သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ဒုံးလက်နက်စမ်းသပ်မှု အမေရိကန် သတိနဲ့စောင့်ကြည့်


မြောက်ကိုရီးယား မစ်ဇိုင်းဒုံးစမ်းသပ်မှု
မြောက်ကိုရီးယား မစ်ဇိုင်းဒုံးစမ်းသပ်မှု

မြောက်ကိုရီးယားက နောက်ဆုံးအကြိမ် မစ်ဇိုင်းဒုံးစမ်းသပ်မှုနဲ့ ပတ်သက်လို့ အမေရိကန် သမ္မတကို အစီရင်ခံတင်ပြထားကြောင်း အိမ်ဖြူတော်က ပြောပါတယ်။ မြောက်ကိုရီးယား ရဲ့ မစ်ဇိုင်းဒုံးကတော့ ပစ်လွှတ်ပြီးသိပ်မကြာခင်မှာပဲ ကုန်းတွင်းပိုင်းမှာ ပျက်ကျခဲ့တာပါ။

အမေရိကန်သမ္မတ အိမ်ဖြူတော် ပြန်ကြားရေးရုံးက ထုတ်ပြန်တဲ့ အကျဉ်းရုံးကြေညာချက် မှာတော့ စမ်းသပ်မှုနဲ့ ပတ်သက်လို့ ကြားသိထားကြောင်း ဖော်ပြထားပါတယ်။ အိမ်ဖြူတော်က ထုတ်ပြန်ချက် ထွက်ပေါ်လာပြီး သိပ်မကြာခင်မှာပဲ၊ တရုတ်နိုင်ငံနဲ့ တရုတ်နိုင်ငံက လူအများလေးစားခံရတဲ့ သမ္မတရဲ့ ဆန္ဒတွေကို မြောက်ကိုရီးယားက မစ်ဇိုင်းဒုံး ပစ်လွှတ်စမ်းသပ်ပြီး မထေမဲ့မြင် ပြုမူလိုက်တဲ့ ဆိုးရွားတဲ့ အပြုအမူဖြစ်ကြောင်း သမ္မတ Trump က Twitter လူမှုကွန်ယက်ကနေ မှတ်ချက်ပေး ပြောဆို ခဲ့တာပါ။

တောင်ကိုရီးယား နိုင်ငံက Yonhap သတင်းဌာနကတော့ မြောက်ကိုရီးယားက ပဲ့ထိန်း တပ် မစ်ဇိုင်းဒုံးတစင်းကို ဒီကနေ့ အစောပိုင်းမှာပဲ ပစ်လွှတ်ခဲ့ တာဖြစ်ကြောင်း ဖော်ပြပါ တယ်။ မြောက်ကိုရီးယားအပေါ် အမြန်ဆုံး အရေးယူကိုင်တွယ်ဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Rex Tillerson က ကုလသမဂ္ဂကို တိုက်တွန်းလိုက်ပြီး နာရီပိုင်း အကြာမှာပဲ မြောက်ကိုရီးယားက စမ်းသပ်မှု ပြုလုပ်ခဲ့တာပါ။

မြောက်ကိုရီးယားရဲ့ အန္တရာယ်ကြီးမားလှတဲ့ လုပ်ရပ်တွေကို စွန့်လွှတ်ဖို့ ဖိအားတွေ ထပ်ပေးဖို့ လိုအပ်သလို၊ မြောက်ကိုရီးယားက ဆိုးဆိုးရွားရွား တခုခုလုပ်မလာခင်မှာ ကြိုတင်တားဆီးဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ဝန်ကြီး Tillerson က တိုက်တွန်း ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် စစ်တပ် ပစိဖိတ်ဒေသ ကွပ်ကဲရေးတပ်ဖွဲ့ တပ်မှူး David Benham ကတော့ ပြုံယမ်းမြို့မြောက်ဖက်က Pukchang လေယာဉ်ကွင်းအနီးကနေ လွှတ်တင်လိုက်တဲ့ မစ်ဇိုင်းဒုံးဟာ မြောက်ကိုရီးယား ပိုင်နက်ကို မကျော်နိုင်ခဲ့ဘူးလို့ အတည်ပြုပြောဆို ခဲ့တာပါ။ မစ်ဇိုင်းဒုံးဟာ မြောက်အမေရိကကို ခြိမ်းခြောက်နိုင်စွမ်း မရှိဘူးလို့ မြောက် အမေရိက လေကြောင်းရန် ကာကွယ်ရေးတပ် NORAD က ဆုံးဖြတ်ခဲ့ကြောင်းလည်း တပ်မှူး Benham ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG