်ရယူဖို့ နဲ့ တကယ်လို့ ဖိတ်ကြားခံရရင်လည်း ဖိတ်ကြားခံရတဲ့ ကိုယ်စားလှယ်၊ ကော်မတီက သူတို့ကို ဖိတ်ကြားတဲ့ အဖွဲ့ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကို လိပ်မူပြီး ဖိတ်ကြားပေးစေလိုတယ် ဆိုတာ ပြန်ပြောပေးပါလို့ ဆိုပြီး ပြည်သူ့လွှတ်တော်ရုံး ညွှန်ကြားရေးမှူး ကိုယ်စား ဒုတိယညွှန်ကြားရေးမှူးချုပ်က လက်မှတ်ထိုးထုတ်ပြန်ထားတာပါ။

အရင်လွှတ်တော်တွေတုန်းက အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ လွှတ်တော်တို့ကြားပူးပေါင်းမှုတွေရှိခဲ့ပေမဲ့ အခုလွှတ်တော်လက်ထက်မှာ တင်းကျပ်မှုတွေ လုပ်လာတဲ့ အပေါ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဖေသန်းက အခုလို သူ့သဘောထားပြောပါတယ်။

“အရင်လွှတ်တော် ၅ နှစ်မှာလည်း ကျနော်တို့ ဒီကိစ္စမျိုးကို မတွေ့ခဲ့ဘူးခင်ဗျ ။ လွှတ်တော်က ဒီလိုတွေ့တာတွေကို အစီအစဉ်လုပ်ပေးတာတွေ အားပေးတာတွေရှိခဲ့တယ်။ ဒီလွှတ်တော်အစပိုင်းတွေမှာ အဲလိုပဲ သင်တန်းတွေ ဘာတွေ လွှတ်တော်ထဲမှာ ခေါ်ပြီးတော့တောင်မှCSO တို့ NGO တို့ လုပ်ခိုင်းတာတွေရှိတယ်ပေါ့နော်။ ဒီညွန်ကြားချက်ထွက်လာတဲ့အပေါ်မှာလည်း ကျနော်တို့ က ဘာကြောင့်ထွက်တယ်ဆိုတာကိုတောင်မှ စဉ်းစားလို့မရနိုင်အောင် ဖြစ်တယ်ပေါ့ဗျာ။ ဒီတော့ ပန်ကြားချက်ဆိုတာကတော့ အဓိက အကျိုးအကြောင်းလေးတော့ ဖော်ပြသင့်တယ်ပေါ့နော်။

ဘာကြောင့်ဒီလိုလုပ်ရသလဲဆိုတဲ့ အကျိုးအကြောင်းလေး ဖော်ပြခဲ့ရင်တော့ ကျနော်တို့လည်းပိုသိရမှာပေါ့နော်။ ညွန်ကြားချက်ဆိုရင်လည်း ကျနော်တို့ နည်းဥပဒေတွေကိုညွှန်ကြားပြီးတော့ ဒါနဲ့ ငြိစွန်းတဲ့အတွက် ဒါကိုမလုပ်သင့်ဘူးဆိုတဲ့ ပုံစံမျိုးဖြစ်ရမှာပေါ့။ ညွန်ကြားချက်တော့မဟုတ်ဘူး ပန်ကြားချက်ပဲပါတော့ အလုပ်ရုံဆွေးနွေးပွဲတို့၊ အစည်းအဝေးတို့၊ သင်တန်းတို့ ၊ လေ့လာရေးတို့ ဆိုတာကတော့ လွှတ်တော်ကိုယ်စားလှယ်တွေအတွက် အနည်းနဲ့အများ အထောက်အကူပြုတဲ့လုပ်ငန်းတွေလို့ပဲမြင်တယ်။ ဒီမှာပါတဲ့ အတိုင်းပေါ့နော် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ကို မပျက်မကွက်တင်ပြရမယ်။

အတည်ပြုချက်ရယူရမယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေကို ကန့်သတ်လိုက်သလို၊ တဘက်က INGO၊NGO ၊CSO အဖွဲ့တွေကိုလည်း ဒီလွှတ်တော်ဥက္ကဋ္ဌက တဆင့်ပဲ လိပ်မူ ပြီးတော့လွှတ်တော်ကိုယ်စားလှယ်တွေကို ဖိတ်ရမယ်ဆိုပြီးတော့ ၂ ဘက်ကို ကျပ်လိုက်တဲ့အခါမှာတော့ ဘာပဲပြောပြော ဒီကိစ္စတွေက ရပ်တန့်သွားသလောက်ကို ဖြစ်သွားမှာပေါ့နော်။ ကျနော်တို့ဘက်ကလည်း ဒါကို ခေါင်းစားခံပြီးတော့ လွှတ်တော် ဥက္ကဋ္ဌကိုတင်ပြ၊ အတည်ပြုချက်ရယူ ၊ ဟိုဘက်ကလည်း အဲဒီလိုလုပ်ဆိုတာတော့ ဒါအချိန်နဲ့တပြေးညီ လုပ်နေရတဲ့ သင်တန်းတွေ Workshop တွေ ကျတော့ တော်တော့ကို ဖြစ်နိုင်ခြေ နည်းသွားတာပေါ့နော်။ ဒါကြောင့်ဘာပဲပြောပြောဒီကိစ္စဟာ ကျနော်တို့လွှတ်တော် ကိုယ်စားလှယ်တွေအတွက်တော့ အခွင့်အရေးဆုံးရှုံးတယ်လို့ပဲမြင်ပါတယ်။”

ဒီလို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအားလုံး သတ်မှတ်ထားတဲ့အတိုင်း လိုက်နာဆောင်ရွက်မယ်ဆိုပြီး စည်းကမ်းချက်ထုတ် ပန်ကြားချက်အပေါ် လွှတ်တော်ကိုယ်စားလှယ်တွေဘက်က နားမလည်နိုင်အောင်ဖြစ်ရတယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးဖေသန်းကပြောပါတယ်။

“ဒီကိစ္စက ပိုပြီးတော့ ထူးခြားချက်က ကျနော်တို့ စဉ်းစားလို့တောင်မရဘူးပေါ့နော်။ ဘယ်လိုကြောင့်ထုတ်တာလဲ။ NLD ပါတီဝင်တွေကို ထုတ်တယ်ဆိုရင်တော့ ဒါက ကျနော်တို့မပြောလိုဘူး ဒါက ပါတီရဲ့ စည်းကမ်းချက် ။ လွှတ်တော်ကိုယ်စားလှယ်တွေ အကုန်လုံးကိုပေးထားတယ်ဆိုတော့ ဒါက ကျနော်တို့ကို လိုက်နာရမယ်ဆိုတဲ့ သဘောမျိုးဖြစ်နေတာပေါ့။ ဘာကြောင့်ထုတ်တယ် ၊ ဘယ်လိုအခက်အခဲရှိတယ်ဆိုတာကို ကျနော်တို့ကိုမရှင်းပြတော့ သူတို့ပဲသိလိမ့်မယ်ပေါ့ဗျာ။ ကျနော်တိုတော့ အဲဒီလိုပဲခံစားတယ်။ ဘာကြောင့်သူတို့ ဒီလိုလုပ်တယ် ၊ ဘာကြောင့်တဖြေးဖြေးကျပ်လာတယ်ဆိုတာ ကျနော်တို့လည်း မပြောတတ်ဘူးဗျနော်။”

ပြည်သူက ရွေးချယ်တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်တော်တွေ တိုင်းပြည်အတွက် အလုပ်လုပ်နေကြတဲ့ လွှတ်တော်တွေမှာ NGOတွေ အရပ်ဖက်အဖွဲ့အစည်းတွေ ကိုယ်စားလှယ်တွေဘက်ကလည်း လိုအပ်တဲ့ တင်ပြမှုတွေ၊ ဆွေးနွေးမှုတွေ ဖလှယ်မှုတွေကို လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်ပေးရမယ့်အချိန်မှာ အခုလို ဗဟိုဦးစီးစနစ်ဆန်ဆန် လွှတ်တော်ဥက္ကဋ္ဌရဲ့ ခွင့်ပြုချက်နဲ့ ချုပ်ကိုင်မှုအောက်ကနေ သွားရမယ်ဆိုတဲ့အပေါ်မှာလည်း အရပ်ဖက်အဖွဲ့အစည်းတွေဘက်က ဘဝင်မကျပါဘူးလို့ဆိုပါတယ်။

အရပ်ဖက်အဖွဲ့အစည်းတခုဖြစ်တဲ့ ညီမျှခြင်းမြန်မာရဲ့ ဒါရိုက်တာလည်းဖြစ် လူ့အခွင့်အရေးလှုပ်ရှားသူဦးအောင်မျိုးမင်းကတော့ လွှတ်တော်ဥက္ကဋ္ဌက တဆင့်ဖြတ်ရမယ့်ဆိုတဲ့ ကန့်သတ်ချက်အပေါ် သူ့အမြင် အခုလိုပြောပါတယ်။

“ကျနော်လွှတ်တော်အတွင်းမှာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့တွေ့တဲ့အချိန်မှာ သူတို့အနေနဲ့ လေ့လာစရာတွေ ၊ သင်ယူစရာတွေ ၊ မှတ်သားစရာတွေ အများကြီးဖြစ်တယ်။ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ နိုင်ငံတကာအဖွဲ့အစည်းတွေ တင်ပြချက်ကို သူတို့က တကယ့်ကို ကြိုဆိုပါတယ်ဆိုတဲ့ဟာမျိုးတွေတွေ့ပါတယ်။ ဒါသူတို့ဘက်က လက်ကမ်းကြိုဆိုမှုပါ။ ဒါပေမယ့် အခုကျနော်တို့ သွားလို့ရှိရင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် က လွှတ်တော်ဥက္ကဋ္ဌ ကို ဖြတ်ရမယ် ဆိုတာက နည်းနည်းတော့ ဘဝမကျစရာဖြစ်တယ်ဗျ။ ဘာကြောင့်လဲ ဆိုတော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ပဲဖြစ်ဖြစ် ၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်ပဲဖြစ်ဖြစ် သူတို့တွေက ပြည်သူက ယုံကြည်လို့ တာဝန်ပေးအပ်ခံထားရသော ဆုံးဖြတ်ချက်ချနိုင်သောသူများဖြစ်ပါတယ် ကလေးတွေ မဟုတ်ပါဘူး။ အားလုံးပြောကြားတဲ့အရာတွေကို ချင့်ချိန်ယုံကြည်ပြီးတော့ တိုင်းပြည်အတွက်လုပ်ဆောင်မှုတွေကို လုပ်ဆောင်နိုင်သူများဖြစ်တယ်။ ဗဟိုဦးစီးချုပ်ကိုင်မှုစနစ်နဲ့ လုပ်ဆောင်မှုကတော့ ကျနော့်အနေနဲ့ ဒီမိုကရေစီကျင့်စဉ်နဲ့ နည်းနည်းများလွဲနေသလားလို့ စိုးရိမ်မိပါတယ်။”

အဆင့်ဆင့်ဖြတ်သန်းပြီးမှ ခွင့်ပြုချက်ယူရမယ့်အနေအထားဖြစ်နေလို့ လွှတ်တော်တွင်း ဆောင်ရွက်ရမယ့်လုပ်ငန်းစဉ်တွေမှာ နှောင့်နှေးမှုတွေ ကြုံလာရနိုင်တယ် ဆိုတာကိုလည်း ဦးအောင်မျိုးမင်းက ပြောပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကြား လွှတ်တော်တွင်း လာရောက်လေ့လာတာတွေ အလုပ်ရုံဆွေးနွေးပွဲတွေ ကျင်းပသလို လွှတ်တော်ကိုယ်စားလှယ်တွေကို ဖိတ်ကြားပြီးလည်း လွှတ်တော် အတွေ့အကြုံ၊ ပြန်ရှင်းပြတာ၊ အရပ်ဖက် အဖွဲ့အစည်းတွေဘက်က ပြည်သူ့ ဆန္ဒတွေကို တဆင့်တင်ပြတာတွေ ဆွေးနွေးအကြံပြုတာ တွေ့ဆုံတာတွေ မကြာခဏလုပ်ခြင်းအားဖြင့်လည်း ပြည်သူ့အသံကို ပြည်သူ့ကိုယ်စားလှယ်တွေကြားပြီး လိုအပ်တာတွေကို အချိန်နဲ့တပြေးညီ ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့လည်း အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG