သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump နဲ့ Kim ထိပ်သီးညီလာခံ မြောက်ကိုးရီးယား မျှော်လင့်ချက်


အမေရိကန်သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တို့ရဲ့ ဒုတိယအကြိမ်မြောက် ထိပ်သီးဆွေးနွေးပွဲကို ရှေ့သီတင်းပတ်ထဲမှာ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ကျင်းပတော့မှာဖြစ်ပါတယ်။ ဒီထိပ်သီးဆွေးနွေးပွဲကနေ ဘာရလဒ်တွေ ထွက်ပေါ်နိုင်တယ် ဆိုတာ ခုထိမသဲကွဲသေးပေမယ့် ဒီဟနွိုင်းဆွေးနွေးပွဲကနေ မြောက်ကိုရီးယား ဘက်က အမြတ်ထွက်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းကြပါတယ်။တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့က VOA သတင်းထောက် Steve Miller ရဲ့ သတင်းပေါ် အခြေခံပြီး ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမှာတော့ ဖေဖေါ်ဝါရီ ၂၇ -၂၈ မှာ ကျင်းပမယ့် အမေရိကန်သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တို့ရဲ့ ဒုတိယအကြိမ်မြောက် ထိပ်သီးဆွေးနွေးပွဲအတွက် ပြင်ဆင်နေကြပါပြီ။ ခေါင်းဆောင် ၂ ဦးရဲ့ ဆွေးနွေးပွဲက ဘာရလဒ် ထွက်လာမယ် ဆိုတာ ရေရေရာရာ မသိကြသေးပေမယ့် မြောက်ကိုရီးယားဘက်က ဟိုးအရင်ကတည်းက ထားခဲ့တဲ့ ရည်မှန်းချက်ကတော့ ကိုရီးယား ကျွန်းဆွယ်မှာ အမေရိကန်နဲ့ ကုလတပ်တွေ မရှိရေးဘဲ ဖြစ်တယ်လို့ ဗြိတိန်နိုင်ငံရဲ့ မြောက်ကိုရီးယားဆိုင်ရာ ဒုတိယသံအမတ်ကြီးဟောင်း Thae Yong Ho က အင်္ဂါနေ့က သတင်းထောက်တွေကို ပြောပါတယ်။

Kim Jong Un က သူ့ရဲ့ နှစ်သစ် မိန့်ခွန်းကနေ ကိုရီးယားကျွန်းဆွယ်မှာ ငြိမ်းချမ်ရေးလိုလားတဲ့ အာဏာရှင် တယောက်ဖြစ်လာဖို့ လုပ်မယ်ဆိုတာ ပြောသွားတယ်လို့ Thae က ပြောသွားတာပါ။ Kim က ကိုရီးယား ၂ နိုင်ငံကြားစစ်ရေး ပဋိပက္ခလျော့စေဖို့ ကြားခံနယ် တခု ဖန်တီးပြီး ဒီကြားခံနယ်ကို တဖြေးဖြေး ၂ နိုင်ငံဘက်ကို ချဲ့ယူတာကနေ ကျွန်းဆွယ်တခုလုံး ငြိမ်းချမ်းရေး ရမယ့် နည်းလမ်းကို ချပြခဲ့တယ်လို့ လည်း ရှင်းပြပါတယ်။

တကယ်လို့ စောင့်ကြည့်သုံးသပ်သူတွေ တွက်ထားတဲ့အတိုင်း သမ္မတ Trump က ဟနွိုင်းဆွေးနွေးပွဲမှာ စစ်ပွဲပြီးပြီလို့ ကြေညာခဲ့ရင် ကိုရီးယား ၂ နိုင်ငံကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ မဖြစ်အောင် ကာကွယ်ဖို့ထားတဲ့ ကုလသမဂ္ဂတပ်တွေ ကိုရီးယားကျွန်းဆွယ်မှာ ရှိဖို့ မလိုတော့ဘူးလို့ မြောက်ကိုရီးယားက ကြေညာနိုင်တယ်လို့လည်း ပြောပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် Kim ရဲ့ ရည်မှန်းချက်နဲ့ပတ်သက်ပြီး RAND ကော်ပိုရေးရှင်းရဲ့ ကာကွယ်ရေးဆိုင်ရာ အကြီးတန်း သုတေသန အရာရှိ Bruce Bennett က ဆိုးလ်မြို့က Chey သိပ္ပံကျောင်းဟောပြောပွဲမှာ အခုလို ခန့်မှန်းခဲ့ပါတယ်။

“Kim က ကိုရီးယားကျွန်းဆွယ်မှာ အမေရိကန် မရှိတော့တာကို လိုချင်ပါလိမ့်မယ်။ နောက် တောင်ကိုရီးယားကို ဖိအား ခပ်ကြီးကြီး ပေးနိုင်မယ့် အနေထားရဖို့လည်း သူလုပ်ချင်ပါလိမ့်မယ်။ ဒါတင်မကဘူး သူ့ပြည်တွင်းက ခိုင်မာတဲ့ ထောက်ခံမှုကိုပါ လိုချင်မယ်လို့ ထင်ပါတယ်။”

ခေါင်းဆောင် ၂ ဦးရဲ့ ထိပ်သီးဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး သမ္မတ Donald Trump ကတော့ ဖြစ်လာနိုင်ခြေတွေ အများကြီးရှိနေတယ်လို့ အင်္ဂါနေ့ကပဲ သမ္မတအိမ်ဖြူမှာ သတင်းထောက်တွေကို ပြောပါတယ်။ ဒါဟာ စိတ်သိပ်လှုပ်ရှားဖို့ ကောင်းတဲ့ ဆွေးနွေးပွဲတရပ်လို့ သမ္မတက ပြောပေမယ့် မြောက်ကိုရီးယားဘက်က နျူးကလီယား လက်နက် ဖျက်သိမ်းရေးဟာ အမေရိကန်ရဲ့ အဓိကပန်းတိုင်ဖြစ်နေတာပါ။

“နောက်ဆုံးမှာ ဒီပန်းတိုင်ကို ရောက်မယ်လို့ တွက်ထားပေးမယ့် အချိန်ကိုတော့ ကန့်သတ်မထားပါဘူး။ သူတို့ဘက်က နျူကလီယားလက်နက် စမ်းသပ်မှုတွေ မလုပ်မချင်း ကျနော့်ဘက်က အမြန်တွန်းလုပ်ဖို့ မလိုပါဘူး။ စမ်းသပ်မှုတွေ လုပ်လာမယ် ဆိုရင်တော့ နောက်တမျိုးလုပ်ရမှာပေါ့။”

သမ္မတရဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ သူသာသမ္မတဖြစ်မလာရင် ခုချိန်လောက်ဆို လူသန်းနဲ့ချီ သေဆုံးနိုင်တဲ့ စစ်ပွဲကြီး ဖြစ်နေပြီလို့ ပြောခဲ့ပေမယ့် အင်္ဂါနေ့ကတော့ ၂ နိုင်ငံ ဆက်ဆံရေးဟာ အန္တရာယ် သိပ်မရှိဘဲ တည်ငြိမ်နေတယ်လို့ ပြောပါတယ်။

ဒါပေမယ့် မြောက်ကိုရီးယားဟာ အမေရိကန်အတွက် ဘယ်တုန်းကမှ စစ်ရေးခြိမ်းခြောက်မှု မဖြစ်ခဲ့ဘူးလို့ Thae ကပြောပါတယ်။ ဒါ့အပြင် သမ္မတ Trump ဟာ မြောက်ကိုရီးယားရဲ့ ထောင်ချောက်ထဲ ကျနေတယ်လို့လည်း ဝေဖန်ပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံမှာ သမ္မတ Trump ပြောခဲ့တာနဲ့ အဲဒီဒေသမှာ တကယ်စစ်ဖြစ်နိုင်တယ်လို့ ပြောတာတွေဟာ မဟာဗျူဟာဆိုင်ရာ မဟာအမှားတခု ဖြစ်တယ်လို့ Thae ကပြောသွားတာပါ။

အမေရိကန်နဲ့ မြောက်ကိုရီးယားကြား နျူကလီယားစစ်ပွဲ ဖြစ်နိုင်တယ်ဆိုတာဟာ မြောက်ကိုရီးယားရဲ့ လုပ်ကြံမှုတခုလို့ သူယုံကြည်ကြောင်းပြောပါတယ်။ ဒါ့အပြင် အမေရိကန်နဲ့ ဆက်ဆံရေးအတွက် ယုံကြည်မှုတည်ဆောက်ရေးကို အရေးတကြီး အရင်လုပ်ပြီး၊ နောက်မှ နျူကလီယားလက်နက် ဖျက်သိမ်းရေး လုပ်မယ့် မူဘောင်ကို မြောက်ကိုရီးယားဘက်က တည်ဆောက်နိုင်ခဲ့တယ်လို့လည်း ပြောပါတယ်။

Bennett ကတော့ Kim အနေနဲ့ သူ့ရဲ့ နျူကလီယား လက်နက်အစီစဉ်တွေကို လုံးဝဖျက်သိမ်းဖို့ သဘောတူနိုင်ချေ ရှိမရှိ သူမသိပေမယ့် သမ္မတ Trump က ဘက်က ကြေညာရင်တော့ ကျယ်ပြန့်တဲ့ စစ် အဆုံးသတ်ဖို့ ဖြစ်လာနိုင်သလို တကယ် ငြိမ်းချမ်းမှု ရလာနိုင်တယ်လို့ ဆိုပါတယ်။

ဟနွိုင်ထိပ်သီးအစည်းဝေး အတွက် ပြင်ဆင်ဖို့ မြောက်ကိုရီးယားဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် Stephen Biegun ဟနွိုင်းကို သွားနြေ့ပီ ဖြစ်သလို မြောက်ကိုရီးယား အထူးကိုယ်စားလှယ် Kim Hyok-chol ကလည်း အင်္ဂါနေ့မှာ ဘေဂျင်းကို ရောက်နေတာမို့ ဗီယက်နမ်ကို သွားဖို့ လုပ်နေတာ ဖြစ်နိုင်ပါတယ်။

သမ္မတ Trump နဲ့ တောင်ကိုရီးယားသမ္မတ Moon Jae- in တို့ အင်္ဂါနေ့ တယ်လီဖုန်း ပြောရာမှာတော့ မြောက်ကိုရီးယား နျူကလီယား လက်နက် အမြန်ဖျက်သိမ်းရေးအတွက် အမေရိကန်ဘက်က အကူညီတောင်းလာရင် ကိုရီးယား ၂ နိုင်ငံကြား ရထားလမ်ဖောက်လုပ်တာနဲ့ စီးပွါးရေးပူးပေါင်းဆောက်ရွက်တာတွေ အပါအဝင် မြောက်ကိုရီးယားကို စီးပွါးရေး လမ်းဖွင့်ပေးတဲ့ နည်းနဲ့ တောင်ကိုရီးယားက အမေရိကန်ကို အကူအညီပေးနိုင်ကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG