သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်အတွက် ကန်ဘာလုပ်ပေးနိုင်သလဲ


အမေရိကန်ပြည်ထောင်စု၊ လူဦးရေ၊ ဒုက္ခသည်နဲ့ ရွှေ့ပြောင်းနေထိုင်ခြင်းဆိုင်ရာ ယာယီလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Simon Henshaw
အမေရိကန်ပြည်ထောင်စု၊ လူဦးရေ၊ ဒုက္ခသည်နဲ့ ရွှေ့ပြောင်းနေထိုင်ခြင်းဆိုင်ရာ ယာယီလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Simon Henshaw

အမေရိကန်သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က America First အမေရိကန်ပထမဆိုတဲ့ နိုင်ငံခြားရေးမူဝါဒကို ချမှတ် ထားပေမဲ့လဲ ရခိုင်ပြည်နယ်အရေးကို အမေရိကန်အစိုးရအနေနဲ့ အလေးထား လုပ်ဆောင်နေပါတယ်လို့ နိုင်ငံခြားရေးဌာန၊ အကြီး တန်းတာဝန်ရှိသူတဦးက ပြောလိုက်ပါတယ်။ ဒီအကျပ်အတည်းကိုဖြေရှင်းရေး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရအဖွဲ့ထဲ က တခြားလူတွေအနေနဲ့ ရှေ့တိုးလုပ်ဆောင်ဖို့ အရေးကြီးတယ်လို့လဲ ပြောပါတယ်။ အမေရိကန် NPR အသံလွှင့်ဌာနနဲ့ မေးမြန်း ခန်းအတွင်း လက်ထောက်ဝန်ကြီး Henshaw ဖြေဆိုခဲ့တာတချို့ကို ကောက်နုတ်ပြီးတော့ ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

အမေရိကန်ကို ပထမဦးစားပေးအဖြစ် သတ်မှတ်တဲ့ မူဝါဒကို ချမှတ်ကျင့်သုံးနေတဲ့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်အစိုးရက ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး အလေးအနက်ထား လုပ်ဆောင်ပါ့မလားဆိုတဲ့မေးခွန်းကို အမေရိကန်ပြည်ထောင်စု၊ လူဦးရေ၊ ဒုက္ခသည်နဲ့ ရွှေ့ပြောင်းနေထိုင်ခြင်းဆိုင်ရာ ယာယီလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Simon Henshaw က အခုလို ပြန်ဖြေသွား တာပါ။

“ကျနော်တို့ အခိုင်အမာလုပ်ထားတယ်လို့ ယူဆပါတယ်။ သံအမတ်ကြီး Haley၊ နိုင်ငံခြားရေးဝန်ကြီး Tillerson နဲ့ သမ္မတအိမ်ဖြူတော်တို့က ဒီကိစ္စကို ပြောဆိုထားတာတွေရှိပါတယ်။ ဒီကိုယ်စားလှယ်အဖွဲ့ကို ကျနော်ဦးဆောင်ပြီး သွားခဲ့ပါ တယ်။ နိုင်ငံခြားရေးဝန်ကြီး နောက်သီတင်းပတ်ဆို သွားပါမယ်။ ဒါဟာ အတော်လေး အားကောင်းတဲ့ တုန့်ပြန်လုပ်ဆောင်ချက်လို့ ကျနော်ယူဆပါတယ်။”

အမေရိကန်က အများပြည်သူဝန်ဆောင်မှုမီဒီယာတွေထဲမှာ အကြီးဆုံးတခုလို့ဆိုရမှာဖြစ်ပြီး သီတင်းတပတ်ကို နားဆင်တဲ့ ပရိသတ်အရေအတွက် သန်း ၃၀ ကျော်ရှိတဲ့ NPR လို့ခေါ်တဲ့ National Public Radio အသံလွှင့်ဌာနနဲ့ သောကြာနေ့ကလုပ်တဲ့ မေးမြန်းခန်းအတွင်း လက်ထောက်ဝန်ကြီး Henshaw က အဲဒီလိုဖြေသွားတာပါ။

မစ္စတာ Henshaw ဟာ လုပ်သက် နှစ် ၃၀ ကျော်ရှိတဲ့ ဝါရင့်သံတမန်တဦးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလကုန်နဲ့ နိုဝင်ဘာ လဆန်းရက်တွေတုန်းကပဲ အမေရိကန်နိုင်ငံခြားရေးဌာန၊ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တဖွဲ့ကို ဦးဆောင်ပြီး မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကို သွားရောက်ခဲ့ပြီးတော့ ရခိုင်ပြည်နယ်အကျပ်အတည်းနဲ့ ဒုက္ခသည်အရေးတို့ကို ပြောဆို ဆွေးနွေးခဲ့ပါ သေးတယ်။ ရခိုင်ပြည်အကျပ်အတည်းအပေါ် အမေရိကန်အနေနဲ့ အများကြီး ထပ်လုပ်နိုင်ပါတယ်လို့လဲ NPR နဲ့ မေးမြန်းခန်းမှာ မစ္စတာ Henshaw က ပြောပါတယ်။

“နံပါတ်တစ်အနေနဲ့က နိုင်ငံခြားရေးဌာနအနေနဲ့ လူသားချင်းစာနာမှုအကူအညီတွေ ဆက်ပြီးပေးနေပါတယ်။ ကျနော်တို့ ဟာ ပထမဆုံး ကူညီလှူဒါန်းခဲ့တဲ့နိုင်ငံပါ။ ဘင်္ဂလားဒေ့ရှ်အစိုးရကို ပံ့ပိုးကူညီနေပါတယ်၊ ဒုက္ခသည်တွေကို ကူညီနေတဲ့ နိုင်ငံ တကာအဖွဲ့အစည်းတွေနဲ့ NGO တွေကို ပံ့ပိုးပေးနေပါတယ်။ ဖြစ်နိုင်သမျှ အကူအညီများများ ပေးနိုင်ဖို့အတွက် ရှင်းလင်းပြီး စုစည်းတဲ့အစီအစဉ်တရပ်ရှိဖို့ အစွမ်းကုန် ကြိုးပမ်းလုပ်ဆောင်နေပါတယ်။”

နိုဘဲလ်ငြိမ်းချမ်းရေးဆုရထားပြီး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် နှစ်ပေါင်းများစွာ ကြံ့ကြံ့ခံ ရင်ဆိုင် တိုက်ပွဲဝင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အစိုးရဟာ ရခိုင်ပြည်နယ်က မွတ်စလင်လူနည်းစု ဒီကနေ့ ကြုံတွေ့ခံစားရတဲ့ အခြေအနေ မျိုးထိရောက်အောင် ဘယ်လိုလုပ်ပြီး ဖြစ်ခွင့်ပေးခဲ့တာလဲဆိုတဲ့မေးခွန်းကို လက်ထောက်ဝန်ကြီး Henshaw က မြန်မာနိုင်ငံ ဖြတ်သန်းခဲ့ရတာကို ထောက်ပြပြီး ပြန်ဖြေခဲ့ပါတယ်။

“မြန်မာနိုင်ငံကိစ္စဟာ လွယ်ကူရိုးရှင်းတဲ့ အကြောင်းအရာတခုမဟုတ်ပါဘူး။ ဒီနိုင်ငံဟာ နှစ်ပေါင်း ၅၀ ကျော် အာဏာရှင် အုပ်ချုပ်ရေးအောက်ကနေ ရုန်းထွက်လာတဲ့နိုင်ငံဖြစ်ပါတယ်။ တကမ္ဘာလုံးနဲ့ သီးခြား အထီးကျန်ဖြစ်နေခဲ့တဲ့နိုင်ငံပါ။ သူတို့လုပ်နေ ရတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဟာ ခက်ခဲပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကိုင်ထားတဲ့ အရပ်သားဘက်နဲ့ အရင်ခေါင်းဆောင်တွေရဲ့ စစ်ဘက်အကြား အာဏာခွဲဝေရေးဟာ လုပ်ရကိုင်ရခက်ခဲတဲ့ လမ်းကြောင်းပါ။”

ဒါပေမဲ့လဲ ရခိုင်ပြည်အကျပ်အတည်းကနေ ဖြစ်လာတဲ့အခြေအနေတွေက ဒေါ်အောင်ဆန်းစုကြည် နှစ်ပေါင်းများစွာ ကြိုးစားရယူခဲ့ တဲ့ တိုးတက်မှုတွေကို ချေဖျက်ပစ်နေပြီး သူ့အပေါ် အများယုံကြည် လက်ခံနိုင်မှုကိုပါ ဆုံးရှုံးရတာမျိုး ဖြစ်မနေဘူးလားဆိုတဲ့ NPR ရဲ့ မေးခွန်းကိုတော့ လက်ထောက်ဝန်ကြီး Henshaw က -

“သူ့အပေါ် အများယုံကြည် လက်ခံနိုင်မှုနဲ့ပတ်သက်ပြီး ကျနော် တကယ်တမ်း မှတ်ချက်ပေးပြောဆိုနိုင်တယ်လို့ မခံစားရပါ ဘူး။ သူဟာ နှစ်ပေါင်းများစွာ နေအိမ်အကျယ်ချုပ်ချထားတာ ခံခဲ့ရပြီး တကယ့်ကိုခက်ခဲတဲ့ အခြေအနေတွေကို ရင်ဆိုင်ခဲ့တဲ့ သမိုင်းကြောင်းရှည်ကြီး ရှိထားသူပါ။ ဒါပေမဲ့လဲ သူနဲ့ အစိုးရအဖွဲ့ထဲက တခြားတာဝန်ရှိသူတွေဟာ ဒီအကျပ်အတည်းကို ဖြေရှင်း ရေး ရှေ့တိုးလုပ်ဆောင်ဖို့ အရေးကြီးတယ်လို့တော့ ကျနော်ယူဆပါတယ်။”

လက်ထောက်ဝန်ကြီး Henshaw က မြန်မာနိုင်ငံခရီးစဉ်အတွင်း စစ်ဘက်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံရတာမျိုး မရှိခဲ့ပေမဲ့ နိုင်ငံခြားရေးဝန်ကြီး Rex Tillerson နိုဝင်ဘာလ ၁၅ ရက်နေ့ မြန်မာနိုင်ငံကိုသွားတဲ့အခါမှာတော့ စစ်ဘက်ရော အရပ်ဘက် ခေါင်းဆောင်တွေနဲ့ပါ တွေ့ဆုံဖို့ရှိတယ်လို့ ပြောသွားပါတယ်ခင်ဗျား။

ဒုက္ခသည်အတွက် ကန်ဘာလုပ်ပေးနိုင်သလဲ
please wait

No media source currently available

0:00 0:04:29 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG