သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားကို ဖိအားဆက်ပေးဖို့ ကန်-တရုတ် သဘောတူ


မြောက်ကိုရီးယားက သူ့ရဲ့ Nuclear နဲ့ ဒုံးလက်နက်အစီအစဉ်တွေကို ထာဝရ မဖျက်သိမ်းသရွေ့ မြောက်ကိုရီးယားအပေါ် အရေးယူဒဏ်ခတ်မှုတွေ ဆက်ထားရှိဖို့ သမ္မတ Donald Trump နဲ့ တရုတ်သမ္မတ Xi Jinping တို့ အင်္ဂါနေ့က သဘောတူခဲ့ကြတယ်လို့ အိမ်ဖြူတော်က ပြောကြားခဲ့ပါတယ်။

တရုတ်သမ္မတနဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တို့ ဒုတိယအကြိမ်မြောက် မတွေ့ဆုံခဲ့ပြီး နာရီပိုင်းအကြာ အင်္ဂါနေ့မနက်က အမေရိကန်နဲ့ တရုတ်သမ္မတတို့ တယ်လီဖုန်းနဲ့ ဆက်သွယ်စကားပြောခဲ့ကြတာဖြစ်ပါတယ်။

သမ္မတ Trump နဲ့ Kim Jong Un တို့ မကြာခင်တွေ့ဆုံကြမယ့်အစီအစဉ်ကို သူ့အနေနဲ့ ထောက်ခံတယ်လို့ သမ္မတ Xi ကပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယားအစိုးရဖက်က လုံခြုံရေးစိုးရိမ်မှုတွေကို အမေရိကန်ဖက်က ထည့်တွက်မယ်လို့ မျှော်လင့်ကြောင်းလည်း တရုတ်သမ္မတက ပြောကြားခဲ့တယ်လို့ တရုတ်အစိုးရပိုင်သတင်းတွေမှာ ထုတ်ပြန်တယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo လောလောဆယ် မြောက်ကိုရီးယားကို သွားနေပြီး သူနဲ့ Kim Jong Un တို့တွေ့ဆုံမယ့်နေ့ရက် အချိန် နေရာတွေကို အမေရိကန်နဲ့ မြောက်ကိုရီးယားကြား သဘောတူ ရွေးချယ်ပြီးပြီလို့ သမ္မတ Trump ကအင်္ဂါနေ့က သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။

Kim Jong Un နဲ့ သမ္မတ Xi တို့ ၂ ယောက်ကတော့ တရုတ်နိုင်ငံအရှေ့မြောက်ပိုင်းက Dalian ဆိပ်ကမ်းမြို့မှာ ၂ ရက်ကြာ တေ့ွဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ မတ်လတုန်းကလည်း သူတို့ ၂ ယောက် တရုတ်နိုင်ငံမှာ ပထမတခေါက်တွေ့ဆုံခဲ့ကြပါတယ်။ သမ္မတ Xi နဲ့ သမ္မတ Trump တို့ တယ်လီဖုန်းပေါ်က ဆွေးနွေးမှုအတွင်း အမေရိကန်နဲ့ တရုတ်နိုင်ငံကြား ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မျှတဆက်ဆံရေးထားရှိဖို့ သဓိဌာန်ချထားတယ်ဆိုတာကို သမ္မတ Trump က ထပ်ပြီးပြောခဲ့တယ်လို့လည်း ဆိုပါတယ်။ အမေရိကန်စီးပွားရေးလုပ်ငန်းတွေနဲ့ အလုပ်သမားတွေအတွက် အကျိုးရှိစေမယ့် ဆက်ဆံရေးထားဖို့ ကတိပြုခဲ့တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။ တရုတ်အစိုးရသတင်းစာတွေမှာတော့ ကုန်သွယ်ရေးဆိုင်ရာ အငြင်းပွားမှုတွေကို ဖြေရှင်းဖို့ ၂ နိုင်ငံ နည်းလမ်းရှာသင့်တယ်လို့ သမ္မတ Xi ကသမ္မတ Trump ကိုပြောကြားခဲ့ကြောင်း ရေးသားဖော်ပြကြပါတယ်။

XS
SM
MD
LG