သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 နိုင်ဂျာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြစ်


သမ္မတ Mohamed Bazoum ထိန်းသိမ်းခံရတဲ့သတင်းနဲ့ပတ်သက်လို့ ရုပ်မြင်သံကြားပေါ်မှာ နိုင်ဂျာစစ်တပ်ပြောခွင့်ရ ဗိုလ်ချုပ် Amadou Adramane က ပြောဆိုကြေညာနေစဉ် (ဇူလိုင် ၂၆၊၂၀၂၃)
သမ္မတ Mohamed Bazoum ထိန်းသိမ်းခံရတဲ့သတင်းနဲ့ပတ်သက်လို့ ရုပ်မြင်သံကြားပေါ်မှာ နိုင်ဂျာစစ်တပ်ပြောခွင့်ရ ဗိုလ်ချုပ် Amadou Adramane က ပြောဆိုကြေညာနေစဉ် (ဇူလိုင် ၂၆၊၂၀၂၃)

အာဖရိကတိုက်အနောက်ပိုင်းမှာရှိတဲ့ နိုင်ဂျာ (Niger) နိုင်ငံမှာ စစ်သားတဖွဲ့က သမ္မတ Mohamed Bazoum ကို ဖြုတ်ချပြီး အာဏာသိမ်းလိုက်တယ်လို့ ကြေညာခဲ့ပြီးနောက် ကုလသမဂ္ဂနဲ့ အမေရိကန်ကန်တို့က သမ္မတကို ပြန်လွှတ်ပေးဖို့ တောင်းလိုက်ပါတယ်။ အမေရိကန်အနေနဲ့ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ခံထားရတဲ့ သမ္မတ Bazoum ကို အပြည့်အဝထောက်ခံတယ်လို့ နယူးဇီလန်နိုင်ငံမှာရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကပြောကြားခဲ့ပါတယ်။

သူ့ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ အမေရိကန်ပြည်ထောင်စုက တောင်းဆိုတဲ့အကြောင်းနဲ့ အတင်းအကြပ် အာဏာသိမ်းတဲ့လုပ်ရပ်မှန်သမျှကို ရှံ့ချကြောင်း ဝန်ကြီး Blinken ကပြောကြားခဲ့တာဖြစ်ပါတယ်။ Niger အစိုးရနဲ့ မပြတ် အဆက်အသွယ်လုပ်နေတဲ့အပြင် ဒေသတွင်းကရော ကမ္ဘာတဝန်းကပါ အမေရိကန်မိတ်ဖက် နိုင်ငံတွေနဲ့ ဆွေးနွေးမှုတွေရှိနေပြီး အခြေအနေ ငြိမ်းငြိမ်းချမ်းချမ်း မပြေမလည် မချင်း ဆက်လက် ထိတွေ့ဆွေးနွေးမှုတွေ လုပ်နေပါတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က နယူးဇီလန်နိုင်ငံ Wellington မြို့တော်မှာ ရောက်နေစဉ် ပြောကြားခဲ့တာဖြစ်ပါတယ်။ ကုလသမဂ္ဂကလည်း နိုင်ဂျာနိုင်ငံက ဒီမိုကရေစီနည်းလမ်းကျ အာဏာရထားတဲ့ အစိုးရနဲ့ ပြည်သူတွေနဲ့ တသားထဲ ရပ်တည်နေကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။ သမ္မတ Bazoum ဖမ်းဆီးခံရတဲ့အပေါ် အတွင်းရေးမှူးချုပ် Antonio Guterres ကအင်မတန်စိုးရိမ်နေပြီး အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုတယ်လို့ သူ့ရဲ့ပြောခွင့်ရက ကြေညာချက်ထဲမှာ ပြောကြားထားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken နှင့် Niger နိုင်ငံသမ္မတ Mohamed Bazoum
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken နှင့် Niger နိုင်ငံသမ္မတ Mohamed Bazoum

သမ္မတ Bazoum ကိုဖြုတ်ချလိုက်ပြီလို့ စစ်သားတဖွဲ့က ဗုဒ္ဓဟူးနေ့ညက ရုပ်မြင်သံကြားပေါ်ကနေ ကြေညာခဲ့ကြပါတယ်။ အစောပိုင်းကတော့ သမ္မတအစောင့်တပ်တွေက သမ္မတအိမ်တော်ကို ဝိုင်းထားခဲ့ပါတယ်။ အနောက်အာဖရိက စီးပွားရေးအသိုင်းအဝန်းဖြစ်တဲ့ ECOWAS ကလည်း အာဏာသိမ်းမှုကို အပြစ်တင်ခဲ့ပြီး အာဏာသိမ်းဖို့ ကြိုးစားသူအားလုံး တာဝန်ခံရမယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်၊ သမ္မတကိုလည်း ချွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG