သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဏာပြန်အပ်ဖို့ ဖီဆန်နေတဲ့ နိုင်ဂျာအရေး အနောက်အာဖရိကခေါင်းဆောင်တွေ ဘာဆက်လုပ်ကြမလဲ


စစ်အာဏာသိမ်းမှုကိုထောက်ခံသူတွေက နိုင်ဂျာနိုင်ငံ မြို့တော် Niamey မှာ စုဝေးခဲ့ကြစဥ် (သြဂုတ်လ ၆။ ၂၀၂၃)
စစ်အာဏာသိမ်းမှုကိုထောက်ခံသူတွေက နိုင်ဂျာနိုင်ငံ မြို့တော် Niamey မှာ စုဝေးခဲ့ကြစဥ် (သြဂုတ်လ ၆။ ၂၀၂၃)

အနောက်အာဖရိကနိုင်ငံများ ရဲ့ ခေါင်းဆောင်တွေဟာ နိုင်ဂျာနိုင်ငံ အာဏာသိမ်းမှု နဲ့ပတ်သက်ပြီး ကြာသပတေးနေ့မှာ တွေ့ဆုံကြဖို့ ရှိပါတယ်။ အနောက်အာဖရိက နိုင်ငံများ စီးပွါးရေးအသိုက်အဝန်းလို့ အဓိပ္ပါယ်ရတဲ့ ECOWAS ရဲ့ အထူးထိပ်သီး အစည်းအဝေးကို ကြာသပတေးနေ့မှာ နိုင်ဂျီးရီးယားနိုင်ငံ မြို့တော်အဘူဂျာ (Abuja) မှာ ခေါ်ဆိုထားကြောင်း ပြောရေးဆိုခွင့်ရှိသူ အီမော့စ် လွန်ဂု (Emos Lungu) က ပြောပါတယ်။

အရပ်သားသမ္မတကို တနင်္ဂနွေနေ့ နောက်ဆုံးထားပြီး အာဏာပြန်မအပ်ရင် စစ်ရေးအရ ဝင်ရောက်စွက်ဖက်မယ်လို့ နိုင်ဂျာ အာဏာသိမ်းစစ်ခေါင်းဆောင်တွေ ကို သတိပေးထားခဲ့ပေမဲ့ နိုင်ဂျာပြည်သူတွေရဲ့ ထောက်ခံမှုနဲ့အတူ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို ကာကွယ်သွားမယ်လို့ အာဏာသိမ်းစစ်တပ်က ရုပ်မြင်သံကြားကနေ ကြေညာလိုက်ပါတယ်။

နိုင်ဂျာရဲ့ဝေဟင်မှာ ပျံသန်းသွားလာခွင့်ကိုလည်း ပိတ်လိုက်ပါတယ်။ အဲဒီလို ပျံသန်းခွင့် ပိတ်လိုက်တဲ့အတွက် လူသားချင်းစာနာထောက်ထားရေး လေယာဥ်တွေကိုလည်း ရပ်ထားလိုက်ရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ အိမ်နီးချင်း မာလီနိုင်ငံနဲ့ ဘာကီနာ ဖာဆို Burkina Faso နိုင်ငံတို့ကလည်း နိုင်ဂျာကို ထောက်ခံတဲ့အနေနဲ့ သူတို့ ရဲ့ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်မယ်လို့ မာလီနိုင်ငံ က ပြောပါတယ်။ အဲဒီ ၂ နိုင်ငံလုံးမှာလည်း မကြာမီက စစ်တပ်က အာဏာသိမ်းထားတာပါ။

တကယ်လို့ သမ္မတ Bazoum ကို လွှတ်မပေး၊ သမ္မတနေရာ ပြန်မပေးခဲ့ဘူးဆိုရင် စစ်ရေးအရ ဝင်ရောက်နိုင်မယ့် အစီအစဥ်တရပ်ကို အနောက်အာဖရိက နိုင်ငံများ ရဲ့ ကာကွယ်ရေးဝန်ကြီးတွေက ရေးဆွဲခဲ့ကြပါတယ်။ အတိတ်တုန်းကလည်း ၁၅ နိုင်ငံပါတဲ့ ECOWAS အဖွဲ့ဟာ အဖွဲ့ဝင် တိုင်းပြည်တွေကို စစ်တပ်တွေ စေလွှတ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ နိုင်ဂျာပြဿနာကို ဘယ်လို ဖြေရှင်းမယ်ဆိုတာကတော့ မရှင်းလင်းလှသေးပါဘူး။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကတော့ ECOWAS ကို အပြည့်အဝ ထောက်ခံကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG