သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိပ်မက်တွေ အကောင်အထည်ဖော်ဖို့ အာဆီယံလူငယ်တွေကို အိုဘားမား အားပေး


အာဆီယံလူငယ်တွေနဲ့ အိုဘားမားတွေ့ဆုံ
အာဆီယံလူငယ်တွေနဲ့ အိုဘားမားတွေ့ဆုံ

လူငယ်တွေအနေနဲ့ အနာဂတ် ရည်မှန်းချက်တွေကို အိပ်မက် မက်နေရုံနဲ့ မလုံလောက်ဘဲ လက်တွေ့ အကောင်အထည် ဖော်နိုင်အောင် ကြိုးစားကြရလိမ့်မယ်လို့ အမေရိကန်သမ္မတ ဘရာ့ခ်အိုဘားမားက အရှေ့တောင်အာရှဒေသတဝှမ်း နိုင်ငံတွေက လူငယ်တွေနဲ့ လာအို နိုင်ငံမှာ တွေ့ဆုံချိန် ဒီကနေ့ ပြောဆိုသွားပါတယ်။

YSEALI လို့ အတိုကောက်ခေါ်တဲ့ အမေရိကန်အစိုးရရဲ့ အရှေ့တောင်အာရှ လူငယ့် ခေါင်းဆောင်များ မွေးထုတ်ပေးရေး အစီအစဉ်မှာ ပါဝင်တဲ့ လူငယ်တွေနဲ့ စုံညီတွေ့ဆုံပွဲမှာ သမ္မတ အိုဘားမားက - လူငယ်တွေဟာ သမိုင်းတလျှောက် တိုးတက်ပြောင်းလဲမှုတွေနဲ့ ဖွံ့ဖြိုးမှုတွေမှာ အရေးပါကြ သူတွေ ဖြစ်တယ်လို့ ပြောပါတယ်။ ပညာရေး စံချိန်စံနှုန်းတွေ တိုးတက်အောင်လုပ်ဖို့ လိုအပ်နေတာကို ထောက်ပြပြီး ဒီကနေ ရလာမယ့် အကျိုးရလဒ်တွေကို အမျိုးသားလူငယ်တွေ သာမက အမျိုးသမီးလူငယ်တွေပါ ခံစားရတာမျိုး ဖြစ်ရလိမ့်မယ် လို့လည်း ပြောသွားပါတယ်။

ကမ္ဘာကြီးမှာ အပြောင်းအလဲတွေ ဖြစ်လာအောင်လုပ်ဖို့ ဒီကနေ့ခေတ် လူငယ်မျိုးဆက်တွေဟာ အရင်ကရှိခဲ့တဲ့ မျိုးဆက်တွေအားလုံးထက် ပိုပြီး အခွင့်အလမ်း ရထားသူတွေဖြစ်တာကြောင့် ဘယ်တော့မှ စိတ်ဓါတ် မကျဘဲ ရတဲ့အခွင့်အရေးကို အမိအရ ဆုပ်ကိုင်သွားနိုင်လိမ့်မယ်လို့ သူ မျှော်လင့်တဲ့ အကြောင်းလည်း သမ္မတ အိုဘားမားက ပြောသွားပါတယ်။

လူငယ်တွေရဲ့ မေးခွန်းတွေကို ပြန်လည် ဖြေကြားတဲ့အခါမှာတော့ သမ္မတ အိုဘားမားက - နောက်တက်လာမယ့် အမေရိကန် သမ္မတအနေနဲ့ သူ့ရဲ့ အာရှပစိဖိတ်ဒေသနဲ့ တိုးမြင့် ထိတွေ့ဆက်ဆံရေး မူဝါဒကို ဆက်လက် ကိုင်ဆွဲသွားလိမ့်မယ်လို့ မျှော်လင့်ကြောင်းနဲ့ ပစိဖိတ်ရပ်ဝန်းဒေသ နိုင်ငံတွေအကြား ကုန်သွယ်ရေး သဘောတူညီချက် TPP ကို ကွန်ဂရက်လွှတ်တော်က အတည်ပြုပေးလိမ့်မယ်လို့ ယုံကြည်ကြောင်းလည်း ပြောဆိုသွားပါတယ်။

ဇန်နဝါရီလမှာ သူ့ရဲ့ သမ္မတတာဝန်တွေ ပြီးဆုံးပြီး နောက်ပိုင်းမှာလည်း လူငယ်တွေနဲ့ ဆက်ပြီး လက်တွဲ အလုပ်လုပ်သွားဖို့ စီစဉ်ထားတယ်လို့လည်း သမ္မတအိုဘားမားက ပြောဆိုသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG