သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ပညာရှင် ၃ ဦး စီးပွားရေးဆိုင်ရာ နိုဘယ်ဆု ပူးတွဲရရှိ


၂၀၂၄ခုနှစ်အတွက် စီးပွားရေးဆိုင်ရာ နိုဘယ်ဆု ပူးတွဲ ရရှိသူတွေအဖြစ် အမေရိကန် စီးပွားရေး ပညာရှင် သုံးဦးကို နိုဘယ်ဆု ရွေးချယ်ရေးကော်မီတီ တော်ဝင်ဆွီဒင် သိပ္ပံအကယ်ဒမီက အခမ်းအနားမှာ ကြေညာနေစဉ် (အောက်တိုဘာ ၁၄၊ ၂၀၂၄)
၂၀၂၄ခုနှစ်အတွက် စီးပွားရေးဆိုင်ရာ နိုဘယ်ဆု ပူးတွဲ ရရှိသူတွေအဖြစ် အမေရိကန် စီးပွားရေး ပညာရှင် သုံးဦးကို နိုဘယ်ဆု ရွေးချယ်ရေးကော်မီတီ တော်ဝင်ဆွီဒင် သိပ္ပံအကယ်ဒမီက အခမ်းအနားမှာ ကြေညာနေစဉ် (အောက်တိုဘာ ၁၄၊ ၂၀၂၄)

၂၀၂၄ခုနှစ်အတွက် စီးပွားရေးဆိုင်ရာ နိုဘယ်ဆု ပူးတွဲ ရရှိသူတွေအဖြစ် အမေရိကန် စီးပွားရေးပညာရှင် သုံးဦးကို ဒီကနေ့ တနင်္လာနေ့မှာ နိုဘယ်ဆု ရွေးချယ်ရေးကော်မီတီ တော်ဝင်ဆွီဒင် သိပ္ပံအကယ်ဒမီက ကြေညာလိုက်ပါတယ်။ MIT လို့ နာမည်ကျော်ကြားတဲ့ မက်ဆာချူးဆက် နည်းပညာတက္ကသိုလ် က အမေရိကန်ပါမောက္ခတွေဖြစ်တဲ့ Daron Acemoglu နဲ့ Simon Johnson, ချီကာဂို တက္ကသိုလ်က ပါမောက္ခ James Robinson တို့ ဒီနှစ်အတွက် စီးပွားရေးပညာရပ်ဆိုင်ရာ နိုဘယ်ဆုရှင်တွေအဖြစ် ရွေးချယ်လိုက်ကြောင်း ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့က အခမ်းအနားမှာ ကြေညာလိုက်တာပါ။

နိုင်ငံတွေကြားထဲမှာ ချမ်းသာကြွယ်၀မှု၊ သာယာ၀ပြောမှု ကွာခြားချက်တွေကို နားလည်နိုင်ဖို့ သူတို့ သုံးဦးဟာ စာတမ်းပြုစုရေးသားခဲ့သူတွေဖြစ်တယ်လို့ ဆွီဒင်နိုင်ငံ စတော့ဟုမ်းအခြေစိုက် နိုဘဲယ်ဆု ရွေးချယ်ရေးကော်မီတီရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ နိုင်ငံတနိုင်ငံရဲ့ သာယာ၀ပြောရေးအတွက် လူမှုအဖွဲ့အစည်းတွေရဲ့ အရေးပါမှုကို သူတို့ဖေါ်ထုတ်နိုင်ခဲ့တဲ့အပြင် တရားဥပဒေစိုးမိုးမှု နည်းပါးပြီး အများပြည်သူအပေါ် အမြတ်ထုတ်တဲ့ အဖွဲ့အစည်းတွေရှိနေတဲ့အတွက် နိုင်ငံတနိုင်ငံရဲ့ တိုးတက်မှုကို ဆုတ်ယုတ်စေတဲ့အကြောင်း ရှင်းရှင်းလင်းလင်း တင်ပြနိုင်ခဲ့သူတွေအဖြစ် သူတို့သုံးဦးကို နိုဘယ်ဆုရွေးချယ်ရေးအဖွဲ့က ဂုဏ်ပြုခဲ့တာဖြစ်ပါတယ်။

မနှစ်က စီးပွားရေးပညာရပ်ဆိုင်ရာ နိုဘယ်လ်ဆုရရှိခဲ့သူကလည်း အမေရိကန် ဟားဗတ်တက္ကသိုလ်က အမျိုးသမီးပါမောက္ခ Claudia Goldi ဖြစ်ပါတယ်။ ကမ္ဘာတဝှမ်းရှိနေတဲ့ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အလုပ်လုပ်ကိုင်ဖို့ အခွင့်အလမ်းနည်းရတဲ့ အကြောင်းအရင်းနဲ့ အမျိုးသမီးတွေအတွက် လုပ်ခလစာ ဘာကြောင့် နည်းပါးရသလဲဆိုတာကို Claudia Goldi သုတေသနပြုစု ရေးသားနိုင်ခဲ့တဲ့အတွက် ကြောင့် နိုဘယ်လ် ဆု ချီးမြှင့်ခံခဲ့ရတာပါ။ သူဟာဆိုရင် နိုဘယ်စီးပွားရေးဆုရှင် ၉၃ ဦးထဲက တတိယမြောက် အမျိုးသမီးဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ဆေး၊ ရူပဗေဒ၊ ဓာတုဗေဒ၊ စာပေနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ နိုဘယ်ဆုတွေကို ကြေညာခဲ့ပြီးဖြစ်ပါတယ်။ နိုဘယ်ဆုရှင်တွေကို နှစ်စဉ်သတ်မှတ်ထားတဲ့ ဒီဇင်ဘာလ (၁၀) ရက်နေ့မှာ အခမ်းအနားနဲ့ ဆွီဒင်နိုင်ငံမှာ ပေးအပ်ချီးမြှင့်မှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG