သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ချင်းပစ်ဒုံးစမ်းသပ်မှု မြောက်ကိုရီးယားခေါင်းဆောင် ဂုဏ်ယူပြောဆို


တိုက်ချင်းပစ် ပဲ့ထိန်းတပ်မစ်ဇိုင်းဒုံး ဖြစ်ပုံရတဲ့ စမ်းသပ်မှုတခုကို ပထမဆုံးအကြိမ် မနေ့တုန်းက အောင်အောင်မြင်မြင် ပြုလုပ်နိုင်ခဲ့တဲ့အပေါ် မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un က ဂုဏ်ယူပြောဆိုလိုက်ပါတယ်။

လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခန်းအနားတွေ ကျင်းပနေတဲ့ အမေရိကန် အနေနဲ့ သူ့အသုံးအနှုန်းအရ လက်ဆောင်ထုတ်တထုတ်ကို ရလိုက်တဲ့အတွက် ဝမ်းသာနိုင်မှာ မဟုတ်ဘူးလို့ သိပ္ပံပညာရှင်တွေနဲ့ နည်းပညာကျွမ်းကျင်သူတွေကို ပြောကြားခဲ့ကြောင်းလည်း နိုင်ငံပိုင် ကိုရီးယားဗဟိုသတင်းအေဂျင်စီမှာ ပြောပါတယ်။

Hwasong-14 လို့ အမည်ပေးထားတဲ့ မစ်ဇိုင်းဒုံးကိုတော့ တရုတ်နိုင်ငံနဲ့ နယ်စပ်အနီး လေယာဉ်ကွင်းတခုကနေ မနေ့တုန်းက ပစ်လွှတ် စမ်းသပ်ခဲ့တာပါ။

မြောက်ကိုရီးယား ကာကွယ်ရေးတက္ကသိုလ် သိပ္ပံပညာဌာနကတော့ မစ်ဇိုင်းဒုံးဟာ အမြင့် ၂၈၀၂ ကီလိုမီတာနဲ့ အကွာအဝေး ၉၃၃ ကီလိုမီတာအထိ ရောက်ရှိခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။ မစ်ဇိုင်းဒုံးဟာ ၃၉ မိနစ်ကြာ ပျံသန်းပြီးနောက်မှာတော့ ဂျပန်ပင်လယ်ပြင်ထဲ ကျရောက်ခဲ့တာပါ။

ပစ်လွှတ်မှုကို တွက်ချက်သုံးသပ်ခဲ့ကြတဲ့ အမေရိကန် ကျွမ်းကျင်သူတွေကတော့ မစ်ဇိုင်းဒုံးဟာ အမေရိကန် ပြည်ထောင်စု အလက်စကား ဒေသအထိ ရောက်နိုင်တယ်လို့ ယူဆကြပါတယ်။ ကိုရီးယား ဗဟိုသတင်းအေဂျင်စီ ကတော့ ပြုံးပျော်နေတဲ့ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un က အမေရိကန်ကို မကြာခဏ လက်ဆောင် ကြီးငယ်တွေ ပို့ပေးဖို့ သိပ္ပံပညာရှင်တွေကို တိုက်တွန်းခဲ့ကြောင်း ဖော်ပြခဲ့တာပါ။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ကတော့ မြောက်ကိုရီးယားရဲ့ မစ်ဇိုင်းဒုံးစမ်းသပ်မှုကို အတည်ပြုတဲ့ ကြေညာချက်တရပ် ထုတ်ပြန်လိုက်ပြီး၊ စမ်းသပ်မှုဟာ အမေရိကန်နဲ့ မဟာမိတ်၊ မိတ်ဆွေတွေ သာမက၊ ကမ္ဘာကြီးကိုပါ ခြိမ်းခြောက်မှု အသစ်တရပ်ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှု အန္တရာယ်ကို တားဆီးဖို့ တကမ္ဘာလုံး အတိုင်းအတာနဲ့ ဆောင်ရွက်ဖို့ လိုအပ်ကြောင်းလည်း ပြောဆိုခဲ့တာပါ။ မြောက်ကိုရီးယား အလုပ်သမားတွေကို လက်ခံထားတဲ့ တိုင်းပြည်တွေ၊ စီးပွားရေး၊ စစ်ရေး အကူအညီ အထောက်အပံ့တွေ ပေးအပ်နေတဲ့ နိုင်ငံတွေနဲ့ ကုလသမဂ္ဂက ချမှတ်ထားတဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေကို လိုက်နာ အကောင်အထည်ဖော်ဖို့ ပျက်ကွက်တဲ့ နိုင်ငံတွေဟာ အန္တရာယ်ကြီးမားတဲ့ မြောက်ကိုရီးယားကို အားပေးရာ ရောက်ကြောင်းလည်း ဝန်ကြီး Tillerson ကပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG