Niger နိုင်ငံမှာ အာဏာသိမ်းစစ်တပ်က အစိုးရသစ်တရပ် ဖွဲ့စည်းလိုက်ကြောင်း ဒီကနေ့ပဲ ကြေညာလိုက်ပါတယ်။ နိုင်ငံပိုင်ရုပ်သံကနေ ထုတ်ပြန်တဲ့ အမိန့်ကြေညာချက်မှာတော့ ဝန်ကြီးအဖွဲ့ဝင် ၂၁ ဦး ပါဝင်တဲ့ အစိုးရအဖွဲ့ကို ဖွဲ့စည်းကြောင်း ပြောဆိုထားတာပါ။ အာဏာသိမ်း စစ်ခေါင်းဆောင်တွေထဲက ၃ ဦးကတော့ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ အားကစား ဝန်ကြီးဌာနတွေကို တာဝန်ယူခဲ့ကြပြီး တခြားအသေးစိတ် အချက်အလက်တွေတော့ ဖော်ပြမထားပါဘူး။
အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်နေတဲ့ နိုင်ငံရေးအကျပ်အတည်းတွေနဲ့ ပတ်သက်လို့ အနောက်အာဖရိက စီးပွားရေး အသိုက်အဝန်း (ECOWAS) အဖွဲ့ဝင်နိုင်ငံတွေက ခေါင်းဆောင်တွေ Nigeria နိုင်ငံ Abuja မြို့တော်မှာ ဒီကနေ့ ဆွေးနွေးဖို့ စီစဉ်ထားချိန်မှာပဲ အခုလို ကြေညာချက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ ရာထူးက ဖယ်ရှားခံခဲ့ရတဲ့ သမ္မတ Mohamed Bazoum ကို အာဏာပြန်အပ်ဖို့နဲ့ မလိုက်နာရင် အင်အားသုံးမယ်လို့ ခြိမ်းခြောက်ထားတဲ့ နောက်ဆုံး သတ်မှတ်ရက် တနင်္ဂနွေနေ့မှာ ကုန်ဆုံးသွားခဲ့ပြီးနောက် ECOWAS ခေါင်းဆောင်တွေ ထိပ်သီးဆွေးနွေးဖို့ စီစဉ်ခဲ့ကြတာပါ။
သမ္မတ Bazoum ကိုတော့ သမ္မတရဲ့ လုံခြုံရေးတပ်ဖွဲ့တွေ အာဏာသိမ်းခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့ကစ နေအိမ်မှာ ထိန်းသိမ်းထားပါတယ်။ သမ္မတနဲ့ မိသားစုဟာ စားရေရိက္ခာပြတ်လပ်နေပြီး၊ ရေနဲ့လျှပ်စစ်မီးမရဘဲ နေထိုင်နေကြရတာ သီတင်းတပတ်လောက် ရှိနေပြီလို့လည်း သမ္မတရဲ့ ပါတီ တာဝန်ရှိသူတွေက မနေ့တုန်းကပဲ ပြောဆိုခဲ့ကြတာပါ။ အာဏာသိမ်း စစ်တပ်ကတော့ မနေ့ကအထိ သံတမန်ရေးအရ ဖြေရှင်းဖို့ ကမ်းလှမ်းချက်တွေကို ပယ်ချထားပါတယ်။
နယ်စပ်တွေကို ပိတ်ထားပေမဲ့ အိမ်နီးချင်း နိုင်ဂျီးရီးယားနိုင်ငံက သမ္မတ Bola Tinubu စေလွှတ်တဲ့ အထူးကိုယ်စားလှယ် ၂ ယောက်ကိုတော့ ဝင်ခွင့်ပြုခဲ့တာပါ။ ဒီမတိုင်ခင် တရက်ကတော့ အနောက်အာဖရိကနိုင်ငံတွေ၊ အာဖရိကသမဂ္ဂနဲ့ ကုလသမဂ္ဂက ကိုယ်စားလှယ်တွေ စေလွှတ်ဖို့ အဆိုပြုချက်တွေကို အာဏာသိမ်းစစ်တပ်က ပယ်ချခဲ့ပြီး ရန်လိုခြိမ်းခြောက်မှုတွေနဲ့ တိုင်းပြည်က ဖွဲ့စည်းပုံအခြေခံဥပဒေရေးရာ ပြဿနာတွေကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့လည်း တုံ့ပြန်ခဲ့ပါတယ်။