သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားခေါင်းဆောင် စကာၤပူ ထိပ်သီးညီလာခံ ကုန်ကျစရိတ် ဘယ်သူစိုက်ထုတ်မလဲ


Capella Hotel
Capella Hotel

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ အမေရိကန်သမ္မတ Donald Trumpတို့ စင်္ကာပူမှာ ဇွန်လ ၁၂ ရက်နေ့မှာတွေ့ဖို့စီစဉ်ထားတဲ့ ထိပ်သီးဆွေးနွေးပွဲကို စင်္ကာပူ sentosa ကျွန်းမှာရှိတဲ့ Capella Hotel မှာကျင်းပဖို့ သဘောတူလိုက်တယ်လို့ အိမ်ဖြူတော်ပြောခွင့်ရအမျိုးသမီး Sarah Huckabee Sanders က အင်္ဂါနေ့က လူမှုကွန်ယက်ကနေ တဆင့်ကြေညာလိုက်ပါတယ်။ စီးပွားရေးကျပ်တည်းနေတဲ့ မြောက်ကိုရီးယားခေါင်းဆောင်အတွက် ဘယ်သူက ကုန်ကျစားရိတ် ကို ဘယ်သူက ကျခံမှာလဲဆိုတဲ့ မေးခွန်းတွေလည်းထွက်ပေါ်နေပါတယ်။ အကြောင်းစုံကို ဒေါ်လှလှသန်းက တင်ပြမှာပါ။

အမေရိကန်သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တို့ စင်္ကာပူမှာ ဇွန်လ ၁၂ ရက်နေ့မှာကျင်းပမယ့် ထိပ်သီးညီလာခံကို စင်္ကာပူရဲ့ အပန်းဖြေ sentosa ကျွန်းမှာရှိတဲ့ Capella Hotel မှာ ဒေသစံတော်ချိန် မနက် ၉ နာရီမှာ ကျင်းမယ်လို့ အိမ်ဖြူတော်ပြောခွင့်ရအမျိုးသမီး Sarah Huckabee Sanders က အင်္ဂါနေ့မှာ သူ့ Twitter ကွန်ယက်မှာ ရေးသားဖော်ပြခဲ့ပါတယ်။ ထိပ်သီးညီလာခံအတွက် ကြိုတင်စီစဉ်ဖို့ စင်္ကာပူမှာ ရောက်နေကြတဲ့ အမေရိကန်နဲ့ မြောက်ကိုရီးယားကိုယ်စားလှယ်အဖွဲ့တွေဟာ Capella Hotel မှာ ၄ ကြိမ်တွေ့ဆုံခဲ့ကြပြီး အစီအစဉ်ဆိုင်ရာ အသေးစိတ်အချက်အလက်တွေကို ညှိနှိုင်းခဲ့ကြတာဖြစ်ပါတယ်။

ငွေကြေးကျပ်တည်းနေတဲ့ မြောက်ကိုရီးယားအတွက် ၂၀၁၈ ဆောင်းရာသီ အိုလံပစ်ပွဲတော်တုန်းက ဝင်ရောက်ယှဉ်ပြိုင်စဉ် တောင်ကိုရီးယားက ကုန်ကျစားရိတ်ကို တာဝန်ယူခဲ့တာဖြစ်တဲ့အတွက် အခု မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ စင်္ကာပူမှာကုန်ကျစားရိတ်အတွက် ဘယ်သူက ခံမှာလဲဆိုပြီး မေးခွန်းတွေ ထွက်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနပြောခွင့်ရ Heather Nauert ကတော့ အမေရိကန်ပြည်ထောင်စုက ကုန်ကျခံဖို့အစီအစဉ်မရှိဘူးလို့ အင်္ဂါနေ့ ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

"အမေရိကန်အစိုးရအနေနဲ့ မြောက်ကိုရီးယားကိုယ်စားလှယ်အဖွဲ့ရဲ့ နေထိုင်စရိတ်နဲ့ တခြားကုန်ကျစားရိတ်တွေကို ကျခံမှာမဟုတ်ပါဘူး။ အိမ်ဖြူတော်ကလည်း ဒီအကြောင်းပြောခဲ့ပြီးဖြစ်ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဌာနအနေနဲ့ ညီလာခံနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေမှာ ပါဝင်ပတ်သက်ခြင်းမရှိပါဘူး။ အိမ်ဖြူတော်က အဓိက စီစဉ်တာဖြစ်ပြီး နိုင်ငံခြားရေးဌာနက ဝိုင်းပံ့ပိုးတာပါ။"

အိမ်ဖြူတော်ပြောခွင့်ရအမျိုးသမီး Sarah Huckabee Sanders က အမေရိကန်အနေနဲ့ တခြားနိုင်ငံတွေ မြောက်ကိုရီးယားကုန်ကျစားရိတ် ကျခံဖို့အတွက် မေတ္တာရပ်ခံတာမျိုးမရှိပါဘူးလို့ ရှင်းရှင်းလင်းလင်းပြောခဲ့ပြီးဖြစ်တယ်လို့ Heather Nauert ကပြောသွားခဲ့တာပါ။

ထိပ်သီးညီလာခံကျင်းပတဲ့နေရာက Capella Hotel ဖြစ်ပေမယ့် မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ အဖွဲ့တည်းမယ့်ဟိုတယ်ကတော့ တည အမေရိကန်ဒေါ်လာ ၁၆၀၀ ပေးရမယ့် ကြယ် ၅ ပွင့် Fullerton hotel ဖြစ်ပါတယ်။

အမေရိကန်သမ္မတ Donald Trumpကတော့ စင်္ကာပူမြို့ အော်ချာလမ်းရှိ Shangri La Hotel မှာ တည်းဖို့အစီအစဉ်ရှိတယ်လို့ ဝါရှင်တန်ပို့စ် သတင်းစာမှာ ဖော်ပြထားပါတယ်။ ဒီဟိုတယ်မှာ မကြာသေးခင်က အိန္ဒိယ ဝန်ကြီးချုပ် မိုဒီတာဝန်ယူကျင်းပတဲ့ ကမ္ဘာတဝှမ်း ကာကွယ်ရေးဌာန အကြီးအကဲတွေရဲ့ ညီလာခံ ကျင်းပခဲ့တာဖြစ်ပါတယ်။

အိမ်ဖြူတော်လက်ထောက်အရာရှိချုပ် Joe Hagin ဦးဆောင်တဲ့ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ဟာ မြောက်ကိုရီးယားကိုယ်စားလှယ်အဖွဲ့နဲ့ ပြီးခဲ့တဲ့ သီတင်းပတ်က စင်္ကာပူမှာ ဆွေးနွေးခဲ့စဉ် မြောက်ကိုရီးယားဘက်က အဓိက စိုးရိမ်မကင်းဖြစ်မှုက လုံခြုံရေးလို့ ဆိုပါတယ်။ လက်ရှိမှာ အမေရိကန်နဲ့ မြောက်ကိုရီးယားထိပ်သီးညီလာခံရဲ့ ကုန်ကျစားရိတ်ကို စင်္ကာပူက တစိတ်တပိုင်းကျခံမယ်လို့ ကာကွယ်ရေးဝန်ကြီး က သတင်းထောက်တွေကိုပြောခဲ့ပါတယ်။

ဒါ့အပြင် ၂၀၁၇ တုန်းက နိုဘလ်ဆုရရှိခဲ့တဲ့ ican လို့အတိုခေါ်တဲ့ နျူကလီးယားလက်နက်ဖျက်သိမ်းရေး နိုင်ငံတကာလှုပ်ရှားမှုအဖွဲ့ကလည်း သူတို့ရတဲ့ ဆုကြေးကိုသုံးပြီး ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းရှင်းရေးအတွက်ကို ထောက်ပံ့တဲ့အနေနဲ့ ညီလာခံရဲ့ စားရိတ်ကို ကုန်ကျခံဖို့ ကမ်းလှမ်းထားတဲ့အကြောင်း ican ပြောခွင့်ရ Akira Kawasaki က ကြေညာချက်ထုန်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG