သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင် အမ်းမြို့နယ်တွင်း လက်နက်ကြီးကျ ဒေသခံတဦးသေဆုံး


ဘူးသီးတောင်မြို့နယ် စိုင်းဒင်ဈေးရွာရောက် စစ်ရှောင်များ။ (ဓါတ်ပုံ -MP Oung Thaung Shway)
ဘူးသီးတောင်မြို့နယ် စိုင်းဒင်ဈေးရွာရောက် စစ်ရှောင်များ။ (ဓါတ်ပုံ -MP Oung Thaung Shway)

[Zawgyi/Unicode]

လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ လက်နက်ကြီးကျည် ကျရောက်ရာက ဒေသခံတွေ ထိခိုက်သေဆုံးမှုတွေ ကြုံနေရသလို၊ သံသယနဲ့ ဖမ်းဆီးခံရမှုတွေလည်း ရှိနေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်က ပြောပြပါမယ်။

အမ်းမြို့နယ် ဒလက်ရွာဟောင်းက ရွာသား ၂ ဦး ငါးဖမ်းနေစဉ် လက်နက်ကြီးကျည် ကျရောက်ရာက တဦးသေဆုံးပြီး၊ နောက်တဦး ဒဏ်ရာရရှိခဲ့တာပါ။ စနေနေ့က လက်နက်ကြီးကျည် ထိမှန်ခဲ့သူထဲက ၁ ဦးဟာ ဒဏ်ရာပြင်း ထန်တာကြောင့် နောက်တရက်မှာပဲ သေဆုံးသွားခဲ့တာလို့လည်း အမ်းမြို့နယ် လူသားချင်းစာနာမှုဆိုင်ရာ စေတနာ့ဝန်ထမ်းတဦးဖြစ်တဲ့ ကိုမျိုးလွင်ကပြောပါတယ်။

“ကျွဲတောင် တောင်တန်းပေါ်မှာ မြန်မာစစ်တပ်ကနေလက်နက်ကြီး စခန်းတွေ ရှိတာပေါ့နော်။ အဲဒီ လက်နက်ကြီးစခန်းတွေက ပစ်လိုက်တဲ့ လက်နက်တွေက ဒလက်ရွာဟောင်းအနီးကို ကျရောက်တယ်ပေါ့နော်။ အဲဒီနေရာမှာ ငါးရှာနေတဲ့ လူနှစ်ဦးရဲ့ လှေပေါ်ကိုကျတယ်ပေါ့။ လှေကနေ နှစ်ပိုင်းပိုင်းသွား တယ်ပေါ့နော်။ ဦးစိန်ဝင်း ၄၅ နှစ် သူ့မှာတာ့ ရင်ဘတ်ဒဏ်ရာ ရတယ်ပေါ့နော်။ အောက်တိုဘာလ ၁၁ ရက်နေ့ ည ၉ နာရီမှာ သူသေဆုံးသွားတယ်။ နောက်တဦးက ဦးသန်းမြင့်ပေါ့နော်။ သူကတော့ ခြေထောက် နှစ်ဘက်ဒဏ်ရာ ရတယ်ပေါ့။ ဘယ်ဘက်ဒဏ်ရာသူ့ ခြေထောက်တွေဖြတ်လိုက်ရတယ်လို့ သိရတယ်ပေါ့။”

ဒဏ်ရာရသူ နောက်တဦးဖြစ်တဲ့ ဦးသန်းမြင့်ဟာလည်း ခြေထောက်ဖြတ်လိုက်ရပေမဲ့ ဆေးရုံဆေးခန်းတွေမှာ ကုသခွင့်မရဘူးလို့ ဒလက်ကျေးရွာသား ခိုင်လင်းသစ်ကပြောပါတယ်။

“ဒီဒဏ်ရာရတဲ့သူကတော့ ဆေးကုသဖို့ဆိုရင် မြန်မာတပ်မတော်ကနေပြီးတော့ ဝင်ခွင့်မပေးဘူး။ အမ်းမြို့ဆေးရုံလည်း လာလို့ မရဘူး။ ကမ်းထောင်းကြီးကိုလည်း လာလို့မရဘူး။ အဲဒီမှာနီးစပ်ရာ နည်းနည်းဆေးအကြောင်း နားလည်တဲ့သူတွေကနေပြီးတော့ ကုပေးနေရတဲ့အဆင့်ပါ။”

မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ ရံဖန်ရံခါ ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေတဲ့ ဒလက်ကျေးရွာတဝိုက်မှာ တပ်မတော်က လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

တချိန်တည်းမှာပဲ အမ်းမြို့နယ်ထဲမှာ ဒေသခံတွေဟာ သံသယနဲ့ ဖမ်းဆီးခံရတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စနဲကျေးရွာအုပ်စုဘက်မှာ ကျေးရွာသားတချို့ ဖမ်းဆီးခံထားရကြောင်းလည်း အမ်းမြို့နယ် လူသားချင်းစာနာမှုဆိုင်ရာ စေတနာ့ဝန်ထမ်း ကိုမျိုးလွင် ကပြောပါတယ်။

“အောက်တိုဘာ ၁၀ ရက်နေ့က အမ်းမြို့နယ်စနဲအုပ်စု စနဲကျေးရွာမှာ ၃ ဦးအဖမ်းခံရတယ်ပေါ့ နော်။ အောက်တိုဘာလ ၁၁ ရက်နေ့မှာ နောက်ထပ် ၂ ဦး အဖမ်းခံရတယ်ပေါ့။ ဒီနေ့အောက်တိုဘာလ ၁၂ ရက်နေ့မှာ နောက်ထပ် ၄ ဦး အဖမ်းခံရတယ်ပေါ့နော်။ အခုလက်ရှိအနေအထား မှာတော့လူ ၉ ဦး အဖမ်းခံနေရတယ်ပေါ့။ တပ်မတော်စစ်ကြောင်းကနေလာဖမ်းတာပေါ့။”

စနဲကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးညီဒဲကတော့ ခရီးလွန်နေတာကြောင့် ဖြစ်စဉ်ကို မသိရသေးပေမဲ့ လူ ၄ ဦးထက်မနည်း အဖမ်းခံထားရကြောင်း အတည်ပြုပါတယ်။

“ကျနော်ကလည်း အဲဒီကိုမရောက်သေးလို့ပါ။ ကျနော်ကြား သိရသလောက်ကတော့ ၄ ယောက် လောက်ကြားလိုက်ရပါတယ်။ ၁၀ ရက်နေ့က ၄ ယောက် ခေါ်သွားတယ်လို့ ပြောတယ်။ ဘာရယ်၊ ဘာကြောင့်ဆိုတော့ အဲဒါ ကျနော်တို့ အတိကျမသိနိုင်ဘူး။”

အမ်းမြို့နယ်အတွင်း ပစ်ခတ်မှုနဲ့ ဖမ်းဆီးမှု အခြေအနေကို သိရှိဖို့ တပ်မတော်ပြောခွင့်ရ သူကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရရှိခဲ့သလို မြို့နယ်အုပ်ချုပ်ရေးမှူးကို ဆက်သွယ်မေးမြန်းရာမှာ ဖြစ်စဉ်ကိုမသိရှိသေးဘူးလို့ ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့ စစ်ရေးတင်းမာမှုဖြစ်စဉ်အတွင်း အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေ ပိုများလာသလို စစ်ရှောင်နေရသူ ၂၂၀,၀၀၀ ကျော် ရှိနေပြီးလို့လည်း ရခိုင်လူမှုအဖွဲ့အစည်းတွေက စာရင်းပြုစုထားပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet ကတော့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေက လက်နက်ကိုင် ပဋိပက္ခတွေအတွင်း အရပ်သား ထိခိုက်သေဆုံးမှု တွေဟာ စစ်ရာဇဝတ်မှု မြောက်နိုင်ကြောင်း ပြီးခဲ့တဲ့လထဲမှာပဲ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ သတိ ပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]














XS
SM
MD
LG