သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျော်ရွှင်မှုပျက်သုဉ်းခဲ့တဲ့ နှစ်ကူးရက်များ


သင်္ကြန်အကျနေ့ ရန်ကုန်မြို့ပြည်သူ့ဥယျာဉ် လမ်းလျှောက်သင်္ကြန်မြင်ကွင်း (ဧပြီ ၁၃ ၊၂၀၂၃)
သင်္ကြန်အကျနေ့ ရန်ကုန်မြို့ပြည်သူ့ဥယျာဉ် လမ်းလျှောက်သင်္ကြန်မြင်ကွင်း (ဧပြီ ၁၃ ၊၂၀၂၃)

လူမျိုးဘာသာပေါင်းစုံ နွှဲပျော်လေ့ရှိတဲ့ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို အာဏာသိမ်းခံထားရတဲ့ မြန်မာနိုင်ငံမှာ ဒီနှစ်ထဲ ကျင်းပခဲ့ပါတယ်။ နိုင်ငံတွင်းက အခြေအနေတွေကြောင့် အရင်လို စည်ကားတာမျိုးတော့ မရှိခဲ့ပါဘူး။ နိုင်ငံတွင်း အတာသင်္ကြန်ရေကစားပွဲနေရာတချို့ ဗုံးကွဲမှုတွေလည်ဖြစ်ခဲ့ပါတယ်။ ရန်ကုန်ကပေးပို့တဲ့သတင်းထောက်မှတ်စုကို ကိုသားညွန့်ဦး ပြောပြပါမယ်။

အခုနှစ် ၂၀၂၃ အတာသင်္ကြန်ပွဲတော် ကျင်းပဖို့ကို စစ်ကောင်စီဘက်က ပြီးခဲ့တဲ့ မတ်လအလယ်လောက်ကတည်းက ပြည်နယ်နဲ့တိုင်း နေရာဒေသအသီးသီးမှာ ပြင်ဆင်ခဲ့တာပါ။ အဲဒီလို စီစဉ်ထားတဲ့အတိုင်း စစ်ကောင်စီရဲ့ ဌာနဆိုင်ရာ ဗဟိုမဏ္ဍပ်တွေနဲ့ လမ်းလျှောက်သင်္ကြန်တွေ မဏ္ဍိပ်ငယ်တွေနဲ့ ဒီနှစ်သင်္ကြန်ပွဲတော်ကို ကျင်းပခဲ့ကြပါတယ်။ ဒါပေမဲ့လည်း နှစ်စဉ်ကျင်းပနေတဲ့ သင်္ကြန်ပွဲတော်ဟာ ကိုဗစ်ကပ်ရောဂါမတိုင်ခင် ၂၀၁၉ ခုနှစ်တုန်းကပဲ နောက်ဆုံးအနေနဲ့ စည်ကားခဲ့တာပါ။ အခုနှစ်မှာတော့ နိုင်ငံရေးအခြေအနေတွေကြောင့်ပါ သင်္ကြန်ရေကစားသူ အနည်းငယ်သာ ရှိခဲ့တယ်လို့ နေရာဒေသအသီးသီးက ဒေသခံတွေဟာ သူတို့နယ်မြေက သင်္ကြန်ရက်အခြေအနေတွေကို ပြောပြပါတယ်။

ကျောင်းသားသမဂ္ဂအဖွဲ့ဝင် လူငယ်တွေ၊ အာဏာရှင်ဆန့်ကျင်ရေး အင်အားစုတွေက အခုနှစ်သင်္ကြန်မှာ တိုင်းပြည်ရဲ့ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို အွန်လိုင်းပေါ်ကနေ သံချပ်ထိုး သရော်တာတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီနှစ် ၂၀၂၃ သင်္ကြန်သံချပ်တွေထဲမှာ စစ်တပ်နဲ့ ပတ်သက်တဲ့ ထုတ်ကုန်တွေ မသုံးဖို့နဲ့ စစ်ကောင်စီက ပြည်သူတွေရဲ့ အိုးအိမ်တွေကို ဖျက်ဆီးတာ၊ ပြည်သူတွေကို ညှဉ်းပန်းနှိပ်စက်တာအပြင် မီးရှို့သတ်ဖြတ်တာတွေကို အဓိက ဖော်ပြခဲ့ကြပါတယ်။ သံချပ်တွေထဲ စစ်ကောင်စီရဲ့ အတိုက်အခံ NUG အဖွဲ့ အနေနဲ့လည်း ပြည်သူတွေအတွက် ထိထိရောက်ရောက် အလုပ်လုပ်ဖို့ တောင်းဆိုသံတွေ ကြားရပါတယ်။

စစ်ကောင်စီက သူ့လက်ထက်မှာ တိုင်းပြည်တည်ငြိမ်မှု ရှိတယ်ဆိုတာကို ပြလိုတဲ့ဆန္ဒနဲ့ အခုနှစ်သင်္ကြန်ပွဲကို စည်ကားအောင် ပြင်ဆင်ခဲ့ပေမယ့်၊ ပြည်တွင်းပဋိပက္ခရဲ့ အရိပ်အယောင်ကတော့ ဒီသင်္ကြန်မှာ ပေါ်လွင်နေတယ်လို့ လေ့လာသူတွေယူဆပါတယ်။ သင်္ကြန်ရက်တွေမှာ ဖျော်ဖြေရေးမဏ္ဍိုပ်တချို့ ပေါက်ကွဲမှုရှိခဲ့သလို၊ ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသူတွေလည်း ရှိခဲ့ပါတယ်။ သင်္ကြန်အကြိုနေ့တုန်းက လားရှိုးမြို့က ဗဟိုမဏ္ဍပ်အနီးမှာ ပေါက်ကွဲမှုတခုဖြစ်ခဲ့ပြီး သေဆုံးသူ ၄ ဦးထက်မနည်း ရှိခဲ့ပါတယ်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာလည်း သင်္ကြန်အကြတ်နေ့ မနက်ပိုင်းတုန်းက စစ်ကောင်စီရဲ့ ပြည်နယ်အစိုးရအဖွဲ့ ဗဟိုမဏ္ဍပ်ကို အဝေးထိန်း ဒရုန်းယာဉ်နဲ့ ဗုံးပစ်ချဖောက်ခွဲခဲ့လို့ ၂၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာတော့ ကလေးတွေ အပါအဝင် ရေကစားနေတဲ့ မဏ္ဍပ်ပေါ်ကို ဒရုန်းသုံးပြီး ဗုံးချဖောက်ခွဲတာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ပေါက်ကွဲမှုကြောင့် အမျိုးသား ၁၅ ယောက်၊ အမျိုးသမီး ၁၃ ယောက်၊ စုစုပေါင်း ၂၈ ယောက် ထိခိုက်ဒဏ်ရာရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဗုံးပစ်ချခံရတဲ့ မဏ္ဍပ်အနီးမှာ နေထိုင်တဲ့ ဒေသခံတဦးကတော့ ပေါက်ကွဲမှုကြောင့် စစ်ကောင်စီဘက်က ဒဏ်ရာရသူထဲ ဗိုလ်ကြီး ၂ ဦးလည်း ပါဝင်တယ်လို့ ပြောပါတယ်။

မြန်မာရဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ ကိုဗစ်ကပ်ရောဂါအလွန် အခုနှစ်သင်္ကြန်ကို ပထမဆုံးအကြိမ်အဖြစ်နဲ့ ပျော်ပျော်ရွှင်ရွှင် ပြန်ပြီးဆင်နွှဲ နိုင်ခဲ့ကြပါတယ်။ တဘက်မှာ သင်္ကြန်ရေကစားသူတွေနဲ့ ပျော်ရွှင်စရာပွဲတော်အဖြစ် ဆင်နွှဲနိုင်ချိန်မှာ တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံတော်လှန်ရေး အဖွဲ့တွေကြားက ပစ်ခတ်မှုတွေကြောင့် ဒေသခံ ၃၀၀ ဝန်းကျင်ဟာ ထိုင်းနိုင်ငံ၊ ရနောင်းဘက်ကို ဧပြီလ ၁၆ ရက်၊ သင်္ကြန်အတက်နေ့တုန်းက ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

သင်္ကြန်အပြီး မြန်မာနှစ်ဆန်း ၁ရက်နေ့မှာတော့ အကျဉ်းသား ၃ ထောင်ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့တုန်းက အကျဉ်းထောင်တွေကနေ ပြန်လွှတ်ပေးလိုက်တဲ့ သူတွေထဲ နိုင်ငံရေးအကျဉ်းသားက အနည်းငယ်သာ ပါဝင်တယ်လို့ နိုင်ငံရေးလှုပ်ရှားသူတွေက ပြောပါတယ်။ စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အပေါ် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က သူ့ရဲ့သဘောထားကို အခုလိုပြောပါတယ်။

"သူတို့က နိုင်ငံရေးထွက်ပေါက် အတွက်လည်း ဒီနှစ်ကူးအခါ သမယမှာ အဲဒီအတွက် အထိမ်းအမှတ်ပုံစံမျိုးတွေ သူတို့လွှတ်တာ ရှိတဲ့အတွက်မို့ နံပါတ် ၁ ကတော့ နိုင်ငံရေးအမြတ်ထုတ်ဖို့ရယ်၊ နိုင်ငံတကာ ဖိအားတွေလျော့ဖို့နဲ့ သူတို့ရဲ့ တရားဝင်မှုကို ပြသဖို့ ရည်ရွယ်တယ်ပေါ့။ နောက်တခုကတော့ သူ့မှာ နိုင်ငံရေးစိတ်စေတနာ မရှိဘူး။ နိုင်ငံရေးစိတ်စေတနာ မပါတဲ့အခါကျတော့ နိုင်ငံရေးအကျဉ်းသားတွေကို အဓိကထား ဦးစားပေးပြီးတော့ လွှတ်ပေးဖို့အစီအစဉ်က သူ့မှာ နဂိုကတည်းက မရှိတာလေ။ နိုင်ငံရေး အကျဉ်းသားတွေကို မလွတ်ပေးရတာကလည်း နိုင်ငံရေးအကျဉ်းသားတွေအပေါ်မှာ အာဃာတနဲ့ ရန်သူလို သတ်မှတ်ထားတဲ့အတွက်ကြောင့် သူတို့ မလွှတ်ပေးရခြင်း ဖြစ်တယ်လို့တော့ ရှုမြင်ပါတယ်။"

မြန်မာတို့ရဲ့ ရိုးရာယဉ်ကျေးမှုတွေနဲ့ ပျော်ပွဲရွှင်ပွဲတွေ စုစည်းရာရက်မြတ်ဖြစ်တဲ့ သင်္ကြန်ပွဲတော်မတိုင်မီလေးမှာပဲ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အထူးသဖြင့် စစ်ကိုင်းတိုင်းထဲက ပဇီကြီးကျေးရွာမှာ ကလေးငယ်တွေအပါအဝင် လူအစုအလိုက်အပြုံလိုက် သေဆုံးခဲ့တဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။ မြန်မာနှစ်ဆန်း ၁ ရက်နေ့ဟာလည်း ပဇီကြီးဖြစ်စဉ်မှာ သေဆုံးခဲ့သူတွေရဲ့ ရက်လည်နေ့ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ကွယ်လွန်သူတွေကို အမျှအတန်းပေးဝေဖို့ အခြေအနေမပေးခဲ့သလို သေဆုံးသူတချို့ရဲ့ ရုပ်အလောင်းကိုလည်း ရှာဖွေနေရတုန်းပါ။

အာဏာသိမ်းစစ်ခေါင်းဆောင်အဖြစ် သတ်မှတ်ခံထားရတဲ့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နာမည်ဆိုးနဲ့ ကျော်ကြားသူ အာဏာရှင်ခေါင်းဆောင်အဖြစ် ကမ္ဘာကျော် Time မဂ္ဂဇင်းကြီးက ဖော်ပြထားပါတယ်။ Time မဂ္ဂဇင်းရဲ့ အခုနှစ် ၂၀၂၃ အတွက် ကမ္ဘာပေါ်က ဩဇာလွှမ်းမိုးမှု အရှိဆုံးနဲ့ အကျော်ကြားဆုံး လူပုဂ္ဂိုလ် ၁၀၀ စာရင်းထဲမှာ ထည့်သွင်းထားတာပါ။

လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး G-7 စက်မှုထိပ်သီး နိုင်ငံခြားရေးဝန်ကြီးတွေက စစ်ကောင်စီကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချထားပါတယ်။ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းတွေ အဆုံးသတ်ရေး၊ အာဆီယံရဲ့ ဘုံသဘောတူညီချက်တွေနဲ့ အကြမ်းဖက်မှု ချက်ခြင်းရပ်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံထားရသူ အားလုံးကိုလွှတ်ပေးဖို့နဲ့ ကုသလမဂ္ဂလုံခြုံရေးကောင်စီက ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ကို အကောင်အထည်ဖော်နိုင်ရေးကို G-7 နိုင်ငံတွေအနေနဲ့ ထောက်ခံအားပေးတဲ့အကြောင်းလည်း အစည်းအဝေးအပြီး ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှု အများဆုံးရှိနေပြီး၊ လေကြောင်းရန် အကာအကွယ်ပေးရေးစနစ် နည်းပညာအကူအညီ ရရှိဖို့ ကြိုးပမ်းနေတယ်လို့ NUG ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက VOA ကိုပြောပါတယ်။

"အကြမ်းဖက်စစ်ကောင်စီကို အမြစ်ပြတ်တဲ့အထိ ချေမှုန်းဖို့က နည်းပေါင်းစုံကျင့်သုံးလျှက် ရှိပါတယ်။ ဒါကတော့ အားလုံးသိပြီးသားပါ။ နိုင်ငံရေး၊ လက်နက်ကိုင်စစ်ရေး၊ နောက်တခါ စီးပွားရေးပိတ်ဆို့မှု၊ နောက်ပြီး သူတို့ရဲ့ ဝါဒဖြန့်မှုကို ကျနော်တို့ တုန့်ပြန်ပြီးတော့ မှန်ကန်တဲ့သတင်းတွေနဲ့ လုပ်ဆောင်တာ၊ ဒါမျိုး အဆင့်လိုက် အဆင့်လိုက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ပြည်သူတွေ ဒီလိုမျိုး ဆက်ပြီးတော့ သေကြေပျက်စီးတဲ့ဟာမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အဖြစ်များတာဖြစ်တယ်။ အဲဒါကြောင့်မို့လို့ ကျနော်တို့က ပြည်သူတွေကို လေကြောင်းရန်အချက်ပေးတဲ့ သတိပေးစနစ်တွေကို ဒါတွေကို ထူထောင်နိုင်ဖို့အတွက် လုပ်ဆောင်ပါ့မယ်။ ဒါက အရေးကြီးပါတယ်။ အဲဒီတော့ အဲဒီနေရာမှာ ကျနော်တို့ ကိုယ်ရနိုင်တဲ့ နည်းလမ်း၊ ဆက်သွယ်နိုင်တဲ့ နည်းလမ်းတွေနဲ့ ကျနော်တို့လုပ်ရမှာပါ။ တကယ်လို့များ ကျနော်တို့က တကယ့်ကို အားလုံးကို သတိပေးနိုင်တဲ့ 'လေကြောင်းအချက်ပြစနစ်' ဒါတွေကို ပြည်သူ့အသက်တွေ နောက်ထပ်မသေဖို့အတွက် နိုင်ငံတကာက ကူညီလာဖို့အတွက်လည်း ကျနော်ဆက်ပြီးတော့ တောင်းဆိုရမှာပါ။"

လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားအစုလိုက်အပြုံလိုက် သေဆုံးတဲ့ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး စစ်ကောင်စီအပေါ် နိုင်ငံတကာအသိုက်အဝန်းက ဝေဖန်ပြစ်တင်တာတွေနဲ့ ဖိအားတွေ တိုးလာနေပါတယ်။ စစ်ကောင်စီဘက်ကတော့ အရပ်သားတွေကို တိုက်ခိုက်တာမဟုတ်ဘူးလို့ တုန့်ပြန်ထားပါတယ်။ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Tom Andrews က စစ်ကောင်စီရဲ့ မြန်မာပြည်သူတွေအပေါ် အင်အားသုံး အကြမ်းဖက်တိုက်ခိုက်မှုတွေကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာအနေနဲ့ အကာကွယ်ပေးဖို့ ပျက်ကွက်နေဆဲဖြစ်ကြောင်း ပြောဆိုထားပါတယ်။ ယူကရိန်းနဲ့ ရုရှားအရေးမှာ နိုင်ငံတကာအသိုက်အဝန်းက ပါဝင်ကူညီဆောင်ရွက်ခဲ့သလို မြန်မာ့အရေးမှာလည်း ပါဝင်ဖို့ကို တိုက်ထွန်းထားပါတယ်။

"အဆင့်တစ် အနေနဲ့ မြန်မာနိုင်ငံမှာ ဒီလိုဖြစ်ပျက်ခဲ့တာတွေဟာ လုံခြုံရေးကောင်စီရော၊ နိုင်ငံတကာအသိုင်းအဝိုင်းကပါ မြန်မာပြည်သူတွေကို အကာအကွယ်ပေးဖို့ ပျက်ကွက်ခဲ့တယ်ဆိုတာကို လက်ခံအသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းဘက်က မလုပ်နိုင်ခဲ့ဘူးဆိုတာ ရှင်းပါတယ်။ ဒါဟာ ဘာကိုပြနေလဲဆိုရင် မြန်မာနိုင်ငံမှာ အပြစ်မဲ့သူတွေ၊ ကလေးသူတွေရဲ့ အသက်တွေ ပိုပိုပြီးဆုံးရှုံးလာတယ်၊ နိုင်ငံတကာဥပဒေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုပိုပြီးများလာတယ်စတဲ့ အဖြစ်အပျက်တွေ ပိုပိုပြီး များလာနေတာပါ။ နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ မြန်မာစစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေ တိုးလာနေတာကို ရပ်တန့်ဖို့ လိုအပ်နေပါတယ်။ မြန်မာပြည်သူတွေကို အကာအကွယ်ပေးဖို့ ပျက်ကွက်နေတယ်ဆိုတာကို လက်ခံရမှာ ဖြစ်ပါတယ်။ ဒါက အဆင့်တစ် ဖြစ်ပါတယ်။ အဆင့် နှစ်ကတော့ စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ရပ်တန့်ရေး နည်းလမ်းပေါင်းစုံ ရှာဖွေရမှာ ဖြစ်ပါတယ်။ ယူကရိန်းကို ရုရှားကျူးကျော်ပြီးနောက် လုံခြုံရေးကောင်စီက အရေးယူဖြေရှင်းရေး ဆုံးဖြတ်ချက်ချဖို့ ဆန္ဒမရှိဘူး ဆိုတာတောင် နိုင်ငံတကာအသိုင်းအဝိုင်းက မဟာမိတ်အဖွဲ့ ဖွဲ့ခဲ့ပါတယ်။ ယူကရိန်းပြည်သူတွေကို ကူညီဖို့ မဟာဗျူဟာကို အဲဒီမဟာမိတ် အဖွဲ့ကနေ ပေါင်းစပ်ညှိနှိုင်း ချမှတ်ဆောင်ရွက်ခဲ့ကြတယ်။ ရုရှားအပေါ် အပြင်းအထန်ဆုံး ဖိအားပေးဖို့နဲ့ ယူကရိန်းပြည်သူတွေကို အထိရောက်ဆုံး ပံ့ပိုးကူညီပေးဖို့ ကမ္ဘာ့နိုင်ငံတွေဟာ အတူတကွ ပူးပေါင်း လုပ်ဆောင်ခဲ့ကြတယ်။ ဒီနည်းလမ်းအတိုင်း မြန်မာပြည်သူတွေအတွက် နိုင်ငံတကာက ဆောင်ရွက်ပေးဖို့ လိုအပ်နေပါတယ်။"

စစ်ကောင်စီဘက်ကတော့ သူ့ကို ဆန့်ကျင်သူမှန်သမျှ ဘယ်အဖွဲ့ကိုမဆို အောင်မြင်အောင် ချေမှုန်းသွားမယ်လို့ ပြောဆိုထားပါတယ်။ လက်နက်ကိုင်ပဋိပက္ခတွေကြားက နိုင်ငံရေးမတည်ငြိမ်ချိန်မှာပဲ အခုနှစ် သင်္ကြန်ပွဲတော်ကို စည်စည်ကားကားလုပ်နိုင်ဖို့ စစ်ကောင်စီက ကြိုးပမ်းပေမယ့်၊ စစ်ပွဲတွေ၊ အိုးအိမ်မဲ့သူတွေ၊ သေဆုံးခဲ့ရသူတွေလည်း ရှိနေတာမို့ ဒီသင်္ကြန်ဟာ ပြည်တွင်းပဋိပက္ခအရိပ်လွှမ်းနေတယ်လို့ ဆိုရမှာပါ။

XS
SM
MD
LG