စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းသုံးကြောင်းခွဲပြီး ကျေးရွာတွေကို ဝင်ရောက်နယ်မြေရှင်းလင်းနေတာမှာ ရွာပေါင်း ၉ ရွာထက်မနည်းက နေအိမ်တွေ မီးရှို့ခံခဲ့ရပါတယ်။ နေအိမ်အများအပြား မီးလောင်ကျွမ်းခဲ့တဲ့အပြင် ဒေသခံ ၁၅ ဦးထက်မနည်း သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဝက်လက်ဘက်က အခြေအနေသတင်းပေးပို့တာကို မစုမြတ်မွန်က ဆက်ပြောပြပါလိမ့်မယ်။
ဝက်လက်မြို့နယ် အနောက်ခြမ်းနဲ့ မြောက်ခြမ်းဘက်ကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့ထဲက စစ်ကောင်စီတပ်တွေ အင်အား အများအပြားနဲ့ စစ်ကြောင်း ၃ ကြောင်းထက်မနည်းခွဲပြီး ဝင်ရောက် နယ်မြေရှင်းလင်းနေတာ ဒီနေ့ မတ်လ ၃ ရက်နေ့အထိဖြစ်ပါတယ်။ စစ်တပ်နယ်မြေရှင်းလင်းမှုတွင်း ရွာတွေ မီးရှို့ခံရသလို၊ သတ်ဖြတ်ဖမ်းဆီးခံရသူတွေရှိတယ်လို့ စစ်တပ်ဝင်ရောက်သွားတဲ့ ကျေးရွာတွေကို ရှင်းလင်းရေးလုပ်ပေးနေတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။ မတ်လ ၁ ရက်နေ့က မုဆိုးခြုံရွာဘူတာအနီးက နေအိမ်တွေနဲ့ ဘိုတဲကုန်း ကျေးရွာက နေအိမ်တွေကို မီးရှို့ခဲ့တာမှာ သက်ကြီးရွယ်အို အဘိုးတစ်ဦးနဲ့ အဘွားအိုတဦးတို့ သတ်ဖြတ်ခံခဲ့ရတယ်လို့ ဝက်လက်မြို့နယ်ဒေသ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ဗွီအိုအေကို ခုလိုပြောပါတယ်။
“ဝက်လက်မြို့နယ် မုဆိုးခြုံကျေးရွာက. ကျွန်တော်တို့ ဘူတာမှာရှိတဲ့ အိမ်ခြေ ၄၇ လုံး(မီးရှို့ခံရ)၊ အပစ်မဲ့ ပြည်သူတစ်ယောက်ကို ခေါင်းကိုတည့်ပြီး ပစ်သတ်သွားတယ်။ တဆက်တည်းပဲ ကျွန်တော်တို့ မုဆိုးခြုံကျေးရွာရဲ့ အနောက်ဖက်က ဘိုတဲကုန်းကျေးရွာမှာ အိမ်ခြေကတော့ ၃၊ ၄ လုံးလို့တော့ သိရတယ်၊အဲ့ထက်လည်း များရင် များမယ်ပေါ့နော်။ မီးရှို့တဲ့အခါမှာ မပြေးနိုင်မလွားနိုင်တဲ့ အဘွားအိုတစ်ဦးတော့ သတ်ခံရတယ်ဗျ။ မီးထဲပါသွားတယ်ဗျ။ အောင်ချမ်းသာကျေးရွာကတော့ အိမ်ခြေ ရာကျော်လို့တော့ သိရတယ်ဗျ၊ အတိအကျတော့ မသိရသေးဘူး။”
အောင်ချမ်းသာကျေးရွာကို ၂ ကြိမ် မီးရှို့ခဲ့ပြီး ထွက်လာတဲ့စစ်ကြောင်းဟာ မတ်လ ၂ ရက်နေ့မှာ သခွပ်ပင်ကျေးရွာနဲ့ တည်တော ကျေးရွာတွေကိုပါ တဆက်တည်း မီးရှို့ခဲ့ပါတယ်။ စစ်တပ်ပြန်ထွက်သွားချိန် ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်ထားတဲ့ အလောင်းတွေ တွေ့ရတယ်လိုလည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်က ပြောပြပါတယ်။ ကျီးကန်ကျေးရွာကိုတော့ မတ်လ ၂ မနေ့ကနဲ့ ဒီကနေ့ မတ်လ ၃ ရက် ၂ ရက်အတွင်း ၅ ကြိမ်ထက်မနည်း မီးရှို့ခဲ့ပြီးတော့ ဒေသခံ၂ ဦး သတ်ဖြတ်ခံရတာကို တွေ့ရတယ်လို့ ပြောပါတယ်။
“အောင်ချမ်းသာကျေးရွာကနေ ထွက်ရှို့လာတဲ့ စစ်ကြောင်းက သခွပ်တောကျေးရွာမှာလည်း ထပ်ရှို့တယ်ဗျ။ မီးရှို့တဲ့ထဲမှာက ကျွန်တော်တို့ ရုပ်အလောင်းပေါ့နော် ရုပ်အလောင်း ၇ လောင်းရဲ့ အရိုးစုတွေ တွေ့ရတယ်ဗျ။ ဝက်လက်မြို့နယ် အနောက်ခြမ်း တည်တောကျေးရွာမှာကျတော့ အိမ်ခြေ ၆၄ လုံး ရှို့ခံရတယ်။ လူအရိုးစု ၅ စုတွေ့ရတယ်ဗျ၊ အဲ့ဒါကို ကျွန်တော်တို့ အနေနဲ့ ပြည်သူတွေလို့ သိထားရတယ်ဗျ။ ကျီးကန်ရွာကို ၃ ရက်နေ့အထိ ရှို့တယ်ဗျ။ ရှို့တဲ့ခါကျတော့ ကျီးကန်မှာ အိမ်ခြေက တောင်ရွာမှာ ၁၀၀ ကျော်၊ တောင်ရွာ မြောက်ရွာဆိုရင်တော့ ၃၀၀ နဲ့ ၄၀၀ ကြားမှာရှိမယ်လို့ ကျွန်တော်တို့ အတိအကျတော့ မသိရသေးဘူးဗျ။ ကျီးကန်ကျေးရွာက ၅ ကြိမ်လောက်အရှို့ခံရတယ်ဗျ။ ကျီးကန်ရွာက နေရာတချို့မှာ ပြည်သူတချို့လည်း ဖမ်းခံရတယ်ဗျ။ လောလောဆယ် ကျီးကန်ကျေးရွာကို ကျွန်တော်တို့ ရှင်းလင်းရေးလုပ်တာ့ ရုပ်အလောင်း ၂ လောင်းကို ကျွန်တော်တို့ တွေ့တယ်ဗျ။ သူတို့ပစ်သတ်သွားတာ စကစက ပစ်သတ်သွားတဲ့ အလောင်း ၂ လောင်း ကျွန်တော်တို့ တွေ့ရတယ်ဗျ။”
ဝက်လက်မြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကြောင်းတွေခွဲပြီး ဝင်ရောက် နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ စစ်ကောင်စီတပ်တွေဟာ ၃ ရက်အတွင်း ကျေးရွာ ၉ ရွာထက်မနည်းမီးရှို့ခဲ့ပြီး ဒေသခံ ၁၆ ဦးလောက်ကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေက ပြောပါတယ်။
“ရှို့ခံရတဲ့ ရွာတွေက ဘိုတဲကုန်း၊ မုဆိုးခြုံဘူတာ၊ အောင်ချမ်းသာကျေးရွာ၊ သခွပ်တောကျေးရွာ၊ တည်တောကျေးရွာ၊ ကျီးကန်ကျေးရွာ အဲ့ဒါတွေက မီးရှို့ခံရတာပေါ့နော်။ ကျွန်တော်တို့ ဒီနေ့မနက်မှာပဲ စိုင်နိုင်ကြီးကျေးရွာ (စိုင်နိုင်ကြီး၊ စိုင်နိုင်လေး)၊ ဘုန်းဘွက်ကျေးရွာတို့ကို ဒီနေ့ တဆက်တည်းပဲ ရှို့သွားတယ်ဗျ။ သူတို့ကတော့ ရွေဘိုမြို့နယ်ထဲကို ဝင်သွားပါပြီဗျ။ ဝက်လက်နယ်မှာဆိုရင် ကျွန်တော်တို့ ၈ ရွာ၊ ရွှေဘိုနယ်က ဘုန်းဘွက်ရွာ၊ အဲ့ဒီ ဘုန်းဘွက်တရွာနဲ့ဆို ၉ ရွာဗျ။”
စိုင်နိုင်ကြီးရွာမှာ အိမ်အလုံးရေ ၇၀ ကျော် မိးရှို့ခံရပြီးတော့ စပါးတင်း ၇၀၀၀ ကျော် မီးရှို့သွားပါတယ်။ လက်ရှိဝက်လက်မြို့နယ်ထဲက စစ်ဆင်ရေးနဲ့ပါတ်သက်လို့ စစ်ကောင်စီဘက်က အသေးစိတ် ပြောကြားခြင်း မရှိသေးပါဘူး။ စစ်ကောင်စိရဲ့ နယ်မြေရှင်းလင်းရေး စစ်ကြောင်းတွေကြောင့် ဒေသခံအတော်များများ စစ်ဘေးရှောင်နေကြရပါတယ်။ တချို့ရွာတွေဆိုရင် အရင်ထဲက စစ်ဘေးရှောင်နေကြရတာဖြစ်ပြီး ခုထိ ရွာထဲပြန်မဝင်နိုင်ကြသေးပါဘူး။ လက်ရှိမှာတော့ စစ်ဘေးရှောင်တွေရဲ့ စားသောက်ရေးအတွက် ရိက္ခာလိုအပ်မှုတွေ ရှိနေကြတယ်လို ဒေသခံတွေက ပြောပြကြပါတယ်။
စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ်နဲ့ တိုက်ပွဲတွေကြောင့် စစ်ကိုင်းအတွင်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ဘေးရှောင် အရေအတွက် တနေ့ထက်တနေ့ ပိုပြီးများလာနေပါတယ်။ ပြည်သူ့ ကာကွယ်ရေးတပ် PDF တွေဟာ ဒီဒေသ ကျေးရွာတွေကို အခြေစိုက်ပြီး အကြမ်းဖက်လုပ်ငန်းတွေ လုပ်နေတယ်ဆိုပြီးတော့လည်း မြန်မာစစ်တပ်က စွပ်စွဲပါတယ်။ စစ်ကိုင်းတိုင်းအတွင်း အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့ကျေးရွာတွေရှိသလို၊ စစ်ကောင်စီကိုလိုလားတဲ့ ကျေးရွာတချို့လည်းရှိနေပြီး အဲဒီကျေးရွာတွေကို စစ်ကောင်စီက ပြည်သူ့စစ်အဖြစ် လက်နက်တပ်ဆင်ပေးတာတွေလည်း လုပ်နေပါတယ်။