သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကသည်းသူပုန် ၂၄ ဦး ထောင်ဒဏ် ချမှတ်ခံရ


ကသည်းသူပုန် ၂၄ ဦး ထောင်ဒဏ်ချမှတ်ခံရ (ဓါတ်ပုံ- citizen journalists)
ကသည်းသူပုန် ၂၄ ဦး ထောင်ဒဏ်ချမှတ်ခံရ (ဓါတ်ပုံ- citizen journalists)

အိန္ဒိယနိုင်ငံ ဗဟိုအစိုးရကို တော်လှန်နေတဲ့ လက်နက်ကိုင် ၂၄ယောက်ကို ဒီကနေ့ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးတရားရုံးကနေ မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇/၁နဲ့ တရားစွဲဆိုပြီး ထောင် ၂နှစ်စီချမှတ် လိုက်ပါတယ်။ ထောင်ဒဏ်ချမှတ်ခံရသူတွေဟာ ကသည်းလူမျိုးလက်နက်ကိုင်တွေဖြစ်ပြီး ဒီနှစ်အစောပိုင်းက နာဂဌာနချုပ်ကို တပ်မတော်က ရှင်းလင်းစဉ် ဖမ်းဆီးခံရသူတွေဖြစ်ပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းက နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN-K ဌာနချုပ်ကို တပ်မတော်က ဒီနှစ် ဇန်နဝါရီလကုန်ပိုင်းက စတင်ပြီး နယ်မြေရှင်းလင်းရာမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ အိန္ဒိယနိုင်ငံက လက်နက်ကိုင်အဖွဲ့ဝင်တွေကို ဒီကနေ့ မနက်ပိုင်းက ခန္တီးတရားရုံးကနေ စီရင်ချက် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

အိန္ဒိယသူပုန်၂၄ယောက်အပေါ် အပြစ်ဒဏ်စီရင်တဲ့အခြေအနေကို တရားရုံးကို ကိုယ်တိုင်သွားရောက်ခဲ့တဲ့ ခန္တီးမြို့ ဒေသခံတစ်ဦးက အခုလို ပြောပါတယ်။

“ ၉ရက်နေ့က ရုံးချိန်းမှာ သူတို့ကို စွဲချက်တင်တယ်။ အဲဒီနေ့က ကျနော်သွားတယ်။ စွဲချက်တင်တဲ့အခါကျ တရားရုံးကနေပြီးမှ တချို့က ဗမာစကားမတတ်ဘူး။ တတ်တဲ့သူ ၃ယောက်ပဲရှိတယ်။ သူတို့က။ တရားသူကြီးက စွဲချက်တင်တယ် ၁၇/၁ နဲ့ ။ အပြစ်ရှိလားဆို ရှိတယ်။ ရှိတယ်ဆို အကုန်လုံးက ဝန်ခံတယ်။ ဝန်ခံပြီး နောက် အခု ၁၅ရက်နေ့ ရုံးချိန်းမှာ အမိန့်ချမယ် ဆိုပြီးမှ ရုံးထုတ်ခဲ့တယ်ပေါ့။ အခု မနက် ၁၀နာရီ တရားရုံးမှာ။ တရားသူကြီးက ၁၇/၁ပုဒ်မနဲ့ ထောင်ဒဏ် ၂နှစ်စီချမှတ်လိုက်တယ်။ ၂၄ယောက်ဗျ အားလုံးပေါင်း။ ”

အိန္ဒိယ သူပုန် ၂၄ဦးကို တရားစီရင်တာနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ ဒီအမှုကို စီရင်တဲ့ ခန္တီးမြို့က တရားသူကြီးကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ တယ်လီဖုန်းနဲ့ ဖြေဆိုခွင့် မရှိကြောင်းသာ ပြန်ကြားခဲ့ပါတယ်။

စစ်ကိုင်းတိုင်းအခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) က ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးကြီး သန်းနိုင်ကို ဆက်သွယ်မေးမြန်းရာမှာတော့ အိန္ဒိယသူပုန်အဖွဲ့တွေထဲက အမှုစစ်ဆေးစီရင်ဖို့ ကျန်ရှိနေတဲ့ မရှိတော့ကြောင်း ဖြေကြားပါတယ်။

“ ကျနော်တို့ စပြီး သတင်းထုတ်ပြန်ထားကတည်းက အဖွဲ့တွေပါပဲ။ ၂၄ယောက်ပါခင်ဗျ။ ကသည်းပေါ့။ မကျန်တော့ပါဘူး။ အကုန်ပါပဲ။ ”

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ တကားကျေးရွာအနီးက နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN- K ဌာနချုပ်စခန်းမှာ အိန္ဒိယနိုင်ငံက အာသံနဲ့ ကသည်း လက်နက်ကိုင်အဖွဲ့တွေ အခြေပြုနေတယ်ဆိုတဲ့ သတင်းအရ အစိုးရတပ်မတော်က နယ်မြေရှင်းလင်းတာတွေကို ဒီနှစ် ဇန်နဝါရီလ ၂၉ရက်နေ့က စတင်ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း။ NSCN-K အဖွဲ့ဟာ ၂၀၁၂ခုနှစ်က တိုင်းဒေသကြီးအဆင့် ငြိမ်းချမ်းရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးထားပြီး ဒီသဘောတူညီချက်ကို ချိုးဖောက်ခဲ့ကြောင်းနဲ့ အိမ်နီးချင်းနိုင်ငံကို ဆန့်ကျင်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေကို လက်ခံထားတဲ့အတွက် သူတို့ ဒေသတွင်းကို နယ်မြေရှင်းလင်းရေးတွေ ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့မတ်လအတွင်းမှာတော့ NSCN- K က ခေါင်းဆောင် ၅ဦးကို တပ်မတော်က ခန္တီးမြို့မှာ ဖမ်းဆီးခဲ့ပြီး သူတို့ကိုလည်း ၁၇/၁ နဲ့ အမှုဖွင့် စစ်ဆေးနေပါတယ်။ လာမယ့် ၂၀ရက်နေ့မှာတော့ ၆ကြိမ်မြောက် ရုံးထုတ် စစ်ဆေးဖို့ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG