သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ဂျာမှာ စစ်တပ်ထောက်ခံသူတွေက ပိတ်ဆို့အရေးယူမှုတွေကို ကန့်ကွက်ဆန္ဒပြ


နိုင်ဂျာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကိုထောက်ခံသူတွေက မြို့တော် နိုင်ယာမေ မှာ ပိတ်ဆို့အရေးယူမှုတွေကို ကန့်ကွက်ကြောင်း ဆန္ဒပြကြစဥ် (သြဂုတ် ၃၊ ၂၀၂၃)
နိုင်ဂျာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကိုထောက်ခံသူတွေက မြို့တော် နိုင်ယာမေ မှာ ပိတ်ဆို့အရေးယူမှုတွေကို ကန့်ကွက်ကြောင်း ဆန္ဒပြကြစဥ် (သြဂုတ် ၃၊ ၂၀၂၃)

အရင်အပတ်က စစ်တပ်အာဏာသိမ်းခဲ့တဲ့ အာဖရိကအနောက်ပိုင်းက နိုင်ဂျာနိုင်ငံမှာ စစ်အစိုးရကို ထောက်ခံသူရာနဲ့ချီဟာ ဒေသတွင်း အိမ်နီးချင်းနိုင်ငံတွေက ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ကြာသပတေးနေ့က မြို့တော် Niamey မှာ လမ်းပေါ် ထွက် ဆန္ဒပြခဲ့ကြပါတယ်။

ဒေသတွင်းအဖွဲ့ အနောက်အာဖရိကနိုင်ငံများရဲ့ စီးပွားရေးအသိုက်အဝန်း (ECOWAS) က နိုင်ဂျာစစ်အစိုးရကို ပိတ်ဆို့အရေးယူမှုတွေ ချထားတာအပြင် လာမယ့် တနင်္ဂနွေနောက်ဆုံးထားပြီး ရွေးကောက်ခံသမ္မတ Mohamed Bazoum ကို အာဏာပြန်လွှဲပေးရင် အင်အားသုံးပြီး ကြားဝင် ဖြေရှင်းမယ်လို့လည်း ရာဇသံပေးထားတာပါ။

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ကလည်း နိုင်ဂျာသမ္မတ Mohamed Bazoum ကို ချက်ချင်းပြန်လွှတ်ပေးဖို့ ကြာသပတေးနေ့မှာ တောင်းဆိုထားပြီး “နိုင်ဂျာ ပြည်သူတွေဟာ သူတို့ရဲ့ ခေါင်းဆောင်ကို ရွေးချယ်ပိုင်ခွင့်ရှိကြောင်းနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေကနေ သူတို့ရဲ့ဆန္ဒကို ထုတ်ဖော်ပြသခဲ့ပြီး ဖြစ်လို့ ဒါကို လေးစားရမယ်” လို့ တောင်းဆိုထားပါတယ်။

တချိန်တည်းမှာပဲ နိုင်ဂျာနဲ့ ဒေသတွင်းနိုင်ငံတွေဟာ လက်ရှိအခြေအနေကို နိုင်ငံရေးအရ ပြေပြေလည်လည် ဖြစ်အောင် ဖြေရှင်းနိုင်မယ် ယုံကြည်ကြောင်း တရုတ်နိုင်ငံခြားရေးဌာနကလည်း ကြာသပတေးနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီး Abdourahamane Tchiani ကတော့ အစ္စလာမ္မစ်သောင်းကျန်းမှုတွေ ဆက်တိုက်ဖြစ်ပွားနေတာကြောင့် နိုင်ငံတွင်း မလုံခြုံမှုတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် အာဏာသိမ်းဖို့လိုအပ်တယ်လို့ အကြောင်းပြထားတာပါ။

ဒါပေမယ့် နိုင်ငံတကာက လေ့လာချက်တွေအရတော့ နိုင်ဂျာမှာ အကြမ်းဖက်မှုတွေကကျဆင်းနေပြီး ၂၀၂၃ ခုနှစ် ပထမခြောက်လထဲမှာ ၄၀ % နီးပါး လျော့ကျသွားနေချိန်မှာ စစ်တပ်က အခုလို အကြမ်းဖက်မှု အကြောင်းပြ အာဏာသိမ်းလိုက်တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG