သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်စစ်ကြေညာကြောင်း မြောက်ကိုရီးယားဝန်ကြီး ရှုမြင်


မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Ri Yong Ho
မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Ri Yong Ho

အမေရိကန်က မြောက်ကိုရီးယားကို စစ်ကြောညာခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Ri Yong Ho ကပြောကြားခဲ့ပါတယ်။ ခြိမ်းခြောက်လာရင်တော့ ဒေသတွင်းက အမေရိကန်စစ်လေယာဉ်တွေကို ဖျက်ချတာအပါအဝင် မြောက်ကိုရီးယားအစိုးရဖက်က တန်ပြန်ဆောင်ရွက်မှုတွေလုပ်သွားမယ်လို့လည်း ဆိုပါတယ်။

မြောက်ကိုရီးယားနဲ့ပတ်သက်လို့ အမေရိကန်သမ္မတ Donald Trump က Twitter လူမှုကွန်ယက်ပေါ်မှာ ရေးသားခဲ့တာကို မြောက်ကိုရီးယားဖက်က ခုလိုရည်ညွှန်းပြောကြားခဲ့တာဖြစ်ပါတယ်။ ကုလသမဂ္ဂအထွေထွေညီလာခံမှာ မိန့်ခွန်းပြောကြားခဲ့တဲ့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးက ဒုံးကျည်လူသားရဲ့ အတွေးအမြင်တွေအတိုင်း တင်ဟပ်ပြောတယ်ဆိုရင်တော့ သူတို့သိပ်ကြာကြာခံတော့မှာ မဟုတ်ဘူးလို့ သမ္မတ Trump က Twitter မှာ စနေနေ့က ရေးသားခဲ့တာဖြစ်ပါတယ်။

အမေရိကန်သမ္မတတာဝန်ယူထားသူက ဒီလိုပြောတာဟာ စစ်ကြေညာတယ်ဆိုတာ ရှင်းပါတယ်လို့ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးက New York မြို့မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ မြောက်ကိုရီးယားအပေါ် အမေရိကန်ကစပြီး စစ်ကြေညာတယ်ဆိုတာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးနဲ့ ကမ္ဘာကြီးက မမေ့ဖို့လိုတယ်လို့လည်းဆိုခဲ့ပါတယ်။ မြောက်ကိုရီးယားကို အမေရိကန်က စစ်ကြေညာ ချင်းမရှိဘူးလို့ အိမ်ဖြူတော်ပြန်ကြားရေးတာဝန်ခံ Sarah Sanders ကတုံ့ပြန်ပြီး ခုလိုမြောက်ကိုရီးယားဖက်က ပြောတာဟာ အဓိပ္ပါယ်မရှိဘူးလို့ ပြောပါတယ်။

တကယ်လို့ မြောက်ကိုရီးယားဖက်က ရန်စတဲ့လုပ်ရပ်တွေကို မရပ်ဘူးဆိုရင် မြောက်ကိုရီးယားအရေး သမ္မတက ကိုင်တွယ်တဲ့နေရာမှာ ရွေးချယ်နိုင်တဲ့ စစ်ရေးနည်းလမ်းတွေကို အမေရိကန်စစ်တပ်က သမ္မတကို အသေအချာပြောပြမှာဖြစ်တယ်လို့ Pentagon စစ်ဌာနချုပ်ပြောခွင့်ရသူကလည်း ပြောကြားခဲ့ပါတယ်။ စနေနေ့ကတော့ အမေရိကန်လေတပ်က ဗုံးကြဲလေယာဉ်တွေနဲ့ တိုက်လေယာဉ်တွေဟာ မြောက်ကိုရီးယားအရှေ့ဖက် နိုင်ငံတကာ လေပိုင်နက်ထဲအထိ ပျံသန်းသွားခဲ့ကြပါတယ်။

ကန်စစ်ကြေညာကြောင်း မြောက်ကိုရီးယားဝန်ကြီး ရှုမြင်
please wait

No media source currently available

0:00 0:01:09 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG