သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆူဒန်မှာ ၇ ရက်ကြာအပစ်ရပ်ဖို့ မူအားဖြင့်သဘောတူ


ဆူဒန်နိုင်ငံက တိိုက်ပွဲအတွင်း မြို့တော်ခါတွန်းနားမှာ မီးလောင်ကွင်းကို ဒရုန်းနဲ့ရိုက်ယူထားပုံ။ (မေ ၂၊ ၂၀၂၃)  
ဆူဒန်နိုင်ငံက တိိုက်ပွဲအတွင်း မြို့တော်ခါတွန်းနားမှာ မီးလောင်ကွင်းကို ဒရုန်းနဲ့ရိုက်ယူထားပုံ။ (မေ ၂၊ ၂၀၂၃)  

စစ်တိုက်နေကြတဲ့ ဆူဒန် ဗိုလ်ချုပ်ကြီးတွေက ခုနစ်ရက် အပစ်အခတ်ရပ်စဲဖို့ မူအားဖြင့်သဘောတူကြကြောင်း အိမ်နီးချင်း တောင်ဆူဒန်နိုင်ငံအစိုးရက အင်္ဂါနေ့ က ပြောပါတယ်။

မေလ ၄ ရက်ကနေ ၁၁ ရက်နေ့အထိ (၇) ရက်အပစ်ရပ်ကြဖို့ ဆူဒန်တပ်မတော်အကြီးအကဲ Abdel Fattah al-Burhan နဲ့ သူ့ရဲ့ ဒုတိယအကြီးအကဲဖြစ်ခဲ့ပြီး ခု ပြိုင်ဘက်ဖြစ်လာသူ RSF တပ်တွေရဲ့အကြီးအကဲ Mohamed Hamdan Daglo တို့ မူအားဖြင့်သဘောတူကြတယ်လို့ တောင်ဆူဒန် နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ဒီ နောက်ဆုံး သဘောတူညီချက်က တောင်ဆူဒန်သမ္မတ Salva Kiir က စစ်ဖြစ်နေတဲ့ဘက်၂ ဘက်က ခေါင်းဆောင်တွေနဲ့ ဖုန်းပြောပြီး ဖြစ်လာတာပါ။

အာဖရိကမှာ တတိယအကြီးဆုံးနိုင်ငံဖြစ်တဲ့ ဆူဒန်ရဲ့စစ်ပွဲက ၂ ပတ်ကျော်ကြာလာတာနဲ့အမျှ လူတွေအတွက် စစ်ကပ်ဘေးကြီး ကျရောက်လာတော့မယ့် အနေအထားကို ရောက်လာတဲ့အတိုင်း စစ်ကိုရပ်ဖို့ သံတမန်ရေး အားထုတ်မှုတွေကလည်း ပိုမို ကြီးမားလာပါတယ်။

အပစ်အခတ်ရပ်ပြီး နိုင်ငံရေးဖြစ်စဥ်ပြန်စအောင်ဖိအားပေးကြဖို့ အာဖရိကသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။ ဆူဒန်ပြဿနာကို စစ်ရေးနဲ့ ဖြေရှင်းလို့မရဘူး-လို့ ဥက္ကဋ္ဌ Moussa Faki Mahamat က ပြောပါတယ်။ “ကျနော်တို့ရဲ့ ဦးစားပေး လုပ်ငန်းက အပစ်အခတ်ရပ်စဲရေး ရှည်ကြာလိုက်နာကြပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီပေးနိုင်ရေး" ဖြစ်တယ်လို့ အာဖရိက သမဂ္ဂ ကော်မရှင် ဥက္ကဋ္ဌ Moussa Faki Mahamat က အစည်းအဝေးအဖွင့်မှာ ပြောပါတယ်။

အရင်တခါတုန်းကလည်း တောင်ဆူဒန်က ခုလို ကြေညာခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးအပါအဝင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တော်တော်များများ ပျက်သွားခဲ့ရပါတယ်။ မြို့တော်ခါတွန်မှာ လေကြောင်းကတိုက်တာတွေ ဆက်ဖြစ်နေပြီး လေယာဥ်ပစ်အမြောက်အသံတွေကိုလည်း အင်္ဂါနေ့မှာ ကြားနေခဲ့ရတယ်လို့ မြို့နေပြည်သူတွေက အေအက်ဖ်ပီ သတင်းဌာနကို ပြောကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG