သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင် NLD ကိုယ်စားလှယ်လောင်းများ ဖမ်းခံရတဲ့ကိစ္စ ရှင်းရှင်းလင်းလင်းမသိရသေး


ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ NLD ရုံး။ (ဇူလိုင် ၂၄၊ ၂၀၁၉)
ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ NLD ရုံး။ (ဇူလိုင် ၂၄၊ ၂၀၁၉)

[Zawgyi/Unicode]

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှာ ရွေးကောက်ပွဲအတွက် စည်းရုံးရေးဆင်းနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း ၃ ယောက်ကို လက်နက်ကိုင်တွေ ဖမ်းဆီးသွားတဲ့ ကိစ္စနဲ့ ပတ်သက်လို့ အခုအချိန်အထိ ရှင်းရှင်းလင်းလင်း မသိရသေးတဲ့အတွက် လုပ်ဖော်ကိုင်ဖက်တွေ စိုးရိမ်နေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုသက်နိုင်က ရခိုင်ကနေ သတင်းပေးပို့ထားပါတယ်။

ရှေ့လရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ကြမယ့် NLD ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ၃ ဦး တောင်ကုတ်မြို့နယ် ဖောင်းကားကျေးရွာမှာ မနေ့တုန်းကပဲ ဘယ်အဖွဲ့အစည်းကမှန်း မသိရတဲ့ လက်နက်ကိုင်တွေ ဖမ်းဆီးခေါ်ဆောင်သွားတာပါ။

ဖမ်းဆီးမှုနဲ့ ပတ်သက်လို့ ဘယ်အဖွဲ့အစည်းကမှ သူတို့လက်ချက်ဆိုပြီး ထုတ်ဖော်ပြောဆိုတာမျိုး မရှိသေးသလို အာဏာပိုင်တွေ ကိုယ်တိုင် ရှင်းရှင်းလင်းလင်း မသိသေးဘူးလို့ လည်း တောင်ကုတ်မြို့နယ် NLD ပါတီ ပြောခွင့်ရ ဦးတင်သိန်းအောင်ကပြောပါတယ်။

"လောလောဆယ်တော့ ကျနော်တို့ သတင်းနားထောင်နေရုံပဲ ရှိတယ်။ အဆက်အသွယ်လည်းမရှိဘူး။ ဘာမှလည်း သတင်းထူးတွေဘာတွေ မရသေးပါဘူး။ ရဲတပ်ဖွဲ့မှာတော့ ကျနော်တို့ အမှုဖွင့်ထားတာရှိတယ်။ ရဲတပ်ဖွဲ့မှာတော့ မနေ့က ပြဿနာကဘာလဲဆိုတော့ အဆက်အသွယ်မရတဲ့အတွက် ရဲတပ်ဖွဲ့လည်း ဘာမှမသိဘူး။ ကျနော်တို့လည်း ဘာမှမသိသေးပါဘူးခင်ဗျာ။"

တပ်မတော်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေမှာ နိုင်ငံရေးသမားတွေ ဖမ်းဆီးခံရတာ သတ်ဖြတ်ခံရတာမျိုးတွေ အရင်ကလည်း ရှိခဲ့ဘူးပါတယ်။ မနေ့တုန်းက ဖမ်းဆီးချိန်မှာ ရှိနေခဲ့သူ တချို့ကတော့ AA အဖွဲ့ဝင်တွေ ဖြစ်နိုင်ကြောင်း ခန့်မှန်းပြောဆိုနေတဲ့ အပေါ်မှာတော့ တောင်ကုတ်မြို့နယ် NLD ပါတီ ပြောခွင့်ရ ဦးတင်သိန်းအောင်က အခုလို မှတ်ချက်ပေးခဲ့ပါတယ်။

"ပုဂ္ဂိုလ်ရေးအရ သူတို့ပြောတာတော့ ကျနော်တို့ မကန့်ကွက်ပါဘူး။ ဒါပေမဲ့ ကျနော်တို့ တာဝန်ရှိတဲ့ အဖွဲ့အစည်းအနေနဲ့ကတော့ ဘယ်အဖွဲ့အစည်းလို့ ကျနော်တို့ တပ်အပ် သေချာမသိသေးတဲ့အတွက်ကြောင့် ဘယ်အဖွဲ့ကလို့ ကျနော်တို့ မပြောချင်ဘူးဗျာ။ AA လည်း ဖြစ်ချင်ဖြစ်မယ် တခြားလက်နက်ကိုင် အဖွဲ့လည်း ဖြစ်ချင်ဖြစ်မယ်။ ကျနော်တို့က စောင့်ကြည့်နေတဲ့ အနေအထားအပဲရှိတယ် တချိန်ချိန်မှာတော့ ဖမ်းဆီးတဲ့ အဖွဲ့အစည်းက ဆက်သွယ်လာလိမ့်မယ်လို့ ကျနော်တို့ ယူဆတယ်။"

လွှတ်တော်ကိုယ်စားလှယ်လောင်း ၃ ယောက် ဖမ်းဆီးမှုနဲ့ ပတ်သက်လို့ ဒေသတွင်းမှာ လက်နက်ကိုင်လှုပ်ရှားနေတဲ့ AA အဖွဲ့နဲ့ တပ်မတော်ဘက်က တစုံတရာ ပြောဆိုတာမျိုး မရှိသေးသလို၊ တပ်မတော်နဲ့ ရခိုင်ပြည်နယ် လုံခြုံရေး တာဝန်ရှိသူတွေကိုလည်း ဆက်သွယ်မေးမြန်းလို့ မရပါဘူး။

တချိန်တည်းမှာပဲ စစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်နယ်မှာ ဒီသီတင်းပတ်ထဲ စစ်ရှောင်ဒုက္ခသည် ၇ ယောက်နဲ့ သံဃာတပါးကို တပ်မတော်က ဖမ်းဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။ စစ်တွေမြို့ ဇီးတော တောရပ်ဘုန်းကြီးကျောင်းမှာ လာရောက်ခိုလှုံနေရင်း ဖမ်းဆီးခံခဲ့ရတာလို့လည်း ကျောင်းထိုင်ဆရာတော် အရှင်ခေမာစာရက မိန့်ပါတယ်။

"၁၃ ရက်နေ့ ညနေပိုင်း ၆နာရီလောက်မှာ သူတို့ ရေချမ်းပြင်က ဆင်းလာပြီးတော့ အုန်းရည်ဖော်ကျေးရွာ ဘုန်းကြီးကျောင်းနောက်ကို ဝိုင်းထားတယ်။ ကလေးတွေက ဘုန်းဘုန်းကို လာကြိုတာ၊ လာကြိုရင်း အုန်းရည်ဖော် ကျေးရွာမှာ ဈေးဝင်ဝယ်တာ အဲဒီမှာ အဲကလေးတွေကို ဖမ်းမိတယ်။ ဖမ်းသွားတာကတော့ ကျောင်းကယ်ဆယ် ရေးထဲက သုံးယောက်ပေါ့ နောက် ရသေ့တောင်မြို့နယ် မင်းဂံကျေးရွာက လေးယောက်ပေါ့။ သူတို့က ရသေ့ တောင်မြို့နယ်က လူနာလာပို့တာ အဲမှာ ရသေ့တောင်ကို ပြန်လို့မရတော့လို့ ဘုန်းဘုန်း ဆီမှာခွင့်တောင်ပြီး တစ်ညအိပ်ပြီးတော့ ပြန်မယ်။ လူနာကိုလည်းကြည့်လို့မရဘူး။ ကဒ်မပါလို့ မြို့ထဲကိုလည်း ဝင်လို့မရဘူး။ သူတို့ပါ အဲဒီညနေပိုင်းမှာ ဖမ်းသွားတာ။"

ဖမ်းဆီးခံရသူတွေဟာက အသက် ၂၀ ဝန်းကျင်လူငယ်သုံးဦးကတော့ ပလက်ဝမြို့နယ် သူဌေးကုန်းကျေးရွာက ပြီးခဲ့တဲ့ လေးလလောက်က ထွက်ပြေးလာသူတွေဖြစ်ပြီး ကျန်တဲ့ လေးယောက်ကတော့ ရသေ့တောင်မြို့နယ် မင်းဂံကျေးရွာက အသက် ၄၀ ဝန်းကျင်တွေ ဖြစ်တယ်လို့လည်း အရှင်ခေမာစာရက မိန့်ပါတယ်။

ဖမ်းဆီးခံထားရတဲ့ ပလက်ဝမြို့နယ် သူဌေးကုန်းကျေးရွာကအသက် ၂၀ အရွယ် ကိုနေဆန်းရဲ့ ဖခင်ကတော့ သားဖြစ်သူကို အမြန်ဆုံးပြန်လွှတ်ပေးစေချင်တယ်လို့ ပြောပါတယ်။

"သားပြန်မရောက်လို့ ရှိရင် ထမင်းလည်း မစားချင်ဘူး၊ ဟင်းလည်းမစားချင်ဘူး အဲ့သားတစ်ယောက်ကို အားကိုးနေရတာ ဦးလေးတို့က အသက်လည်းကြီးနေပြီး ၆၀ ကျော်နေပြီ ပြောစရာတော့မရှိပါဘူး သားကို ပြန်လွတ်စေချင်ပါတယ်။"

တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ နိုင်ငံရေးသမားတွေ၊ အစိုးရဝန်ထမ်းတွေနဲ့ အရပ်သားတွေ လက်နက်ကိုင်အဖွဲ့တွေရဲ့ ဖမ်းဆီးမှုတွေ မကြာခဏ ကြုံရလေ့ ရှိပါတယ်။ တပ်မတော်ရော AA အဖွဲ့ကပါ ဖမ်းဆီးတာတွေ ရှိနေသလို ဖမ်းဆီးထိန်းသိမ်းထားစဉ် သေဆုံးမှုတွေလည်း ကြုံရလေ့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]















XS
SM
MD
LG