သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၂၀ ရွေးကောက်ပွဲမှာ အရည်အချင်းရှိသူတွေကို မဲပေးဖို့ NLD တိုက်တွန်းမည်


NLD ပါတီ မဲဆွယ်စည်းရုံးရေးလုပ်ဆောင်နေစဉ်
NLD ပါတီ မဲဆွယ်စည်းရုံးရေးလုပ်ဆောင်နေစဉ်

လက်ရှိအာဏာရ NLD ပါတီအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတုန်းကလို ပါတီကိုကြည့်ပြီး မဲပေးကြပါဆိုတာထက် လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာတော့ ကိုယ်စားလှယ်လောင်းတွေရဲ့ အရည်အချင်းကိုကြည့်ပြီး မဲပေးကြပါဆိုတဲ့ ဆောင်ပုဒ်ကို ပြောင်းလဲ ကျင့်သုံးသွားဖို့ရှိကြောင်း ပါတီပြန်ကြားရေးကော်မီတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောပါတယ်။

အဲဒီပေါ်လစီအတိုင်း ချမှတ် ဆောင်ရွက်သွားမယ်ဆိုရင်တော့ လက်ရှိ ရွေးချယ်ခံထားရတဲ့ ကိုယ်စားလှယ်တော်တော်များများလည်း ပြန်ပါမှာ မဟုတ်တော့ဘူးလို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ မဲဆွယ်စည်းရုံးစဉ် ကာလတွေတုန်းက ပြည်သူလူထုအနေနဲ့ လူကိုကြည့်မဲမပေးကြဘဲ ပါတီကိုသာကြည့်ပြီး မဲပေးကြဖို့ လက်ရှိမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့၊ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က တိုက်တွန်း ပြောဆိုခဲ့တာပါ။

ဒါပေမယ့် ၂၀၁၈ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ဒုတိယအကြိမ် ပါတီညီလာခံအတွင်း ပါတီကိုသာကြည့်ပြီး မဲပေးကြပါဆိုတဲ့ဆောင်ပုဒ်ဟာ လက်ရှိအနေအထားနဲ့ ဆီလျော်မှု မရှိတော့ဘူးဆိုတဲ့ အယူအဆကို ဗဟိုကော်မီတီဝင်တွေက တင်သွင်းခဲ့ကြသလို၊ မကြာသေးခင် လပိုင်းအတွင်းက ကျင်းပခဲ့တဲ့ ပါတီဗဟိုကော်မီတီ အစည်းဝေးမှာလည်း ပြည်နယ်တိုင်းက ကိုယ်စားလှယ်တွေက အဲဒီ အယူအဆကို ထပ်မံ တင်သွင်းခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ပါတီကိုဘဲကြည့်ပါဆိုတာထက် လူကိုအဓိကထားပြီး ကြည့်ဖို့ လိုလာပြီလို့ ပါတီရဲ့ ပြန်ကြားရေးကော်မီတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောပါတယ်။

“ပါတီကိုဘဲကြည့်ပါ၊ လူကိုမကြည့်ပါနဲ့ဆိုတဲ့ဟာ သိပ်ပြီးတော့ မဆီလျော်တော့ဘူးဆိုတဲ့ အယူအဆတွေ ပိုပြီးတော့ အသံတွေ ကျယ်လောင်လာတယ်ဗျာ။ ထောက်ပြတာတွေလည်း များလာတဲ့အခါကျတော့၊ အဲဒီအတိုင်းဘဲပေါ့လေ၊ ကျနော်တို့ လာမယ့် ၂၀၂၀ မှာတော့ လူကို အဓိကထားပြီးတော့ ကြည့်ဖို့လိုလာပြီလို့ ကျနော် အဲဒီလိုဘဲ သုံးသပ်တာပါ။ လူကို အဓိကထားပြီး ကြည့်ဖို့ဆိုတဲ့နေရာမှာ ပါတီကိုလည်း ပစ်ပယ်ထားလို့တော့ မရဘူးပေါ့နော်။ အဲဒီဟာမျိုးကိုလည်း ကျနော်က ပြောချင်တယ်။ အဓိကကတော့ လူတော်၊ မတော်ပေါ့ဗျာ။ လူတော် လူကောင်းပေါ့။ လူမှန်၊ နေရာမှန် ကြည့်တတ်ဖို့ လိုလာပြီလို့ဘဲ ကျနော်ကတော့ အဲဒီလိုဘဲ သုံးသပ်ပါတယ်။”

ပါတီဗဟိုကော်မီတီဝင်တွေနဲ့ ပြည်နယ်တိုင်းအသီးသီးက ကိုယ်စားလှယ်တွေဘက်က ပါတီရဲ့ ရွေးကောက်ပွဲဆောင်ပုဒ်ကို ပြောင်းလဲဖို့လိုအပ်ကြောင်း တင်ပြာလာကြတာအပြင် ပြည်သူလူထုကလဲ လက်ရှိ အရွေးချယ်ခံ ကိုယ်စားလှယ်တချို့နဲ့ တာဝန်ရှိသူ တချို့တို့အပေါ် မကျေနပ်တဲ့ ပြောဆိုသံတွေကို သူတု့ိ ကြားသိနေရကြောင်း မုံရွာအောင်ရှင်က ပြောပါတယ်။

“အများကြီး တွေ့လာရတယ်။ အများကြီးတွေ့လာရတဲ့အခါကျတော့ ဒီ ဗဟိုကော်မီတီ အစည်းဝေးမှာကိုဘဲ အဲဒီကိစ္စတွေ တော်တော်လေး မေးခွန်းထုတ်စရာတွေ အများကြီးဖြစ်လာတာ တွေ့ရတယ်လေ။ အဲဒါကြောင့်ပါ။ နောက်တခါ ပြည်သူလူထုထဲကလည်း ဒီအသံတွေ ကျနော်တို့ ကြားနေရတာဘဲလေ။ အဲဒါကြောင့် ကျနော်တို့အနေနဲ့ကတော့ ဒီ မူကိစ္စ၊ လူရွေးချယ်ခြင်းကိစ္စမှာ အထူးသတိထားရတော့မယ်လို့ ကျနော်တို့ ပြောတာ ဖြစ်ပါတယ်။ ပြည်သူလူထုကတော့ NLD အပေါ်မှာ ယုံကြည်စိတ်ချတယ်၊ အစဉ်သင့်လဲဖြစ်တယ်ဗျာ။ ပါတီကသာလျှင် လူမှန် နေရာမှန် ရွေးချယ်နိုင်ဖို့ အရေးကြီးတယ်လို့ ကျနော်က အဲဒါကို ပြောတာပါ။”

အခု အဆိုပြုလာကြတဲ့အတိုင်း လူကိုအဓိကထားကြည့်ပြီး ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်မယ်ဆိုရင်တော့ လက်ရှိ ရွေးကောက်ခံ ကိုယ်စားလှယ်တွေထဲက ပြန်မပါလာတော့မယ့်သူတွေ ရှိတယ်လို့ သူက ပြောပါတယ်။

“အခုလက်ရှိ ရှိနေတဲ့ ကိုယ်စားလှယ်တွေ တော်တော်များများပေါ့လေ၊ ပါချင်မှပါလိမ့်မယ်လို့ ကျနော်ကတော့ အဲဒီလိုဘဲ ထင်တယ်။ ဒီမူအတိုင်း သွားမယ်ဆိုရင်ပေါ့လေ။”

၂၀၂၀ ရွေးကောက်ပွဲ ကျင်းပမယ့် လနဲ့ ရက်အတိအကျကို ရွေးကောက်ပွဲကော်မရှင်က တရားဝင် ကြေညာထားခြင်း မရှိသေးပေမယ့် ၂၀၂၀ နှစ်ကုန်ပိုင်း၊ အရင် ၂၀၁၅ ခုနှစ်က ကျင်းပခဲ့တဲ့ နိုဝင်ဘာလလောက်မှာ ကျင်းပဖြစ်လိမ့်မယ်လို့ အများက ခန့်မှန်း ထားကြတာပါ။ NLD ပါတီအနေနဲ့တော့ ကိုယ်စားလှယ်လောင်း ရွေးချယ်မယ့် အစီအစဉ်တွေကို အခုနှစ်ကုန်ပိုင်းလောက်မှာ အသိအပေး အကြောင်းကြားတဲ့စာ ထွက်လာလိမ့်မယ်လို့ မျှော်လင့်ကြောင်း မုံရွာအောင်ရှင်က ပြောပါတယ်။

NLD ပါတီအနေနဲ့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ တဦးတည်း၊ တပါတီတည်းက မဲအပြတ်အသတ် အနိုင်ရအောင် ကြိုးစား လုပ်ဆောင်သွားမယ်လို့ ပြီးခဲ့တဲ့ ဗဟိုကော်မီတီ စည်းဝေးပွဲအပြီးမှာ ပါတီရဲ့ ဒုတိယဥက္ကဌ (၂) လည်းဖြစ်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်လည်းဖြစ်တဲ့ ဒေါက်တာ ဇော်မြင့်မောင်က ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် NLD အနေနဲ့ ပါတီတွင်းမှာဘဲ တိုင်းရင်းသားရေးရာကော်မီတီကို ဖွဲ့စည်းသွားမယ့်အကြောင်းလည်း အဲဒီအချိန်က ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ဒေါက်တာဇော်မြင့်မောင်ရဲ့ အဲဒီလို ပြောဆိုမှုဟာ NLD အနေနဲ့ ကျန်တဲ့ နိုင်ငံရေးပါတီငယ်လေးတွေအပါအဝင် တိုင်းရင်းသားပါတီတွေနဲ့ ပူးပေါင်းဆောင်ရွက်တာ၊ မဟာမိတ်ဖွဲ့တာတွေ လုပ်ဆောင်မယ်ဆိုတဲ့ အစီအစဉ် မရှိတဲ့သဘော သက်ရောက်စေတာကြောင့် ဒီအပေါ် တိုင်းရင်းသားပါတီတွေနဲ့ နိုင်ငံရေးအကဲခတ်တွေဘက်က ဝေဖန် ပြောဆိုမှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိန်းကတော့ NLD အနေနဲ့ မုံရွအောင်ရှင်ပြောသလို ကိုယ်စားလှယ်လောင်းရဲ့ အရည်အချင်းအပေါ် မူတည်ပြီး ရွေးချယ်မယ်ဆိုရင်တော့ ရလဒ်ကောင်းတွေ ထွက်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။

“အဲဒီလိုလုပ်နိုင်ရင်တော့ ရလဒ်က အများကြီးကောင်းသွားနိုင်တာပေါ့။ ကျနော့်အမြင်လေ။ အဲဒီလိုမလုပ်ဘဲနဲ့ အရင်အတိုင်းဘဲပေါ့ဗျာ၊ မူဝါဒအပေါ်မှာ အခြေခံပြီးတော့ ရွေးတဲ့ဘက်ကိုသွားတာမျိုး မဟုတ်သေးဘူး ဖြစ်နေတယ်။ ဥပမာ မူဝါဒဆိုတာ သူတို့ ချမှတ်ထားတဲ့ မူဝါဒဆိုတာက အရမ်း Vague ဖြစ်လွန်းအားကြီးတယ်။ အဲဒီတော့ ဒီလိုမဟုတ်ဘဲနဲ့ တကယ့်ကို အသေးစိတ်၊ တိကျတဲ့၊ ခိုင်မာတဲ့ မူဝါဒအပေါ်မှာ အခြေခံပြီးတော့ ကိုယ်စားလှယ်လောင်း ရွေးချယ်တာမျိုး ဖြစ်မယ်ဆိုရင်တော့ ဒါ ၂၀၂၀ ရွေးကောက်ပွဲမှာ လူထုရဲ့ စိတ်ဝင်စားမှုရော၊ နောက် အပြောင်းအလဲကို ဆက်ပြီး သယ်ဆောင်နိုင်မှု အပိုင်းမှာရော အလားအလာ ကောင်းနိုင်တယ်လို့ မြင်တယ်။”

ဒါပေမယ့်လည်း အခုလို ပြောဆိုမှုတွေ အရင်ကလည်း ရှိခဲ့ဘူးတာကြောင့် NLD အနေနဲ့ လက်တွေ့မှာ တကယ် ပြောင်းလဲမှုကို လုပ်ဆောင်မယ်၊ မလုပ်ဆောင်ဘူးဆိုတာကတော့ စောင့်ကြည့်ရဦးမယ်လို့ ဒေါက်တာ ရန်မျိုးသိန်းက ပြောပါတယ်။

ကိုယ်စားလှယ်လောင်းတွေရဲ့ အရည်အသွေးနဲ့ ပတ်သက်လို့ ပါတီ၊ ရပ်မိ ရပ်ဘနဲ့ ပြည်သူလူထုကပါ ဆန်းစစ်အကဲဖြတ်နိုင်တဲ့ အခွင့်အလန်းမျိုးကိုလည်း ပေးနိုင်ဖို့ လိုတယ်လို့ ဒေါက်တာ ရန်မျိုးသိန်းက ပြောပါတယ်။ ဒါ့အပြင် ပါတီရဲ့ ကိုယ်စားလှယ်လောင်း ရွေးချယ်ရေးနဲ့ပတ်သက်တဲ့ မူဝါဒကို ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က တရားဝင် အတည်ပြု ထုတ်ပြန်တဲ့ မူဝါဒမဖြစ်သေးသ၍ အခုလို ပြောဆိုမှုတွေဟာ ပါတီက ၂၀၂၀ ရွေးကောက်ပွဲအတွက် တကယ်ကိုင်ဆွဲမယ့် မူဝါဒလို့ ယူဆဖို့ ခက်နေသေးမှာဖြစ်ကြောင်း ဒေါက်တာ ရန်မျိုးသိန်းက ပြောပါတယ်။

........................................

{Unicode}


















တိုက်ရိုက် လင့်ခ်


XS
SM
MD
LG