သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုးရီးယား ဒုံးစခန်းပြန်ဆောက်မှု သတင်း Trump သတိထားတုံ့ပြန်


မြောက်ကိုရီးယားက ပင်မ ဒုံးကျည်စမ်းသပ်ရေးနဲ့ ပစ်လွှတ်ရေး စခန်းတခုကို ပြန်လည်တည်ဆောက်နေတဲ့ သတင်းတွေ ရထားတယ်လို့ တောင်ကိုရီးယားနဲ့ အမေရိကန် ပုဂ္ဂလိက သုတေသနဌာန ၂ ခု က ပြောပါတယ်။ ဒီသတင်းတွေနဲ့ ပတ်သက်ပြီး အမေရိကန် သမ္မတ Donald Trump ကတော့ အတည်ပြုပြောဆိုဖို့ရာ စောနေသေးကြောင်းနဲ့ ဒီသတင်းသာ မှန်ခဲ့ရင် မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un အပေါ် သိပ်ကို စိတ်ပျက်မိမှာ ဖြစ်ကြောင်း ပြောပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က စုစည်းတင်ပြပေးမှာပါ။

မြောက်ကိုရီးယားနိုင်ငံ အနောက်မြောက်ဖက် Tongchang-ri ဒေသက Sohae ဂြိုဟ်တုလွှတ်တင်တဲ့ စခန်းမှာ ဆောက်လုပ်ရေး လုပ်ငန်းတွေ ပြန်လည်စတင်နေတယ်လို့ တံခါးပိတ်ကြားနာပွဲမှာ တောင်ကိုရီးယား လွှတ်တော်အမတ်တွေကို ထောက်လှမ်းရေး အရာရှိတွေက အစီရင်ခံ တင်ပြခဲ့တာ ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့ထုတ် တောင်ကိုရီးယား Yonhap သတင်းမှာ ဖေါ်ပြထားတာပါ။

ဝါရှင်တန်အခြေစိုက် မဟာဗျုဟာနဲ့ နိုင်ငံတကာ လေ့လာရေးဌာန (CSIS) ကလည်း အင်္ဂါနေ့ညနေပိုင်းမှာ အစီရင်ခံစာ တစောင် ထုတ်ပြန်ခဲ့ပြီး မြောက်ကိုရီးယားဟာ Sohae စခန်းက ဂြိုဟ်တုပစ်စင်မှာ ဒေါင်လိုက်ပစ်လွှတ်တဲ့ အင်ဂျင် စမ်းသပ်ပစ်စင်နဲ့ သယ်ပို့လမ်းပါတဲ့ အဆောက်အအုံ တွေ အမြန်တည်ဆောက်နေကြောင်း ဂြိုဟ်တုဓာတ်ပုံတွေမှာ တွေ့ရတယ်လို့ ဖေါ်ပြထားပါတယ်။

မြောက်ကိုရီးယားအရေး စောင့်ကြည့် အကဲခတ်နေတဲ့ 38 North ဝဘ်ဆိုဒ်ကလည်း အလားတူ ဖေါ်ပြခဲ့ပြီး ဒီဆောက်လုပ်ရေး လုပ်ငန်းတွေ ကို ဒီနှစ် ဖေဖော်ဝါရီ ၁၆ ရက် ကနေ မတ်လ ၂ ရက်နေ့ အတွင်း စတင်ခဲ့တာလို့လည်း ပြောပါတယ်။

အခုထွက်ပေါ်လာတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး ဗုဒ္ဓဟူးနေ့က အမေရိကန်သမ္မတ Donald Trump ကို သတင်းထောက်တွေက မေးမြန်းရာမှာတော့ သမ္မတက ဒီကိစ္စအတွက် ပြောဖို့ရာ စောနေသေးပေမယ့် ဘာပဲပြောပြော ဒီလို သတင်းထွက်နေတာဟာ မကောင်းကြောင်းနဲ့ ၂ နိုင်ငံဆက်ဆံရေး ကောင်းနေတာ ဖြစ်ပြီး ဒီပြဿနာကို ဖြေရှင်းရမှာ ဖြစ်ကြောင်း ပြောပါတယ်။

“တကယ်လို့ ဒီကိစ္စ တကယ်မှန်နေတယ်ဆိုရင်တော့ ကျနော် အတော့်ကို စိတ်ပျက်မိမှာပါ။ အခုထွက်လာတဲ့ သတင်းတွေက စောနေ ပါသေးတယ်။ ဒီသတင်းသာ တကယ် မှန်တယ် ဆိုရင်တော့ ဥက္ကဌကြီး Kim ကို ကျနော်သိပ် စိတ်ပျက်မိမှာပါ။ ဒါပေမယ့် စိတ်ပျက်ရမယ့် အခြေနေတော့ ရောက်မယ် မထင်ပါဘူး။ ကျနော်တို့ စုံစမ်းကြည့်မှာပါ။ နောက်ဆုံးမှာတော့ ဒါကို ဖြေရှင်းနိုင်ပါလိမ့်မယ်။”

မြောက်ကိုရီးယားက အခုလို တည်ဆောက်နေတဲ့ သတင်းဟာ အမေရိကန်သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တို့ရဲ့ ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲ အပြီး သီတင်းတပတ်အကြာမှာ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ ဖေဖေါ်ဝါရီလ ၂၇ - ၂၈ မှာ ပြုလုပ်ခဲ့တဲ့ ဒုတိယတကြိမ် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တော်က ထိပ်သီးဆွေးနွေးပွဲမှာတော့ မြောက်ကိုရီးယားက နျူကလီးယား လက်နက် ကင်းစင်ရေး အခိုင်အမာ ကတိပေးမှသာ အပြန်အလှန်အနေနဲ့ အမေရိကန်က ပိတ်ဆို့ဒဏ်ခတ်မှုတွေ ဖယ်ရှားပေးဖို့ ပြောဆိုခဲ့ရာက ထိပ်သီးဆွေးနွေးပွဲ ပျက်ခဲ့တာလည်း ဖြစ်ပါတယ်။

ခေါင်းဆောင် ၂ ဦးတို့ဟာ မနှစ်က ဇူလိုင်လထဲ ပထမဆုံးအကြိမ်အဖြစ် စင်္ကာပူနိုင်ငံမှာ သမိုင်းဝင် တွေ့ဆုံခဲ့ပြီးတဲ့နောက် မြောက်ကိုရီးယားက Sohae စခန်း ဖျက်သိမ်းမယ့် အစီအစဉ်တွေ စခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ပထမအကြိမ် ထိပ်သီးအစည်းအဝေးမှာ မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ပဲ့ထိန်းတပ်ဒုံး စမ်းသပ်ပစ်လွှတ်မှုတွေ အဆုံးသတ်ရေးအတွက် တိတိကျကျမဟုတ်တဲ့ သဘောတူညီမှု တရပ်ကို ရခဲ့ကြတာပါ။

အဲဒီထိပ်သီးအစည်းဝေး အပြီး သတင်းစာရှင်းလင်းပွဲမှာ သမ္မတ Trump က မြောက်ကိုရီးယား ခေါင်းဆောင်က ပင်မဒုံးကျည် အင်ဂျင် စမ်းသပ်စခန်းကို ဖျက်သိမ်းမယ်လို့ သူ့ကို ကတိပေးခဲ့ကြောင်း သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ သမ္မတက စခန်းနာမည် အတိအကျ ထုတ်မပြောပေမယ့် ဒီစခန်းဟာ Tongchang-ri ဒေသကဖြစ်ကြောင်း အမေရိကန် အရာရှိတဦးက ပြောကြောင်း ရိုက်တာ သတင်းက ဆိုပါတယ်။

အခုလို မြောက်ကိုရီးယားက ဒုံးလက်နက်စခန်း ပြန်လည်တည်ဆောက်နေတာနဲ့ ပတ်သက်ပြီး တောင်ကိုရီးယား သမ္မတရုံးကို မေးမြန်ခဲ့ပေမယ့် တုန့်ပြန်ပြောဆိုတာ မရှိပါဘူး။ အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင်အေဂျင်စီ IAEA အကြီးအကဲ Yukiya Amano ကလည်း မြောက်ကိုရီးယားဟာ Yongbyon ယူရေနီယံ သန့်စင်စက်ရုံဟာ လည်ပတ်နေဆဲ ဖြစ်ကြောင်း လေးလပတ် အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG