တရုတ်နိုင်ငံအရှေ့ပိုင်းက ကမ်းခြေမြို့ဖြစ်တဲ့ Ningbo မှာ ပေါက်ကွဲမှုတခုဖြစ်ပွါးခဲ့တာကြောင့် လူ ၂ ဦးထက်မနည်းသေဆုံးပြီး ဒါဇင်ကျော် ဒဏ်ရာရသွားပါတယ်။
ပေါက်ကွဲမှုကြောင့် အဆောက်အအုံတွေပြိုကျခဲ့သလို တမိုင်နီးပါးအကွာမှာရှိတဲ့ အဆောက်အအုံတွေရဲ့ ပြတင်းပေါက်မှန်တွေကွဲပြီး နံရံတွေမှာလည်း အပေါက်ကြီးတွေဖြစ်သွားခဲ့ပါတယ်။ ပေါက်ကွဲမှုဖြစ်တဲ့နေရာ ဘာတွေရှိနေသလဲဆိုတာတဲ့ပတ်သက်ပြီး ကွဲလွဲတဲ့ သတင်းတွေထွက်ပေါ်နေပါတယ်။
အချို့သတင်းဌာနတွေက အဲဒီနေရာမှာ စက်ရုံအဆောက်အအုံ တွေရှိနေတယ်လို့ဆိုပေမယ့် အချို့ကတော့ အဲဒီနေရာမှာ ဖြိုချဖို့စီစဉ်ထားတဲ့ အဆောက်အအုံတွေ၊ ဒါမှမဟုတ် ဖြိုဖျက်ပြီးသား အဆောက်အအုံတွေသာရှိတယ်လို့ ပြောပါတယ်။
Ningbo ဟာ ရှန်ဟိုင်းမြို့ရဲ့ တောင်ဘက် ကီလိုမီတာ ၁၀ အကွာမှာရှိတာဖြစ်ပါတယ်။ မြစ်ကမ်းအနီးမှာ ဖြစ်ပျက်သွားတဲ့ အဲဒီပေါက်ကွဲမှုရဲ့ အကြောင်းရင်းကိုရှာမတွေ့သေးဘူးလို့ တာဝန်ရှိသူတွေကပြောပါတယ်။ လုံခြုံရေးအခြေခံသတ်မှတ်ချက်တွေကို အသေအချာ လိုက်နာလေ့မရှိတဲ့ တရုတ်နိုင်ငံက စက်ရုံတွေမှာ မတော်တဆမှုတွေ ဖြစ်လေ့ဖြစ်ထရှိပါတယ်။
၂၀၁၅ ခုနှစ်တုန်းကလည်း ဓာတုပစ္စည်းတွေ စနစ်တကျ ထားသိုခြင်းမရှိတဲ့အတွက်ဆိုပြီး ပြစ်တင်ပြောဆိုခံရတဲ့ Tianjin ကမ်းခြေမြို့ ပေါက်ကွဲမှုတခု မှာလည်း လူပေါင်း ၁၆၅ ဦးသေဆုံးခဲ့ရပါသေးတယ်။