အမေရိကန် အမျိုးသားလုံခြုံရေးဌာန NSA ဟာ သူ့အပေါ် အညှိုးကြီးကြီးနဲ့ လိုက်လံတိုက်ခိုက်တဲ့အနေနဲ့ အရေးယူဖို့ ကြိုးစားနေသလားလို့ သမ္မတ Donald Trump က အင်္ဂါနေ့မှာ မေးခွန်းထုတ်လိုက်ပါတယ်။ ဒါဟာ သမ္မတ Trump နဲ့ အဆင်သိပ်မပြေတဲ့ အမေရိကန် ထောက်လှန်းရေးအဖွဲ့တွေကြား မကြာခဏ ထိပ်တိုက်တွေ့ဖို့ နောက်တကြိမ်ဖြစ်လာတာပါ။
အမေရိကန် အစိုးရရဲ့ အီလက်ထရောနစ် ထောက်လှန်းရေး လုပ်ဆောင်မှု အများစုကို ကိုင်တွယ်ရတဲ့ NSA အမျိုးသားလုံခြုံရေးဌာန ကို သိက္ခာမရှိတဲ့ ဌာနလို့ သမ္မတက ခေါ်ဆိုပြီး သူ့တွစ်တာကနေ ရေးသားလိုက်တာဖြစ်ပါတယ်။
အမျိုးသားလုံခြုံရေးဌာနဟာ ဖုန်းခေါ်ဆိုမှုနဲ့ ဖုန်းမှာ စာနဲ့ရေးသားတဲ့ တက်စ် မက်စေ့ခ်ျ ပေါင်း ၆၈၅ သန်းကို ဖျက်ပစ်ခဲ့ကြောင်းနဲ့ ဒါဟာ ပုဂ္ဂလိက ရပိုင်ခွင့် အခွင့်အရေးကို ချိုးဖေါက်တာလား၊ သူတို့က နည်းပညာချို့ယွင်းမှုလို့ အပြစ်ဖြစ်တယ်လို့ သမ္မတ က ရေးသားခဲ့တာပါ။ ဒါ့အပြင် သဲကြီးမဲကြီးနဲ့ ဆက်ပြီး တိုက်ခိုက်မှုတွေ လုပ်နေတယ်လို့လည်း ရေးပါတယ်။
၂၀၁၅ ခုနှစ်ကစပြီး စုဆောင်း သိမ်းဆည်းထားတဲ့ မှတ်တမ်းအချက်အလက်တွေဖြစ်တဲ့ ဖုံးနံပတ်တွေ၊ ရက်စွဲနဲ့ ခေါ်ဆိုချိန်တွေ အားလုံးကို ဖျက်ပစ်လိုက်မိတယ်လို့ NSA က ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်းက ကြေညာခဲ့တာဖြစ်ပါတယ်။
အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်က NSA အဖွဲ့ဟာ ဆက်သွယ်ရေး ဆိုင်ရာ ထောက်လှန်းရေးနဲ့ လုံခြုံရေးအတွက် တာဝန်ယူရတဲ့ အဖွဲ့ဖြစ်ပါတယ်။