သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘူးသီးတောင်မြို့နယ် NLD ဥက္ကဋ္ဌ AA အဖွဲ့ ဖမ်းဆီးခံရ


ရန်ကုန်မြို့ရှိ ပါတီ ဌာနချုပ်။ (ဓါတ်ပုံ - Courtesy photo/NLD)
ရန်ကုန်မြို့ရှိ ပါတီ ဌာနချုပ်။ (ဓါတ်ပုံ - Courtesy photo/NLD)

(Zawgyi/Unicode)

ဘူးသီးတောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌကို ရခိုင်လက်နက်ကိုင် AA အဖွဲ့က လုံခြုံရေးအရ စစ်ဆေးမေးမြန်းရှိတာကြောင့် ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ AA ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။ အခုလို ဦးရဲသိန်း အဖမ်းခံရတာနဲ့ ပတ်သတ်ပြီး တိုက်ပွဲနဲ့ မသက်ဆိုင်သူတွေကို ဖမ်းဆီးထိန်းသိမ်းတာတွေကို လက်နက်ကိုင် တပ်ဖွဲ့အားလုံးကို ရှောင်ရှားကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြောခွင့်ရ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက် ကိုသက်နိုင်က တင်ပြပေးမှာပါ။

ရခိုင်ပြည်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့က လုံခြုံရေးအရ စစ်ဆေးမေးမြန်းစရာရှိတာကြောင့် ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

အခုလို ပါတီဝင်တွေကို ဖမ်းဆီးထိန်းသိမ်းထားတာဟာ ပြည်သူလူထုကြားမှာ အကြောက်တရား ဖြစ်ပွားအောင် ဆောင်ရွက်လိုက်တာဖြစ်တယ်လို့ NLD ပြောခွင့်ရ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

"ဘူးသီးတောင်မြို့နယ် NLD ဥက္ကဋ္ဌဟာ သူဟာတိုက်ခိုက်ရေးသမား convicted မဟုတ်ပါဘူး။ သူဟာနိုင်ငံသား တဦးရဲ့ လုပ်ငန်းတွေ ငြိမ်းချမ်းတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်နေသူ တဦးပါ။ အဲလိုလူမျိုးကို ထိန်းသိမ်း ထားခြင်းဟာ ပြည်သူလူထုကြားမှာ အကြောက်တရားကို ဖြစ်ပွားအောင် ဆောင်ရွက်လိုက်သလို ဖြစ်ပါတယ်။ အကြောက်တရားကနေပြီးတော့ အမုန်းတရားတွေ ဖြစ်လာမှာကို ကျနော်တို့ စိုးရိမ်ပါတယ်။ ဒါကြောင့် ကျနော် တို့ တိုက်ပွဲနဲ့ မသက်ဆိုင်သူတွေကို ဖမ်းဆီးထိန်းသိမ်းထားခြင်းကို လက်နက်ကိုင် တပ်ဖွဲ့အားလုံးက ရှောင်ရှားကြဖို့ ကျနော်တို့ တိုက်တွန်းချင်ပါတယ်။ ကျနော်တို့ အဖွဲ့ချုပ်အဖွဲ့ဝင်တွေ အနေနဲ့လည်း ထူးခြားတဲ့ လုံခြုံရေး အစီအမံတွေ မလုပ်ပေးနိုင်တာကြောင့် မိမိရဲ့ လုံခြုံရေးအရ နိုင်ငံရေး သတိနဲ့သာ သွားလာလှုပ်ရှားဖို့ တိုက်တွန်းချင်ပါတယ်။"

ဦးရဲသိန်း ဖမ်းဆီး ထိန်းသိမ်းခံထားရတာနဲ့ ပတ်သတ်လို့ လိုအပ်တာတွေကို လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

"ကျနော်တို့ကတော့ CEC အစည်းအဝေးမှာ တင်ပြပြီးတော့လိုအပ်ရင် တစ်စုံတစ်ရာ ကြေညာချက်ထုတ်တာ ကျနော်တို့ ပါတီတွင်းညွှန်ကြားချက် ထုတ်တာ ဒါတွေကိုတော့ ကျနော်တို့ လုပ်နိုင်ပါတယ်။ အခုလောလောဆယ်မှာတော့ ဘာလုပ်မယ်လို့ ကျနော်တို့ ပြောလို့မရသေးပါဘူး။ သူ့ကို ကောင်းကောင်းမွန်မွန်ပဲ ထိန်းသိမ်းထားပါတယ်။ "

ရခိုင်လက်နက်ကိုင် AA ပြောခွင့် ခိုင်သုခကတော့ သူတို့ စစ်ဆေးစရာရှိတာကြောင့် ထိန်းသိမ်းထား ရတာ ဖြစ်တယ်လို့ ပြောပါတယ်။

ဘူးသီးတောင် NLD ဥက္ကဋ္ဌကိုတော့ ကျနော်တို့ စစ်ဆေးစရာရှိတဲ့ အတွက်ကြောင့်မို့လို့ ခေါ်ယူ ထိန်းသိမ်းထားတာ ရှိတယ်ဗျာ။ လောလောဆယ်တော့ ဒီလောက်ပဲ ပြောလို့ရမယ်ဗျာ။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေလည်း ပြင်းထန်နေသလို အခုလို ပါတီဥက္ကဋ္ဌအထိ ဖမ်းစီးနေတာကြောင့် စိုးရိမ်မိ တယ်လို့လည်း စစ်တွေမြို့နယ် NLD ဥက္ကဋ္ဌ ဦးစံရွေကျော်က ပြောပါတယ်။

"ကျနော်ကတော့ ပုဂ္ဂိုလ်ရေး ခင်မင်သူ တယောက်လည်း ဖြစ်တယ်။ ရဲသိန်းက နောက် NLD က ဘူးသီးတောင်မြို့မှာ တက်တက်ကြွကြွ လှုပ်ရှားနေတဲ့ ဥက္ကဋ္ဌ လူငယ် တယောက်လည်း ဖြစ်တယ်။ ဟိုအရင်ကလည်း တကိုယ်တော် ဆန္ဒပြတာတွေ လုပ်ခဲ့တယ်။ ဒီမိုကရေစီနဲ့ ကိုယ်လူမျိုးအတွက် သက်စွန့်ဆံဖျား လှုပ်ရှားနေတဲ့ လူငယ် တယောက် ပျောက်ဆုံးသွားတယ်ဆိုတော့ ပထမတော့ အံသြတုန်လှုပ်သွားတယ်။ အခုတော့ ဘယ်က ဖမ်းသွားလဲ၊ အသတ်ခံရတာလား အသေးစိတ်မသိရတော့ ကျနော်တို့လည်း မိသားစုနဲ့ ထပ်တူ ဝမ်းနည်း တုန်လှုပ်မိပါတယ်။"

ပြီးခဲ့တဲ့ လကလည်း ပလက်ဝမြို့နယ် ကိုယ်စားပြု NLD ပါတီက အမျိုးသားလွတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းကိုလည်း ရခိုင်လက်ကိုင် AA အဖွဲ့က ဖမ်းဆီး ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် အတွင်းမှာ အစိုးရစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်ပြီး တိုက်ပွဲကာလအတွင်း အရပ်သားတွေကို တပ်မတော်ဘက်ကလည်း သံသယနဲ့ ဖမ်းဆီးစစ်ဆေးနေတာတွေ ရှိသလို ရခိုင်လက်နက်ကိုင် AA ဘက်ကလည်း စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတွေ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ၊ လွတ်တော်အမတ် တဦးလည်း ဖမ်းဆီးစစ်ဆေးနေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]













XS
SM
MD
LG