၂၀၁၉ ခုနှစ်အတွက် နိုဘဲလ်ငြိမ်းချမ်းရေးဆုကို ချီးမြှင့်ခံရသူကတော့ အီသီယိုးပီးယားဝန်ကြီးချုပ် Abiy Ahmed ပါ။ ကင်ညာနိုင်ငံမှာ နေထိုင်နေကြတဲ့ အီသီယိုးပီယားနိုင်ငံဖွားတွေက သူတို့ခေါင်းဆောင်ရဲ့ အောင်မြင်မှုအတွက် ဝမ်းသာနေကြ ပေမယ့် တိုင်းပြည် တည်ငြိမ်ပြီး ညီညွတ်အောင် သူ့ကိုလုပ်စေချင်ကြပါတယ်။
ကင်ညာနိုင်ငံ၊ နိုင်ရိုဘီမြို့တော်ကနေ ဗွီအိုအေ သတင်းထောက် Mohammed Yusuf ပေးပို့ထားတဲ့ သတင်းလွှာကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။
အီသီယိုးပီးယားခေါင်းဆောင်ဟာ တိုင်းပြည်ကို ပုံမှန်အခြေအနေ ပြန်ရောက်အောင်၊ လူထုအနေနဲ့ ငြိမ်းချမ်းတဲ့ဘဝကို အိပ်မက်မက်နိုင်အောင် လုပ်ဆောင်ပေးခဲ့တယ်လို့ ဒီနှစ်အတွက် နိုဘဲလ်ငြိမ်းချမ်းရေးဆု ကြေညာချိန်မှာ နော်ဝေး နိုဘဲလ် ကော်မတီဥက္ကဋ္ဌ Berit Reiss-Andersen က ပြောသွားပါတယ်။
“အီသီယိုးပီးယားမှာ လုပ်စရာတွေ ရှိနေသေးပေမယ့် နိုင်ငံသားအများအပြားအတွက် ပိုပြီးကောင်းမွန်တဲ့ဘဝနဲ့ ပိုပြီး တောက်ပတဲ့အနာဂတ် ရစေခဲ့တဲ့ အရေးပါတဲ့ ပြုပြင်ပြောင်းလဲရေးတွေကို Abiy Ahmed က အစပျိုး လုပ်ဆောင်ခဲ့ပါတယ်။”
အီသီယိုးပီးယား အာဏာရပါတီရဲ့ နိုင်ငံရေး အခွင့်ထူးခံတွေကို ကန့်ကွက်ဆန္ဒပြပွဲကြီးတွေ လအတော်ကြာဖြစ်ပြီးတဲ့နောက်
အသက် ၄၃ နှစ်အရွယ် Abiy Ahmed ဟာ ၂၀၁၈ ခုနှစ် ဧပြီလမှာ ဝန်ကြီးချုပ်ဖြစ်လာတာပါ။
ဝန်ကြီးချုပ်ဖြစ်ပြီးတဲ့နောက် အိမ်နီးချင်း အီရီထရီးယားနိုင်ငံနဲ့ နှစ်ပေါင်းများစွာ ရန်စောင်နေတဲ့အခြေအနေကို အဆုံးသတ်ခဲ့ပြီး အီရီထရီးယားနိုင်ငံရဲ့မြို့တော် Asmara ကို သွားရောက်ခဲ့ပါတယ်။ အီရီထရီးယားသမ္မတ Isais Afwerki ကလည်း အပြန်အလှန် အားဖြင့် အီသီယိုးပီယားနိုင်ငံရဲ့မြို့တော် Addis Ababa ကို လာရောက်ခဲ့ပါတယ်။
တိုင်းပြည်မှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့ရုံသာမက ဆူဒန်၊ တောင်ဆူဒန်၊ ကင်ညာနဲ့ ဆိုမာလီယာနိုင်ငံတွေက အငြင်း ပွားမှုတွေကို ကြားဝင်ဖြေရှင်းပေးခဲ့တဲ့အပေါ်မှာလည်း နိုဘဲလ်ကော်မတီက အသိအမှတ်ပြုခဲ့တာပါ။
Meseret Mengesha ဟာ ကင်ညာနိုင်ငံမှာနေထိုင်နေတဲ့ အီသီယိုးပီယားအဝန်းအဝိုင်းရဲ့ ခေါင်းဆောင်တဦးဖြစ်ပါတယ်။
“အီသီယိုးပီးယားတွေအနေနဲ့ရော အာဖရိကန်တွေအနေနဲ့ပါ ကျနော်တို့ ပျော်ပါတယ်။ ဒီဆုဟာ အီသီယိုးပီးယား အတွက်သာမက အာဖရိကဒေသအတွက်လည်းဖြစ်တယ်လို့ ကျနော်ပြောနိုင်ပါတယ်။ သူဆုရတဲ့အတွက် ကျနော် သိပ်ဝမ်းသာပါ တယ်။”
ဝန်ကြီးချုပ် Abiy ဟာ အာဖရိကတိုက်အတွက် အနာဂတ်အမြော်အမြင် ရှိသူဖြစ်တယ်လို့လည်း Mengesha ကပြောပါတယ်။
“သူ့ရဲ့ အနာဂတ်မျှော်မှန်းချက်က အီသီယိုးပီးယားအတွက်သာ မဟုတ်ပါဘူး။ အရှေ့အာဖရိကအတွက်၊ အာဖရိက ဦးချိုဒေသအတွက်သာမက အာဖရိကတတိုက်လုံးအတွက် သူ့မှာ သိပ်ကိုကြီးမားတဲ့ အနာဂတ်မျှော်မှန်းချက် ရှိတယ်ဆိုတာ အချိန်အများစုမှာ ကျနော်တို့ကို သူပြောနေတာပါ။ ဒီ့ထက်ပိုပြီး သူလုပ်ဆောင်လိမ့်မယ်လို့ ကျနော်မျှော်လင့်ပါတယ်။”
ကြည်းတပ် ထောက်လှမ်းရေး အရာရှိဟောင်းတဦးဖြစ်သူ ဝန်ကြီးချုပ် Abiy က နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးခဲ့ပြီး အရင် အစိုးရရဲ့ ဖိနှိပ်မှုတွေအပေါ် တောင်းပန်ခဲ့ပါတယ်။
Ashenafi Dureso ဟာ ၂၀၀၆ ခုနှစ်မှာ အီသီယိုးပီယားကနေ ထွက်ပြေးပြီး လက်ရှိမှာတော့ ကင်ညာနိုင်ငံမြောက်ပိုင်းက Kakuma ဒုက္ခသည်စခန်းမှာ နေထိုင်နေသူပါ။ Abiy ရဲ့အောင်မြင်မှုကို Dureso က ကြိုဆိုပေမယ့် မကြာသေးခင်နှစ်တွေအတွင်း လူမျိုးစုတွေကြား တင်းမာမှုတွေဖြစ်လာနေတဲ့ အီသီယိုးပီယားနိုင်ငံ တည်ငြိမ်အောင် Abiy အစိုးရက လုပ်စေချင်သူပါ။
“တိုင်းပြည် ငြိမ်းချမ်းတည်ငြိမ်အောင် သူ့ကိုလုပ်စေချင်ပါတယ်။ ကျနော့်ကိုမွေးတဲ့ဒေသမှာ မတည်ငြိမ်တဲ့နေရာတွေ ရှိနေပါတယ်။ Oromia ဒေသက တချို့နေရာတွေဟာ စစ်တပ်ထိန်းချုပ်မှုအောက်မှာ ရောက်နေပါတယ်။ Oromo လူထုကို၊ အထူးသဖြင့် Oromia တောင်ပိုင်းနဲ့ အနောက်ပိုင်းဒေသတွေကို စစ်တပ်ထိန်းချုပ်မှုအောက်ကနေလွတ်အောင် လုပ်စေချင်ပါ တယ်။ အဲဒီအရေးပေါ်အခြေအနေတွေကို ပြန်ရုပ်သိမ်းစေချင်ပါတယ်။”
အီသီယိုးပီယားကို ပြန်သွားဖို့အတွက် လုံခြုံမှုမရှိသေးဘူးလို့ ခံစားရတာကြောင့် သိပ်မကြာခင်မှာပြန်ဖို့ Dureso မှာ အစီအစဉ် မရှိပါဘူး။
Abiy ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကြောင့် လူအများအပြားက သူ့ကို အသိအမှတ်ပြု လေးစားကြပါတယ်။ ဒါပေမယ့်လည်း အပြောင်းအလဲတွေကို မနှစ်မြို့ကြတဲ့ လူပုဂ္ဂိုလ်တွေနဲ့ လူမှုအဝန်းအဝိုင်းတွေဟာ အာဖရိကဦးချိုဒေသက အီသီယိုးပီယားနိုင်ငံ တည်ငြိမ်ရေးမှာ ခြိမ်းခြောက်မှုတခုအဖြစ် ဆက်ရှိနေတုန်းပဲလို့ နိုင်ငံရေးလေ့လာသူတွေက သတိပေးထားပါတယ်။
....................
{Unicode}
အီသီယိုးပီးယား အာဏာရပါတီရဲ့ နိုငျငံရေး အခှင့ျထူးခံတှကေို ကန့ျကှကျဆန်ဒပွပှဲကွီးတှေ လအတောျကွာဖွဈပွီးတဲ့နောကျ